မန္တလေးမြိုအနီး မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှာ စစ်အုပ်စုက ဦးစီး ကျင်းပတဲ့ တောင်ပြုံးပွဲတော်အတွင်း ပျူစောထီးတွေက နတ်နန်းထဲအထိ ဝင်ရောက်နေရာယူ ကြီးစိုးထားတယ်လို့ ဒေသခံတွေနဲ့ ပွဲတော်သွားရောက်ခဲ့သူတွေက ပြောပါတယ်။
ပွဲကျင်းပတဲ့ တောင်ပြုံးကြီးရွာက လူငယ်လူရွယ် အများစုဟာ စစ်အုပ်စု သစ္စာခံ ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်ကြပြီး ကျေးရွာအတွင်း ပျူစခန်း မရှိပေမယ့် ပျူဂိတ်တွေ ရှိကာ မှတ်ပုံတင်ပြ၊ တခါတရံ ငွေပေးပြီးမှ ရွာထဲဝင်လို့ရတယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှာ အနော်ရထာမင်း တည်ထားကိုးကွယ်တဲ့ သမိုင်းဝင် ဆုတောင်းပြည့် ဆုတောင်းရ ဘုရားပွဲတော်နဲ့ တောင်ပြုံးအရှင်နှစ်ပါး ပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်ကနေ ဝါခေါင်လပြည့်နေ့အထိ (ဩဂုတ် ၁ရက်ကနေ ၈ရက်အထိ) ရှစ်ရက်ကြာ ကျင်းပတာ ဖြစ်ပါတယ်။
ယခုနှစ် တောင်ပြုံးပွဲတော်ကို လာရောက်လည်ပတ်သူတွေ စည်ကား များပြားပြီး အရင်နှစ်တွေထက် ပိုမို စည်ကားတယ်လို့ ပွဲတော်သွားရောက်ခဲ့သူတွေက ပြောပါတယ်။
စစ်အုပ်စုနဲ့ပျူတွေ ထင်တိုင်းကျဲ ကြီးစိုးသောင်းကျန်းနေပေမယ့် ဩဂုတ်လ ၈ရက် မနေ့က ဝါခေါင်လပြည့် ပွဲတော် နောက်ဆုံးနေ့မှာ တောင်ပြုံးပွဲကို လာရောက်လည်ပတ်သူတွေ တိုးမပေါက်အောင် စည်ကားတယ်လို့ ဆိုပါတယ်။
မတ္တရာနယ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားနေကာ စစ်အုပ်စုက နေ့စဉ်လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထုလို့ တောင်ပြုံးအနီး ကျေးရွာတွေက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ တိုက်ပွဲဖြစ်တာကြောင့် တောင်ပြုံးပွဲကို မကျင်းပနိုင်တဲ့ နှစ်တွေ ရှိသလို အကျဉ်းချုံး ကျင်းပတာတွေလည်း ရှိခဲ့ပြီး ၂၀၂၃ က စလို့ စစ်အုပ်စုက တောင်ပြုံးပွဲကို နှစ်စဉ် ပြန်လည် ကျင်းပနေတာ ဖြစ်ပါတယ်။


Leave a Reply