တခါက ရှစ်လေးလုံး (၁)
ထိုတည
8.8.88 ည
ရန်ကုန်မြို့တော်ခန်းမရှေ့
တဖွဲဖွဲရွာနေသောရန်ကုန်မိုးက ခုတော့ဖြင့်သူမဟုတ်တော့သလို ရုတ်ချဉ်းတိတ်သွားခဲ့ပြီ။
အချိန်က ညဆယ်နာရီကျော်။
ညနေထဲက မိုးတဖျောက်ဖျောက်ကျနေပေမင့် ကြည့်လေလေရာ အရပ်ရှစ်မျက်နှာ လူတို့ဖြင့်ပြည့်ကျပ်လို့နေသည်။
အနီးစပ်ဆုံးဥပမာပြုရသော် လူပင်လယ်။
သံဃာတော်များ ကျောင်းသားများ အရပ်သားပြည်သူများ အားလုံး၏မျက်နာတွင် တက်ကြွခြင်းစိတ်အားထက်သန်ခြင်းတို့အတိ။
ဆူးလေဘုရားပါတ်လည် မဟာဗန္ဓုလပန်းခြံအတွင်းမြို့တော်ခန်းမရှေ့
ဧမာနွေလဘုရားကျောင်းရှေ့နှင့် မဟာဗန္ဓုလလမ်းပေါ် ရှိရှိသမျှနေရာမှန်သမျှလူတို့ဖြင့်သဲသဲလှုပ်လှုပ် အုတ်အုတ်ကျွက်ကျွက် ဆူညံ့လို့နေ၏။
လက်ခုပ်သံများ ကြွေးကျော်သံများကလည်းညံမစဲ။
မြို့တော်ခန်းမဝင်းအတွင်းစ-စ်တပ်ကအသင့်နေရာယူထားကြသော်လည်း ဝင်းအပြင်ဖက် စည်းရိုးနှင့်ကပ်လျှက်မှာတော့ သံဃာတော်များကျောင်းသားများက ယာယီစင်မြင့်ငယ်တို့တွင် တယောက်ဆင်းတယောက်တက်တရားဟောလို့နေကြ၏။
ယာယီစင်ငယ်လေးများပေါ်က တရားဟောသူများကလည်းအားနှင့်မာန်နှင့် စင်အောက်မှပရိတ်သတ်ကလည်းညနေကတည်းက မိုးတဖွဲအောက်မှာပင်ဇွဲမာန်အပြည့်ဖြင့်အားပေးလျှက်။
ဆူးလေဘုရားအရှေ့ဖက်ခြေရင်း ညအချိန်မို့ပိတ်ထားသောနာရီပြင်ဆိုင်ရှေ့ကပ်လျှက် ပလက်ဖေါင်းပေါ်ရှိအုတ်ခုံပေါ်မှ တက်ကြည့်နေသောကျနော့်အဖို့
ပါတ်ဝန်းကျင်မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။
လူတို့သည်တိုးမပေါက်။
ကြည့်လေလေရာ လူတွေလူတွေ။
ကျနော်နှင့်ရှေ့တူရှူ မဟာဗန္ဓုလလမ်းတလျှောက် ပန်းဆိုးတန်းလမ်းထိပ်ထိလည်း လူတို့ဖြင့်ပြည့်ကျပ်လို့နေ၏။
ထိုပြည့်ကျပ်နေသော လူအစုအဝေးတွင်းသို့ ရန်ကုန်မြို့ မြို့နယ်အသီးသီးမှ စုဝေးချီတက်လာသူတို့ကလည်း ယခုချိန်ထိဝင်ရောက်လာကြတုန်းပင်။
ထိုထိုသောစုဝေးရောက်ရှိနေကြကုန်သော ရန်ကုန်သူရန်ကုန်သားအပေါင်းတို့သည် သမိုင်း၏ စာမျက်နှာတခုကိုရေးသားနေကြခြင်းဖြစ်ကြောင်းထိုစဉ်ကသူတို့မသိခဲ့ကြ။
ခနအကြာထမင်းထုပ်နှင့်ရိက္ခာများတင်လာသောမော်တော်ကားများဝင်လာရာ အသံချဲ့စက်မှတဆင့်လမ်းရှင်းပေးရန်ဆော်ဩသံကိုကြားရ၏။
ပါလာသောထမင်းထုပ်များကို မြို့တော်ခန်းမဝင်းအတွင်းရှိ ထမင်းမစားရသေးသော စ-စ်သားများကိုပါလူထုကဝေငှပေးရာ လက်ခံကြ အပြန်အလှန်ပြောဆိုနေကြသဖြင့် အခြေအနေကောင်းသည့်ပုံပင်။
ရပ်နေရာမှ ဗဟိုတရားရုံးနာရီစင်ကြီးကိုလှမ်းကြည့်လိုက်တော့ညဆယ့်တစ်နာရီထိုးခါနီးနေပေပြီ။
အမေစိတ်ပူနေရှာရော့မည် အိမ်ပြန်မှဖြစ်မည်။
လူအုပ်ကိုတိုး၍အိမ်ပြန်ရန်ထွက်လာခဲ့သည်။

မှောင်စပျိုးကတည်းက မိုးရွာထဲရပ်နေခဲ့သည်မို့ ခုတော့ချမ်းလည်းချမ်း ပန်းလည်းပန်းပြီ။
အိမ်ရှိရာလမ်းနှစ်ဆယ်သို့အပြန် မဟာဗန္ဓုလလမ်းတလျှောက် လူတို့မအိပ်ကြသေး။
လမ်းထိပ်များတွင်ရုံးစုရုံးစု စုဝေးလျှက်။
ဝေဖန်ကြလျှက်။ စကားတင်းတွတ်ထိုးကြလျှက်။
ဘာဆက်ဖြစ်လာမည်မှန်းမသိသော အခြေအနေကိုမှန်းဆကြရင်း ရန်ကုန်မြို့ကြီးအိပ်နိုင်သေးပုံမပေါ်။
ယနေ့ညသည်လည်း ယခင့်ယခင်ညများလိုပင်ရန်ကုန်မြို့ကြီးအတွက် ညတာရှည်အုန်းမည့်ပုံပင်။
လမ်းနှစ်ဆယ်အောက်လမ်းရှိအိမ်အရောက် အမေ့ကိုပြန်ရောက်ကြောင်းပြောပြီး အိပ်ရာဝင်ခဲ့သည်။
အိပ်ယာထဲရောက်လို့ သိပ်မကြာလိုက်သည့်အချိန်မှာပင် ပေါ်ထွက်လာသည်က ေ_နပ်သံများ။
တတောင့်ချင်းကော အတွဲလိုက်ပါပစ်ခတ်သံများဖြစ်လေ၏။
ရန်ကုန်မြို့ကြီး မကြားချင်ဆုံးသော အသံများပင်။
အိမ်မှထွက်လို့ မဟာဗန္ဓုလလလမ်းထိပ်ရှိရာအပြေးအလွှားလာခဲ့မိတော့ လမ်းထိပ်တွင်လည်းမြို့တော်ခန်းမဖက်ဆီ လှမ်းမျှော်နေသောလူတို့ဖြင့်ပြည့်လျှက်။
ပထမတော့လူသံသူသံများကို စတင်ကြားရ၏။
တခနတွင်းမှာပင် ဆူးလေဘုရားဖက်မှမဟာဗန္ဓုလလမ်းအတိုင်း ဒဏ်ရာရသူများ ေ_ဆုံးသူများကိုထမ်းပိုးလျှက် အပြေးအလွှားလာနေကြသော
လူအုပ်ကြီး။
ထမ်းပိုးလာသောဒဏ်ရာရသူများတွင် သက္က်န်းရောင်ကြောင့် သံဃာတော်အချို့လည်းပါပုံရသည်။
အပြေးအလွှားလာနေကြသော အချို့သူတို့ခန္ဓာကိုယ်တွင်လည်း ေ-သွး တို့ဖြင်ပေကျံလို့နေ၏။
“ပ-စ်ကုန်ပြီ ပ-စ်ကုန်ကြပြီ”
“ေ_ကုန်ကြပြီ ေ_ကုန်ကြပြီ”
“ရက်စက်လိုက်ကြတာ ရက်စက်လိုက်ကြတာ”
အပြေးအလွှားလာသူများထံမှ တယောက်ပေါက်အော်ဟစ်လာသံများကလည်း ကြေကြေကွဲကွဲဆို့ဆို့နှစ်နှစ်။
ကျနော်တို့ရပ်ကွက်တွင်းမှ လူငယ်အချို့ကလည်း ေ_ဆုံးဒဏ်ရာရသူများကို ဝင်ရောက်ကူညီထမ်းပိုးရင်းအတူပါသွားကြသည်။
သူတို့ဦးတည်ရာကား လမ်းမတော်လမ်းဖက်ရှိ သရက်တောကျောင်းတိုက်နှင့်မျက်နှာချင်းဆိုင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနဆီသို့။
လမ်းတလျှောက်ရပ်ကွက်များမှကျန်ခဲ့သူ လူထုပရိတ်သတ်မှာတော့ ညကြီးသန်းခေါင်ငိုသူကငို အော်ဟစ်၍-ဲသူက-ဲ တောက်ခေါက်သူကတောက်ခေါက် အားလုံးပေါက်ပေါက်ကွဲကွဲ။
ကျနော်ကိုယ်တိုင်ပင် ခြေလက်တို့အေးစက်ခါအာခေါင်တို့သည်ခြောက်သွေ့
လျှက်။
ရန်မကုန်သေးသည့်ရန်ကုန် ေ-သွးစွန်းခဲ့ရပြန်ချေပြီ။
နိုင်ငံ၏သမိုင်းစာမျက်နှာများတွင်လည်း ေ-သွးတို့ဖြင့် စွန်းပေနေသောစာမျက်နှာတရွက်တိုးလာခဲ့ခြင်းပင်။
နောက်မှသိရသည်မှာ ကျနော်ထွက်ခွါလာခဲ့ပြီးတနာရီခန့်အကြာတွင် ဘရင်းကယ်ရီယာ(စက်ေ_နပ်တပ်ဆင်ထားသောသံချပ်ကာယာဥ်)များအပါအဝင် နောက်ထပ်စစ်ယာဉ်တန်းတခုရောက်လာသည်ဆို၏။
လူထုကအဝင်မခံပဲ ပိတ်ဆို့ဆန္ဒပြကြသည်။
ခနအကြာမှာပင်ပစ်ခတ်မှုစတင်ခဲ့လေသည်။
ဧမာနွေလဘုရားကျောင်းဖက်နားရှိနေသော အောင်သန်းဦး(အရိုင်း)တို့အုပ်စု ပန်းဆိုးတန်းဖက်အပြေးမြန်၍လွတ်ခဲ့သော်လည်း အိမ်ပြန်အရောက်ဖိနပ်မပါတော့ကြောင်းနောင်မှသိရသည်။
ပြေးရင်းလွှားရင်း အဖုံးမရှိသောလမ်းဘေးမြောင်းထဲပြုတ်ကျ၍ ကျိုးပဲ့သူတွေလည်းမနည်းမနော။
ဗိုလ်တထောင်ဖက်တွင်နေသော ကျနော့်အသိ ကစ္စနားခေါ်ကု_ားလေးတယောက်ပြေးရင်းချော်အလဲ လူအုပ်တက်နင်းခံရ၍နံရိုးတချေင်းအက်သွားရာ နောက်နေ့တွင်မှခေါ်၍ တရုတ်ဆေးစည်းပေးခဲ့ရသည်။
ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်ကုရေးဌာနအဖို့သမိုင်းတွင်အောင်အလုပ်များခဲ့သော ညတညဖြစ်ခဲ့ရပေပြီ။
အိမ်စောစောပြန်ခဲ့ဖို့မှာသော အမေ့စကားနားထောင်မိခဲ့၍ သေဘေးအနာတရဘေးမှလွတ်ခဲ့ရခြင်းပင်။
ထိုနေ့က ရန်ကုန်ညသည် ကျနော်အပါအဝင်ရန်ကုန်သူရန်ကုန်သားတို့အဖို့ ရှည်လျှားလွန်းခဲ့သည်။
ေ-ွးစွန်းသောယနေ့ညဖြစ်စဉ်၏ မြစ်ဖျားခံရာသည်လည်း ရှည်လျှားသောယနေ့ညထက် အဆပေါင်းများစွာပို၍ရှည်လျှားခဲ့ပါသည်။
ယင်းဖြစ်စဉ်တို့အစပြုရာသည်ကား…
ဇင်ဝိုင်း
၂၅.၇.၂၀၂၅

Leave a Reply