သပိတ်ကျင်းမှာ နာရေးလုပ်နေတဲ့အိမ်ကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရ
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လမ်းလက်ကျစ်ကျေးရွာက နာရေးလုပ်နေတဲ့အိမ်ကို စစ်ကောင်စီတပ်က ဗုံသီးတစ်လုံးပါတဲ့အသေခံဒရုံးတစ်စင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ထက်မနည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အများအပြား ဒဏ်ရာရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒရုံးနဲ့တိုက်ခိုက်မှုက ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီးနောက် ၈ နာရီခွဲမှာလည်း တံတားဦးကနေဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ နှစ်လုံး ထပ်မံကြဲချသွားခဲ့တယ်လို့ နယ်မြေအတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

သူက “ကြဲသွားတာက နာရေးလုပ်နေတဲ့အိမ်ဗျ။ အဲမှာလူတွေလည်း စည်ကားနေတဲ့အချိန်ပေါ့။ စစ်တပ်က တည့်တည့်ကြဲသွားတာ။ ပွဲချင်းပြီးသေဆုံးသွားတာက ၁၀ ဦးရှိတယ်။ စိုးရိမ်ရတဲ့လူတွေလည်း အများကြီးရှိတယ်။ သတင်းမှာပါတဲ့အတိုင်း ၄၀ လောက် ဒဏ်ရာရတယ်။” လို့ ဆိုပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နဲ့ ဩဂုတ်၂ ရက် မှာလည်း သပိတ်ကျင်းထဲက ချောင်စကြီးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကလေးအပါအဝင် ၈ ဦးသေဆုံးသွားခဲ့ပါတယ်။
ဩဂုတ်လအစပိုင်းကနေ ဒီနေ့အထိ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၀ ခန့် သေဆုံးသွားခဲ့ပြီး ၄၀ ဝန်းကျင် ဒဏ်ရာရရှိသွားခဲ့ပြီး ဖြစ်ပါတယ်။

မနေ့ ဩဂုတ် ၉ ရက် ညနေပိုင်း ၆ နာရီခွဲမှာ တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကိုလည်း လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကိုရင်တစ်ပါးအပါ လူ ၅ ယောက် သေဆုံးသွားခဲ့ပါတယ်။
ဓာတ်ပုံ – CJ


Leave a Reply