စစ်အုပ်စုဘက်မှ အယောက် ၇၀ ဝန်းကျင် ထိခိုက်သေဆုံးထား..

မကွေးတိုင်း၊ အောင်လံခရိုင်အတွင်းက အောင်လံနဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကော်မရှင်ဘက်က အယောက် ၇၀ နီးပါး ထိခိုက်သေဆုံးထားကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကစလို့ နေပြည်တော်ကနေ မကွေးတိုင်းအရှေ့ခြမ်း၊ ပဲခူးရိုးမပေါ် ထွက်ခွာလာတဲ့ အင်အား ၆၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ အောင်လံနဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေဆီ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ကိုးပင်-သာဂရလမ်းပိုင်းကို အသုံးပြုရင်း ရိုးမထဲဝင်ရောက်ခဲ့သလို လက်ရှိမှာတော့ ရိုးမဖြတ်လမ်းဘေးတစ်လျှောက် ကျေးရွာတွေဆီ ဝင်ရောက်နေကြောင်း အောင်လံမြို့ မြေပြင်စစ်ရေးသတင်းက ဖော်ပြပါတယ်။

အောင်လံပကဖရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်မိုင်းဆွဲတာတွေအပြင် ထိပ်တိုက်ရင်ဆိုင်ခုခံတာမျိုးတွေပါ လုပ်ဆောင်ခဲ့ပြီး နင်းမိုင်း၊ ဆွဲမိုင်းတွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံ အမှတ် ၉၀၂ တပ်ရင်းနဲ့ အမှတ် ၈၀၄ တပ်ရင်းတို့အပြင် သရက်ခရိုင်တပ်ရင်း ၁ နဲ့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းအချို့ကို လက်လွှတ်ထားရကြောင်းနဲ့ စစ်ကြောင်းတွေ ဆက်လက်ဝင်ရောက်နေဆဲဖြစ်တာကြောင့် အရပ်သားတွေဘက်က စစ်ကြောင်းတွေ အနီးအနား မနေကြဖို့ အောင်လံပကဖက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ရက်နေ့ကလည်း ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်းလာသယ်တဲ့ စစ်ကားတွေကို ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြောင်ဂိတ်နဲ့ ဝါးစေ့မြောင်ဂိတ်ကြား လမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၃၁ရက်နေ့မှာလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရဲစခန်းကနေ တက်လာတဲ့ ရဲကား ၁စီးကို ကိုးပင်နဲ့ သာစည်ဂိတ်ကြား လမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးတပ်တွေက ထပ်မံမိုင်းဆွဲခဲ့ရာမှာတော့ ရဲကား ပျက်စီးပြီး ကားပေါ်ပါတဲ့ ရဲတွေ သေဆုံးခဲ့ပါသေးတယ်။

ပုံစာ – နေပြည်တော် တပ်ရင်း ၈၀၄ တပ်ဖွဲ့ဝင်များ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *