ဗန်းမော်မြို့တိုက်ပွဲများပြန်လည်ပြင်းထန်နေပြီး အမြောက်တပ်(၃၆၆)တိုက်ပွဲအတွင်း စစ်တပ်မှ တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးတို့ သေဆုံးမှုရှိ
စကခ(၂၁)အတွင်းက ယမ်းတိုက်လည်း လက်နက်ကြီးမှန်ပြီး စစ်တပ်ဘက်က အထိခိုက်သေဆုံးများ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကော်မရှင်ရဲ့ သင်္ဘောများရောက်ရှိလာပြီးတဲ့နောက် တိုက်ပွဲများ တစ်ဖန်ပြင်းထန်လာနေပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးအဆင့်တွေပါ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ် သြဂုတ်လ ၇ရက်နေ့ ညပိုင်းမှာ စကခ(၂၁)ဌာနချုပ်နဲ့ ဘေးမှာရှိနေတဲ့ အမြောက်တပ် (၃၆၆) အတွင်း KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်စစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်တပ်ရင်းမှူးတစ်ဦး ဗိုလ်ကြီးတစ်ဦးတို့ ကျဆုံးခဲ့ကာ ထိခိုက်မှုတွေများစွာလည်းရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ဗိုလ်ကြီးနာမည်မှာ တန်အောင်ထန်းဖြစ်ပြီး စစ်ကော်မရှင်ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဦးဆောင်သူဖြစ်တယ်လို့ တိုက်ပွဲအတွင်းပါဝင်သူ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ ပြောပါတယ်။
“အမတ(၃၆၆)မှာ တိုက်တဲ့အချိန် စကခ (၂၁)က ဗက တစ်ယောက်ရယ် တပ်ရင်းမှူးတစ်ယောက်ရယ်ကျတယ်၊ ဗက နာမည်က တန်အောင်ထန်းတဲ့ ၊ ဒဏ်ရာရတဲ့ကောင်တွေလည်းများတယ်”
ဒါ့အပြင် တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တပ်ရင်းမှူး၊ ဗိုလ်ကြီးနဲ့ တခြားရုပ်အလောင်းတွေကို စကခ(၂၁)ဌာနချုပ်အတွင်းသို့ ကျန်ရှိနေတဲ့ စစ်သားတွေကသယ်ဆောင်သွားခဲ့တယ်လို့လည်းသိရပါတယ်။
သြဂုတ်လ၇ရက်နေ့ ည(၇)နာရီလောက်မှာလည်း KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက စကခ(၂၁)အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ဌာနချုပ်အတွင်းရှိ ခဲယမ်း၊လက်နက်များထားရှိရာ ခဲယမ်းတိုက်ကိုထိမှန်ခဲ့တာကြောင့် စစ်တပ်ဘက်မှ (၄)ယောက်ထက်မနည်း ထပ်မံသေဆုံးခဲ့ရတယ်လို့ ၎င်းမှဆက်ပြောပါတယ်။
“ပြီးတော့ စကခ ၂၁ က ခဲယမ်းကို ကိုယ့်ဘက်က လက်နက်ကြီးကျည်ကျလို့ ပေါက်ကွဲတာ (၄)ယောက်က အလောင်းတောင်မတွေ့ဘူးတဲ့ တော်တော်ကို ထိခိုက်များသွားတယ်”
KIAဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့တွင်းရှိ လေယာဥ်ကွင်း၊ သံချပ်ကာတပ်ရင်းနဲ့ထောက်ပို့တပ်တွေအပါအဝင် အခြားအရေးကြီးနေရာတွေကိုပါ သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။


Leave a Reply