အမေရိကန်သမ္မတကို တရားစွဲခဲ့သည့် ခရိုနီသူဌေးသမီး သိမ့်ဝင်းထက်နှင့် သူမအပေါ် အမေရိကန်ပိတ်ဆို့ဒဏ်ခတ်မှု၏ အကျိုးသက်ရောက်မှုများ
ခေတ်သစ်သတင်းဌာနမှ လက်ခံရရှိထားသော အမေရိကန်တရားရုံး မှတ်တမ်းများအရ အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ချမှတ်ခဲ့သော ပိတ်ဆို့ဒဏ်ခတ်မှုများသည် မြန်မာထိန်တန်းခရိုနီ သဌေးကြီး ရွှေဗျိုင်းဖြူကုမ္မဏီပိုင်ရှင် သိန်းဝင်းဇော်၏သမီးဖြစ်သူ သိမ့်ဝင်းထက်၏ အနောက်နိုင်ငံများတွင် ဇိမ်ခံဘဝဖြင့် ဖြတ်သန်းနေမှုအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိခဲ့ကြောင်း ဖော်ပြနေသည်။
သိမ့်ဝင်းထက်၏ ဖခင်ဖြစ်သူ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဌ သိန်းဝင်းဇော်သည် မြန်မာစစ်တပ်နှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိသူဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ ဒစ်ဂျစ်တယ် နှင့် လူ့အခွင့်အရေး ဖိနှိပ်မှုများကြောင့် နော်ဝေဆက်သွယ်ရေးကုမ္ပဏီကြိး တယ်လီနော မြန်မာနိုင်ငံမှ ထွက်ခွာသွားရာ သိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီသည် စစ်ကောင်စီ၏ ထောက်ခံမှုဖြင့် အဆိုပါ တယ်လီနော မြန်မာ (Telenor Myanmar) ကို ဝယ်ယူခဲ့ပြီး Atom အဖြစ် အမည်ပြောင်းကာ ဆက်လက်လုပ်ကိုင်ခဲ့သည််။
သိန်းဝင်းဇော်သည် ကုမ္ပဏီကို Atom အဖြစ်ပြောင်းလဲပြီးနောက်ပိုင်း စစ်အုပ်စုက စေခိုင်းထားသော စောင့်ကြည့်ထောက်လှမ်းရေး စက်ကရိယာများနှင့် ဆော့ဝဲလ်များကို တပ်ဆင်ကာ စစ်တပ်၏ ပြည်သူလူထုကို စောင့်ကြည့်ဖိနှိပ်မှုများတွင် အလိုတူအလိုပါ ပါဝင်လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလအရောက်တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်အုပ်စုနှင့် နက်ရှိုင်းသောစီးပွားဆက်ဆံရေးရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် Atom Myanmar ဆက်သွယ်ရေး ကုမ္ပဏီများကို ပိုင်ဆိုင်သော သိန်းဝင်းဇော်၊ ဇနီး တင်လတ်မင်းနှင့် သားသမီးများဖြစ်ကြသော သိမ့်ဝင်းထက်နှင့် ဝင်းပိုင်ကျော်တို့ကို အရေးယူပိတ်ဆို့ခဲ့သည်။
အမေရိကန်ပြည်ထာင်စုသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းတွင် ၄င်းတို့၏ပိတ်ဆို့စာရင်းမှ သိန်းဝင်းဇော်၏ ဇနီးဖြစ်သူ တင်လတ်မင်းအား ဖယ်ရှားပေးခဲ့သော်လည်း သိန်းဝင်းဇော်၊ သမီး သိမ့်ဝင်းထက်နှင့် သားဖြစ်သူတို့ကိုမူ တားမြစ်ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ဆက်လက်ထည့်သွင်းထားခဲ့သည်။
ထိုသို့ အမေရိကန်အစိုးရ၏ ပိတ်ဆို့ခံထားရချိန်တွင် ပြင်သစ်နိုင်ငံတွင် ကျောင်းတက်နေသော သိမ့်ဝင်းထက်သည် ၎င်းအပေါ် လုပ်ပိုင်ခွင့်ကျော်လွန်ကာ ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်အစိုးရ (သမ္မတ ဘိုင်ဒန်) ကို ယမန်နှစ်က တရားစွဲဆိုခဲ့သည်။ ထိုသို့စွဲဆိုပြီးမကြာမီ အမေရိကန်အစိုးရ အပြောင်းအလဲဖြစ်ခဲ့သည့်အတွက် တရားရုံးက စွပ်စွဲခံရသူနေရာတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ထည့်သွင်းကာ အမှုကိုဆက်လက်စစ်ဆေးခဲ့သည်။

သို့သော် အမေရိကန်တရားရုံးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အဆိုပါစွပ်စွဲတရားစွဲဆိုမှုအား ကျိုးကြောင်းညီညွတ်မှုမရှိသောအမှုအဖြစ် သတ်မှတ်ကာ အမှုကိုပယ်ချခဲ့သည်။ ခေတ်သစ်မှ လက်ခံရရှိထားသော တရားရုံးမှတ်တမ်းများသည် သိမ့်ဝင်းထက်၏ အမေရိကန်သမ္မတ ဘိုင်ဒန် နှင့် ဒေါ်နယ်ထရမ့်တို့ကို တရားစွဲဆိုခဲ့ပြီး ရှုံးနိမ့်ခဲ့သည့် အဆိုပါအမှုမှ တရားရုံးမှတ်တမ်းများလည်းဖြစ်သည်။
၂၀၂၄ ခုနှစ် မေလက တရားရုံးသို့ တင်သွင်းခဲ့သော စာရွက်စာတမ်းများအရ အမေရိကန်၏ ပိတ်ဆို့မှုသည် သိမ့်ဝင်းထက်၏ ကိုယ်ရေးကိုယ်ထာ၊ ပညာရေးနှင့် ငွေကြေးဆိုင်ရာများအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်စေခဲ့ပြီး သူမ၏ ပညာသင်ယူမှုနှင့် အခြေခံလိုအပ်ချက်များ ဝယ်ယူဖြည့်ဆည်းရန် ငွေကြေးလွှဲပြောင်းမှုများအပေါ် ပြင်းထန်စွာ ထိခိုက်စေခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ထိုပိတ်ဆို့အရေးယူမှုကြောင့်ပင် သူမ ယခင်ကရရှိခဲ့သော ယာယီကာကွယ်စောင့်ရှောက်မှုသတ်မှတ်ချက်(Temporary Protected Status)အရ အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခွင့်ကို ဆုံးရှုံးသွားခဲ့သလို၊ ဆက်လက်ပညာကြားသင်ခွင့် ဆုံးရှုံးသွားခဲ့ပြီး၊ ဘဏ်အကောင့်များနှင့် ကျန်းမာရေးဆိုင်ရာမှတ်တမ်းများ ရယူအသုံးပြုခွင့်များပါ ဆုံးရှုံးသွားခဲ့ကြောင်း ဖော်ပြပါရှိသည်။
သိမ့်ဝင်းထက်သည် နယူးယောက်ရှိ Columbia University တွင် Enterprise Risk Management ဘာသာရပ်ဖြင့် မဟာဘွဲ့ ဆက်လက်သင်ယူနေစဉ် ထိုသို့ပိတ်ဆို့ခံရမှုကြောင့် ပညာသင်ယူမှု မပြီးမမြောက်ဖြစ်ခဲ့ရပြီး၊ သူမ၏ ပညာရပ်ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း နောက်ကျသွားစေခဲ့သည်ဟု သူမထွက်ဆိုခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။ Justice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်များချက်အရ သူမသည် ဖခင်ဖြစ်သူပိုင်ဆိုင်သော ရွှေဗျိုင်းဖြုူကုမ္ပဏီများစွာတွင် ပါဝင်ပတ်သက်ဆက်နွယ်နေသူဖြစ်ကြောင်း ထင်ရှားသည်။
ထို့အပြင် သူမသည် အမေရိကန်၏ ပိတ်ဆို့အရေးယူခံရချိန်တွင် ပြင်သစ်နိုင်ငံရှိ နာမည်ကြီး HEC Paris စီးပွားရေးကျောင်းတွင် ပညာသင်ယူနေဆဲဖြစ်သည်။ အမေရိကန်၏ ပိတ်ဆို့အရေးယူခဲ့ပြီးနောက်ပိုင်း Justice For Myanmar အဖွဲ့သည် ပြင်သစ်တက္ကသိုလ်နှင့် ပြင်သစ်အစိုးရထံ သူမအား ပညာသင်ခွင့်ရုပ်သိမ်းရန်နှင့် ပြင်သစ်နိုင်ငံမှ နှင်ထုတ်ရန် တိုင်ကြားစာ ပေးပို့တိုက်တွန်းခဲ့သည်။

တရားရုံးမှတ်တမ်းများတွင်လည်း သိမ့်ဝင်းထက်သည် တတိယအစုအဖွဲ့များ၏ ပြောဆိုချက်များကြောင့် သူမ၏ ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်နှင့် ကျောင်းမှ ထုတ်ပယ်ခံရနိုင်ခြေများ ဖြစ်ပေါ်စေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ထွက်ဆိုထားသည်။
ထို့အပြင် Justice For Myanmar နှင့် Le Monde သတင်းစာတို့၏ စွပ်စွဲချက်များအား HEC ကျောင်းသို့ပေးပို့ခဲ့အပြီး၊ ထိုကျောင်းမှ သူမအနေဖြင့် စစ်ကောင်စီနှင့် ဆက်နွယ်နေသည်ဟု သံသယရှိသော ကုမ္ပဏီများတွင် ပါဝင်ပတ်သက်မှုနှင့် ပညာသင်စရိတ်၏ အရင်းအမြစ်များကို ရှင်းလင်းရန် တောင်းဆိုခံခဲ့ရသည်။ HEC ကျောင်းက ထိုစွပ်စွဲချက်များသည် ဥပဒေအရ အရေးယူနိုင်သည့် ရာဇဝတ်ပြစ်မှုများနှင့် သက်ဆိုင်နိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့မှုများကလည်း သူမအား ခြောက်ခြားစေခဲ့သည်။
“ဒီတိုက်ခိုက်မှုများနဲ့ ကျောင်းမှထုတ်ပယ်ခံရနိုင်ခြေ၊ ပြင်သစ်နိုင်ငံမှ လုံးဝထွက်ခွာရနိုင်ခြေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သလို၊ Columbia University တွင် ပညာဆက်လက်သင်ယူနိုင်ခြင်း မရှိခြင်းကလည်း သူမ၏ ဘဝကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်” ဟု သိမ့်ဝင်းထက်က တရားရုံးတွင် ထွက်ဆိုထားသည်။
ထို့အပြင် တရားရုံးမှတ်တမ်းများတွင် သူမ၏ ဘဏ်အကောင့်များ အသုံးမပြုနိုင်ခြင်း အပါအဝင် ကျန်းမာရေးမှတ်တမ်းများ ရယူအသုံးပြုခွင့်များဆုံးရှုံးခြင်းတို့ကိုလည်း အသေးစိတ် ဖော်ပြထားသည်။
“အမေရိကန်နှင့် အမေရိကန်ပြင်ပ (ပြင်သစ်၊ UAE၊ Lithuania) ဘဏ်တွေမှာ သူမရဲ့ ငွေကြေးအကောင့်တွေ ပိတ်သိမ်းခံရတယ်။ Bank of America နှင့် American Express တို့ရှိ သူမရဲ့ ခရက်ဒစ်ကတ်အကောင့်များ အသုံးပြုခွင့် ကန့်သတ်ခံရပြီး BNP Paribas၊ Standard Chartered Bank နှင့် Revolut တို့က အကောင့်တွေလည်း အသုံးပြုခွင့် ကန့်သတ်ခံခဲ့ရတယ်။ ဒါ့အပြင် ပြင်သစ်ဘဏ် Caisse d’Epargne မှာ အကောင့်အသစ် ဖွင့်လှစ်ဖို့ ကြိုးစားခဲ့ပေမဲ့ ပိတ်ဆို့ခံထားရသူဖြစ်တဲ့အတွက် ငြင်းပယ်ခံခဲ့ရတယ်။ ဒီကန့်သတ်ချက်တွေကြောင့်ပဲ သူမရဲ့ နေ့စဉ်လိုအပ်ချက်တွေနဲ့ ကျောင်းစရိတ်တွေ ပေးချေဖို့ အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့တယ်” ဟုထွက်ဆိုခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
ထို့အပြင် အမေရိကန်ရှိ Zocdoc ကုမ္ပဏီတွင် သိမ်းဆည်းထားသော သူမ၏ ကျန်းမာရေးမှတ်တမ်းများကို ပြင်သစ်သို့ လွှဲပြောင်းရန် ကြိုးစားခဲ့သော်လည်း ပိတ်ဆို့မှုကြောင့် မရရှိခဲ့သလို၊ နယူးယောက်တက္ကသိုလ် (NYU) တွင် ဘွဲ့ကြိုသင်ယူခဲ့စဉ်က ကျန်းမာရေးမှတ်တမ်းများလည်း ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

သိသာထင်ရှားသည့်အချက်တစ်ခုအနေဖြင့် တရားရုံးစာရွက်စာတမ်းတွင် သူမ၏ ၂၀၁၉-၂၀၂၃ ခုနှစ်ကာလအတွင်း နယူးယောက်မြို့တွင် ငှားရမ်းခဲ့သော တိုက်ခန်း ၃ ခု၏ ငှားရမ်းခများကို ဖော်ပြထားသည်။ ထိုတိုက်ခန်းတစ်ခန်းများ၏ အခြေခံငှားရမ်းခမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၁,၅၀၀ (တစ်လ ငှားရမ်းခ မြန်မာငွေ သိန်း ၅၀၀ ကျော်/ တစ်နှစ်ငှားရမ်းခ မြန်မာငွေ သိန်း ၆,၀၀၀ ကျော်နှုန်း)၊ အခြားတစ်ခန်းမှာ ၆,၄၅၆ ဒေါ်လာ (တစ်လ ငှားရမ်းခ မြန်မာငွေ သိန်း ၂၈၀ ကျော်)နှင့် တတိယတစ်ခန်းမှာ ၄,၆၉၅ ဒေါ်လာ (တစ်လ ငှားရမ်းခ မြန်မာငွေ သိန်း ၂၀၀ ကျော်) ရှိကြောင်း ဖော်ပြထားသည်။
ဤငှားရမ်းခများမှာ နယူးယောက်မြို့ရှိ ကျောင်းသားတစ်ဦးအတွက် အလွန်မြင့်မားသော ပမာဏဖြစ်ပြီး၊ ယင်းငွေပမာဏသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL) နှင့် ရေနံကူးသန်းရောင်းဝယ်မှု၊ သတ္တုတူးဖော်ရေးနှင့် သစ်ထုတ်လုပ်မှုလုပ်ငန်းများမှ အလုံးအရင်းနှင့် ချမ်းသာလာသော ရွှေဗျိုင်းဖြူကုမ္ပဏီ၏ ပိုင်ရှင်မိသားစု၏ အခွင့်ထူးခံ ဘဝဟန်ကို ပြသလျက်ရှိသည်။
အချုပ်အားဖြင့် အဆိုပါ သိမ့်ဝင်းထက်၏အမှုတွင် အမေရိကန် ရှေ့နေလည်းဖြစ်၊ ပိတ်ဆို့မှုဖြေလျှော့ရေး ကျွမ်းကျင်သူလည်းဖြစ်သော Eric Ferrari က တရားရုံးတွင် တရားလိုကိုယ်စားပြု ရင်ဆိုင်ခဲ့သော်လည်း၊ သူမအနေဖြင့် အမှုရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ဤတရားရုံးမှတ်တမ်းများသည် နိုင်ငံတကာတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော မြန်မာစစ်တပ်နှင့် စီးပွားရေး/မိတ်ဖက်များအပေါ် ပိတ်ဆို့အရေးယူမှုများသည် (ထိုသူများအပေါ်) အမှန်တကယ် အကျိုးသက်ရောက်မှုများ ရှိနေကြောင်းကို ထင်ဟပ်စေခဲ့သည်။


Leave a Reply