တာမွေတွင် ဘတ်စ်ကားစောင့်နေသော လူငယ် ၅ ဦးကို စစ်တပ်ဖမ်းသွား

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ဘတ်စ်ကားစောင့်နေသော အမျိုးသား၅ဦးကို စစ်တပ်က ကား ပေါ်ဆွဲတင်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့(ဩဂုတ်၈ရက်)နံနက်၅နာရီခွဲခန့်တွင် တာမွေမြို့နယ်၊ အာယုဆေးရုံရှေ့ အခွန်လွတ်ဈေး ကားမှတ်တိုင်၌ လူငယ် ၅ ဦး ဘတ်စ်ကားစောင့်နေစဉ် စစ်ကား ၂ စီးဖြင့် စစ်သားများ ရောက်လာ ကာ ကားပေါ်ဆွဲတင်သွားပြီး ရာပြည့်ဈေးဘက်သို့ မောင်းသွားကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။

“ချောင်းပြီး စစ်မှုထမ်းအတွက် ဖမ်းသွားတဲ့သဘောပါဗျ။ ရှစ်လေးလုံးနေ့မို့ မသင်္ကာသမျှ ရမ်းသန်းဖမ်းနေတာလည်း ဖြစ်နိုင်ပါတယ်”ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

စစ်သားများသည် ကားမှတ်တိုင်ရှိ လူငယ်များကို ဖမ်းဆီးရန် ကြိုတင်ကြံရွယ်ထားပုံရကြောင်း တာမွေဗလီအနီးနေ ပြည်သူတစ်ဦးက ဆိုသည်။

“မြင်တဲ့သူတွေ ပြောတာကတော့ အဲမှတ်တိုင်နားမှာ သူတို့(စစ်တပ်)လူတစ်ယောက်ရှိနေတယ်။ အဲ ကောင်က ဖုန်းဆက်ပြီး ၅မိနစ်မကြာဘူး။စစ်ကားတွေ ဝုန်ဒိုင်းကြဲပြီး အမြန်ရောက်လာတယ်ဆိုတော့ မှတ်တိုင်ကလူတွေ လိုင်းကားပေါ်တက်သွားမှာစိုးလို့ ကားအမြန်မောင်းလာတယ်ထင်တယ်။ဖမ်းမလို့ မှတ်တိုင်နဲ့ မလှမ်းမကမ်းမှာ စစ်သားတွေ ကြိုစောင့်နေတာ။စစ်မှုထမ်းအတွက် ဖမ်းတာပါ”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံ လူငယ်များသည် ထမင်းချိုင့်ကိုယ်စီဖြင့် အလုပ်သွားရန် လိုင်းကားစောင့်နေကြပုံရပြီး ၎င်းတို့၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးကြောင်း Rangoon Scout Network က ဆိုသည်။

Photo: စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် အစောပိုင်းကာလများတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခဲ့စဉ်

Comments

Leave a Reply

Your email address will not be published. Required fields are marked *