နိုင်ငံ၏ အနောက်မြောက်ပိုင်း တော်လှန်ရေးစိုးမိုးနယ်မြေများပြားသည့် စစ်ကိုင်းတိုင်းအတွင်း သြဂုတ်လဆန်းပိုင်းတွင် စစ်တပ်က အင်အားအလုံးအရင်း သုံးကာ မြို့နယ် ၁၀ ခုထက်မနည်းကို တပြိုင်နက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ကြိုးစားလာခြင်းဖြစ်နိုင်သည်ဟု တော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိသူတချို့က သုံးသပ်နေကြသည်။

“အခု တကျော့ပြန်စစ်ကြောင်းထိုးတာတွေကို ကြည့်ရင် ကလေး-တမူးဘက် ကနေ ပုလဲဘက်နဲ့ ချင်းတွင်း အရှေ့ဘက်ခြမ်းတွေဆီချည်း။ နေရာတော်တော်များများမှာ ရက်တွေ တစ်ထပ်တည်းလို အချိန်ကိုက် ထိုးတာမျိုးဗျ။ ပြန်ပြီး ဖိအားပေးတဲ့သဘောမျိုး ပြန်ဖြစ်တယ်” ဟု ဘုတလင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တစ်ဦးက ဆိုသည်။

အာဏာသိမ်းစစ်တပ်သည် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းစစ်မျက်နှာတွင် အရေအတွက် အများအပြား သုံးလာသည်၊ ထိတွေ့တိုက်ပွဲ မရှိသည့်စစ်ကြောင်းအချို့တွင်ပင် လေကြောင်း ပစ်ကူများသုံးလာသည်ဟု ယင်းမာပင်ခရိုင်တွင်းမှ PDF ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြသည်။

“လတ်တလော ကန့်ဒေါင့် (ပုလဲမြို့နယ်တွင်းကျေးရွာတစ်ရွာ) ဘက် စစ်ကြောင်းထိုးတာဆို ပျူရွာကနေတဆင့် တပ်အင်အားဖြည့်တာ၊ ပြီးတော့ လေကြောင်းပစ်ကူတွေယူထိုးတာမျိုး လုပ်တယ်။ ပြီးတော့ အင်အားများများသုံးပြီး ရွာတွေကို တချိန်တည်း ဖြန့်ထိုးတာမျိုးလို့ ပြောရမယ်” ဟု ၎င်းက ပြောသည်။

ပုလဲမြို့နယ် စစ်ကြောင်းတွင် ထိတွေ့တိုက်ပွဲများပြင်းထန်သည့်အတွက် ကျေးရွာ ၂၀ ဝန်းကျင်ခန့်မှာ စစ်ရှောင်နေရကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က ဇူလိုင်လကုန်မှ ယခုလပထမပတ်အတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ကလေး၊ တမူး၊ ပုလဲ၊ စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည် ၊ ရေဦး နှင့် ရွှေဘို မြို့နယ်များတွင် ဖြန့်ကျက် စစ်ကြောင်းထိုးနေပြီး အချို့မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများလည်း ရှိနေ သည်။

မုံရွာမြို့ စီးပွားရေးတက္ကသိုလ် (အရပ်အခေါ် ECO ကျောင်း) တွင် အခြေစိုက်ထားသော စစ်တပ် စစ်ကြောင်းတစ်ခုသည် သြဂုတ်လ ၇ ရက်နေ့မှ စတင်ကာလက်နက်ကြီးများ ပစ်ခတ်ပြီး မုံရွာမြို့အရှေ့ ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည်။

အထက်ပါ စစ်ကြောင်းသည် သြဂုတ်လ ၈ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ လာသည့် သံချပ်ကာယာဉ် ပါဝင်သည့် စစ်ကြောင်းနှင့် အတူ မုံရွာ – အရာတော် လမ်းပိုင်းရှိ ကျောက္ကာ ရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်ခဲ့ကြောင်း မုံရွာဒေသခံတစ်ဦးက ပြောသည်။

“မီးခိုးလည်းမြင်ရတယ်။ နေအိမ်တချို့ မီးရှို့ခံရတာရှိသလို ဒေသခံ ၂၀ ဝန်းကျင်လောက်လည်း အဆွဲ ခံရတယ်လို့ သတင်းကြားတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ရွာကို စွန့်ခွာထွက်ပြေးနေရသည့် အပြင် လုံခြုံရေး အခြေအနေများကြောင့် စာရင်းအတိအကျ သိနိုင်ရန် ခက်ခဲကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မုံရွာမှ ထွက်လာသည့် စစ်ကြောင်းသည် ပါရာမိုတာ (စက်တပ်လေထီး) သုံးကာ ကျေးရွာများကို ဗုံးကြဲ တိုက်ခိုက်နေသည်။

ယနေ့ (ဩဂုတ်လ ၉ ရက်နေ့) မွန်းလွဲပိုင်းတွင် ဒေသခံ သတင်းရင်းမြစ်များအဆိုအရ ဝက်လက်မြို့နယ် စစ်ကြောင်းနှင့် ပုလဲမြို့နယ်တွင်းစစ်ကြောင်းများသည် ရုတ်တရက်ငြိမ်နေပြီး ထိတွေ့တိုက်ပွဲ မရှိကြောင်း နှင့် လက်နက်သံများလည်း တိတ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းမှ ယခုလ ၄ ရက်အတွင်း ဝက်လက်မြို့နယ်စစ်ကြောင်းသည် ဒေသခံငါးဦးထက် မနည်းကို သတ်ဖြတ်သွားသည်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အောက်မှ ဝန်ထမ်းတစ်ဦးလည်း စစ်တပ်၏ ပစ်ခတ်မှု ကြောင့် သေဆုံးသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ထို့ပြင် ဒေသခံ ၁၀ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးသကဲ့သို့ နေအိမ်များကိုလည်း မီးရှို့သွားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုက ပင်လည်ဘူး၊ အင်းတော်မြို့စသည့် မြို့နယ်အဆင့် နှစ်မြို့ အပါအဝင် အင်းတော်မြို့နယ်ထဲမှ မော်လူးမြို့၊ ဟုမ္မလင်းမြို့နယ်မှ ရွှေပြည်အေးမြို့ ၊ တမူးမြို့နယ်မှ မြို့သစ် နှင့် ခမ်းပတ်၊ ကလေးမြို့နယ်မှ ရာဇဂြိုဟ်ရွာနှင့် ပုလဲ မြို့နယ်မှ ကန့်ဒေါင့်ရွာတို့ကို သိမ်းထားသည်။

ရွှေဘိုမြို့နယ်တွင်း ပျူစောထီးရွာများ၊ ဆားလင်းကြီးမြို့နယ် ကျားတက်နယ်မြေရဲစခန်း နှင့် ဘုတလင် မြို့နယ် ကူတော်ရဲစခန်းများကိုလည်း သိမ်းထားသည်။

ဒီပဲယင်း၊ ကနီ နှင့် ပုလဲမြို့သိမ်းတိုက်ပွဲများတွင်မူ တော်လှန်ရေးတပ်များဘက်က ထိန်းနိုင်သည့်အဆင့်မှ ပြန်လည် ဆုတ်ခွာခဲ့ရသည်။

ယင်းအပြင် စစ်တပ်အတွက် ဆက်သွယ်ရေးကွန်ရက် အချက်အချာကျသည့် မုံရွာ-ယာကြီးလမ်းပိုင်းမှ ဒေသအခေါ် တာဝါတိုင်ကုန်းစခန်းလည်း တော်လှန်ရေးတပ်များဘက်က သိမ်းဆည်းနိုင်ခဲ့ပြီး လပိုင်း အကြာတွင် စစ်တပ်ဘက်က ပြန်လည် စခန်းအထိုင်ပြန်ချသွားသည်။

စစ်တပ်သည် စစ်ကိုင်းတိုင်းထိုးစစ်နှင့်အတူ နယ်မြေအတွင်း ဖြတ်လေးဖြတ်စစ်ဆင်ရေး လုပ်ဆောင်ရန် လည်း ကြိုးပမ်းလာသည်။

နိုင်ငံအထက်ပိုင်းရှိ လက်နက်ကိုင်ခုခံ တော်လှန်မှုအားကောင်းသောဒေသများသို့ မန္တလေးမြို့မှတဆင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါဝင် ဆေးဝါးနှင့်ကုန်စည်အများအပြားကို အာဏာသိမ်းစစ်တပ်က ယခုလဆန်းမှစ၍ သယ်ယူပို့ဆောင်ခွင့် ထပ်တိုးကန့်သတ်လိုက်သည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းဘက်သို့ ထွက်မည့်ကုန်စည်အများပြားကို မန္တလေးမြို့ စွယ်တော်ကားကြီး ကွင်းအတွင်းရှိ အကောက်အခွန်ရုံတွင် စစ်ဆေးပြီးမှ ဧရာဝတီမြစ်ဆိပ်မှတစ်ဆင့် ဒေသအသီးသီးကို သွားခွင့်ပြုသည်ဟု သိရသည်။

စစ်တပ်သည် ဒေသများအတွင်း ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အား မရောက်ရှိစေရန် စနစ်တကျ စီစဉ်ဟန့်တားခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်သည်ကို ဖြတ်လေးဖြတ်မူဝါဒဟု ထင်ရှားသည်။

စစ်တပ်သည် မကြာသေးခင်ကာလများက တော်လှန်ရေးတပ်များ သိမ်းထားသည့် ရှမ်းမြောက် နောင်ချို မြို့၊ ရှမ်းတောင် မိုးဗြဲမြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့တို့ကို ပြန်သိမ်းပိုက်ထားပြီး မန္တလေးတိုင်း အတွင်း ထိုးစစ်များအပြင်းအထန် လုပ်နေသည်။

တအာင်းတပ် (TNLA) ထိန်းချုပ်သော မိုးကုတ်မြို့ကိုလည်း မိုးကုတ်-နောင်ချိုလမ်းပိုင်းမှတဆင့် စစ်ကြောင်းထိုးနေသလို သပိတ်ကျင်းနယ်တစ်ခုလုံးကို ထိန်းချုပ်ရန် ကြိုးစားနေသည်။

အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်လည်း တော်လှန်ရေးတပ်များက မြို့နယ်အရှေ့ပိုင်းမှ ရွာတချို့ လက်လွှတ်လိုက်ရသည်။

မကွေးတိုင်း ပေါက်မြို့နယ်နှင့် ကရင်နီဒေသကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်။

၂၀၂၂ ဩဂုတ်လ ၅ ရက်နေ့က စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခုတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်ပျက်စီးသွားသည့် အပျက်အစီးများအနီးတွေ့ရသော ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး။ (ဓာတ်ပုံ -AFP)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *