မန္တလေးတိုင်းထဲက သပိတ်ကျဉ်း၊ စဉ့်ကူး၊ မတ္တရာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သပိတ်ကျဉ်းမြို့အဝင်အနီးက လေးမိုင်ကံသာ၊ ငါးမိုင်နဲ့ ခြောက်မိုင်ရွာတွေမှာ ဒီရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းဒေသခံတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ သပိတ်ကျဉ်းမြို့ကို ပြီးခဲ့တဲ့လပိုင်းမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် ပြန်လည်သိမ်းယူခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့ပေါ်ကအစိုးရရုံးတွေကို ပြန်လည်ထိန်းချုပ်ထားခဲ့ပါတယ်။

တစ်ဖက်မှာတော်လှန်ရေးတပ်တွေကလည်း သပိတ်ကျဉ်းမြို့နယ်ရဲ့ ကျေးလက်အများစုကို ထိန်းချုပ်ထားပြီး ဝန်းရံပိတ်ဆို့ထားတာပါ။

ဒီလဆန်းပိုင်းမှာ စစ်ကောင်စီတပ်ဟာ သပိတ်ကျဉ်း-စဉ့်ကူး၊ မတ္တရာ-စဉ့်ကူး လမ်းပိုင်းတွေ ပြန်ပွင့်ဖို့ ထိုးစစ်ဆင်လာပြီး လေကြောင်းကရော မြေပြင်ကလက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“မနေ့ကလည်း သပိတ်ကျဉ်းမြို့နယ် တွင်းငယ်ရွာအခြေစိုက် တကက (၁၃) အနီးတစ်ဝိုက်ကို လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲခဲ့တယ်။ ခြောက်မိုင်၊ ခုနစ်မိုင်ဘက်တွေလည်း ဗုံးကြဲသွားတယ်” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့အထွက် မတ္တရာ-စဉ့်ကူး ကားလမ်းပိုင်းမှာလည်း ဒီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး လက်နက်ကြီးနဲ့လည်း နေ့စဉ်ပစ်ခတ်နေတယ်လို့ မတ္တရာ ဒေသခံတချို့က ပြောပါတယ်။

မန္တလေးမြို့ရဲ့ ၁၀ မိုင်အကွာခန့်မှာရှိတဲ့ ထန်းပင်ကုန်းရွာ၊ မြကံသာရွာနဲ့ သရက်ကိုင်းရွာတို့က စစ်ကောင်စီတပ်စခန်းတွေကို PDF တပ်တွေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇူလိုင်လ တတိယအပတ်မှာ တိုက်ခိုက်ပြီး သိမ်းယူခဲ့ပါတယ်။

ဒီလဆန်းမှာတော့ ဒီကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း ကျေးရွာတချို့ကို ပြန်လည်လက်လွှတ်လိုက်ရပါတယ်။

မတ္တရာဘက်ကိုတော့ စစ်ကောင်စီတပ်က ပျူစောထီးတပ်တွေပါဝင်တဲ့ စစ်ကြောင်းတွေ ပို့လွှတ်နေပြီး လက်နက်ကြီးနဲ့လည်း နေ့တိုင်းနီးပါးပစ်ခတ်နေတယ်လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။

“မတ္တရာမြို့ပေါ် ဘောလုံးကွင်းမှာထိုင်ထားတဲ့ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်တယ်။ မြေပြင်တော့ ဘယ်လိုအခြေအနေရှိလဲမသိဘူး။ လက်နက်ကြီးပစ်တာတော်တော်များတယ်။ ဒီတစ်ပတ်လုံးကို ဆက်တိုက်ကိုပစ်နေတာပဲ” လို့ ၎င်းဒေသခံက ပြောပါတယ်။

အလားတူ မြင်းခြံခရိုင် နွားထိုးကြီးနယ်ထဲမှာလည်း ဒေသတွင်း တော်လှန်ရေးတပ်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။

မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်းက နွားထိုးကြီး PDF တပ်တွေနဲ့ မဟာမိတ်တွေစိုးမိုးထားတဲ့ သစ်ပင်ရှည်၊ သမုန်းကိုင်း၊ မျောက်ကုန်းရွာတွေကို ဒီလဆန်းပိုင်းမှာ စစ်ကောင်စီဘက်က ပျူစောထီးတပ်တွေနဲ့ အင်အားအများအပြားစစ်ကြောင်းထိုးခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ကာ တော်လှန်ရေးတပ်တွေဘက်က စိုးမိုးနယ်မြေတချို့ ဆုတ်ခွာပေးလိုက်ရတာရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ရှမ်း-မန်းစစ်ဆင်ရေးနဲ့အတူ မြင်းခြံခရိုင် တော်လှန်ရေးတပ်တွေဟာ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲက စစ်အုပ်စုရဲ့ အထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကျေးလက်နေရာတွေကိုလည်း နယ်မြေစိုးမိုးထားနိုင်တာပါ။

ဒါ့အပြင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေ ရဲကင်းစခန်းတွေ ရွာတွေကို ပြီးခဲ့နှစ်လယ်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အဖြစ် တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်လိုက်ရတဲ့ မြို့တွေကို ပြီးခဲ့တဲ့လပိုင်းတွေမှာ အင်အားသုံး ထိုးစစ်ဆင်လာနေပြီး နောင်ချိုနဲ့ မိုးဗြဲမြို့တွေကို စစ်ကောင်စီက တော်လှန်ရေးတပ်တွေလက်ထဲက ပြန်သိမ်းယူခဲ့ပါတယ်။

ပုံစာ – မန္တလေးတိုင်းမှာလှုပ်ရှားနေတဲ့ Mdy-PDF တပ်ဖွဲ့ဝင်တချို့

ဓါတ်ပုံ – Mdy-PDF

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *