သီတာယုမွန်ခေါင်းဆောင်၍ ပျူနှင့်စစ်တပ်တို့ မြင်းခြံနယ်မှာ စစ်ကြောင်းထိုး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ခြမ်းမှ အိမ်ခြေတထောင်ခန့်ရှိသော ဗလုံကျေးရွာကို ဩဂုတ် ၉ ရက်တွင် သီတာယုမွန် ဦးဆောင်သည့် ပျူစောထီးများနှင့် စစ်တပ်တို့ စစ်ကြောင်းထိုးကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားသလို ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
မြေပြင် စစ်ရေးသတင်းရင်းမြစ်တဦးက “ဗလုံရွာကို ၈ ရက်က ဝင်တာ၊ ညအိပ်ပြီးတော့ မနက် ၇ နာရီနောက်မှ မီးရှို့တာ၊ ရွာထဲရောက်ပြီးတော့ စစ်ရှောင်တွေရှိတဲ့ဘက် လက်နက်ကြီးနဲ့ ပစ်တာမှာ ထိခိုက် သေဆုံးတာတွေ ရှိတယ်။ ဗလုံရွာထဲမှာလည်း ရွာသားအချို့ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာရှိတယ်လို့ သတင်း ရထားတယ်၊ ရွာကတော့ ရွာလုံးကျွတ်နီးပါး မီးလောင်သွားတယ်လို့ သိရပေမယ့် မဝင်နိုင်သေးတော့ အသေးစိတ် မသိရသေးဘူး” ဟု ပြောသည်။
မြင်းခြံမြို့ အရှေ့ခြမ်း PDF တပ်များ၏ ကာကင်းစခန်းများကို အဓိက ပစ်မှတ်ထားကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် နတ်ထား၊ စံပြ၊ ဗလုံ၊ သမုန်းကိုင်းကျေးရွာများရှိ ကာကင်းစခန်းများမှာ နောက်ဆုတ်ပေးထားရပြီး ဩဂုတ် ၄ ရက်က မြောက်ကုန်းကျေးရွာစီးနင်းစဉ် အသက် ၄၀ ဝန်းကျင်အရွယ် ကိုအောင်အောင်၊ ဇနီးဖြစ်သူ ၃၀ ကျော်အရွယ် မသင်းသင်းဆွေ၊ သမီးဖြစ်သူ ၁၀ နှစ်အရွယ် မရွှန်းလဲ့ မိသားစုဝင် ၃ ဦးနှင့်အတူ အသက် ၄၀ ဝန်းကျင် အရွယ် မပဲ တို့ကို သတ်ဖြတ်ခဲ့သလို၊ စံပြကျေးရွာဘက်သို့လည်း လက်နက်ကြီး ကျရောက်ပြီး ၁၀ နှစ်အရွယ် ကလေးတဦး အပါ အမျိုးသားတဦး၊ အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရထားကြောင်း သိရသည်။
မြင်းခြံမြို့နယ်သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းများနှင့် နယ်နိမိတ် ထိစပ်နေပြီး နယ်မြေခံအထိုင်တပ်ဖြစ်သော အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမခ ၉၉) လက်အောက်ခံ ခမရ ၁၅ တပ်ရင်းနှင့် သံမဏိစက်ရုံများတွင် စစ်မှုထမ်းသင်တန်းဆင်းများဖြင့် အင်အားရာချီ၍ ဖြည့်တင်း စုဖွဲ့မှုများ ပြုလုပ်နေကြောင်း စစ်တပ် CDM အသိုင်းအဝိုင်းက ဆိုသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “မြင်းခြံဘက်မှာ စစ်တပ်က စစ်ကြောင်းကြီးတွေ ဝင်လာတာမျိုး မဟုတ်ဘဲ ရှိထားပြီး နယ်မြေ ခံ ပျူစောထီးစစ်ကြောင်းတွေနဲ့ မွှေနှောက်နေတာမျိုးပါ၊ မြင်းခြံနဲ့ နွားထိုးကြီးဆက်စပ်ဧရိယာတွေကို လှုပ်ရှား စစ်ကြောင်း ကြီးတွေဝင်နိုင်ဖို့ ပျူစောထီးတွေကို ငါးစာချနေတာမျိုးလို့ မြင်ပါတယ်၊ လက်ရှိမှာတော့ သမုန်းကိုင်း၊ ဗလုံ စတဲ့ ကျေးရွာတွေမှာ ထိတွေ့မှု ပြင်းထန်ခဲ့ပြီး ကာကွယ်ရေး ရှေ့တန်းစခန်း (ယာယီ)တွေ စီးနင်း ဖျက်ဆီးခံခဲ့ရတာတွေ ရှိပါတယ်” ဟု ပြောသည်။
ထိုသို့ စစ်ကြောင်းထိုးနေမှုကြောင့် သမုန်းကိုင်း၊ ဗလုံ၊ တပ်ရွာ၊ ဖောင်း ကား၊ သစ်ပင်ရှည်၊ တပ်ရွာ၊ သစ်ပင်ရှည်၊ စံပြ၊ မြောက်ကုန်း၊ ခင်မကန်၊ ရသာ၊ ပျော်ဘွယ်၊ နတ်ထား၊ ဖုံရွာ၊ တဲရွာ၊ ရွာသာ၊ သဲတောကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
စစ်တပ်နှင့်ပျူစောထီးအဖွဲ့မှာ ဩဂုတ် ၅ ရက်ကတည်းက နယ်မြေရှင်းလင်းရေးဟုဆိုကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ လက်ရှိတွင် သမုန်းကိုင်းကျေးရွာသို့ ပြန်ဆုတ်ကာ အထိုင်ချတပ်စွဲထားကြောင်း သိရသည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ဗလုံကျေးရွာကို သြဂုတ် ၈ ရက် ည ၈ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို ဖမ်းဆီးသွားသလို ရွာကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗလုံကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး တရွာလုံးကိုမီးရှို့သလို ဒေသခံတချို့ကိုတော့ ဓာစာခံအဖြစ် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဗလုံရွာက မြင်းခြံမြို့နဲ့ ၆ မိုင် အကွာမှာရှိတာ။ ညဘက် အလစ်အငိုက် ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ ရွာကို မီးရှို့သွားတာ၊ သြဂုတ်လ ၇ ရက်နေ့ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ ညောင်ပင်သာဒေသခံ အမျိုးသား ၂ ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတယ်” လို့ ပြောပါတယ်။
ဗလုံရွာကို စစ်ကောင်စီတပ် ဝင်စီးချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေလည်းရှိပြီး စစ်ကြောင်းရှိနေသေးလို့ လူဦးရေအတိအကျကိုတော့ စုံစမ်းလို့ မရသေးပါဘူး။
ပြီးတော့ ဗလုံတရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ရသလို စစ်ကြောင်းကြောင့် သစ်ပင်ခြေ၊ ပျော်ဘွယ်၊ စံပြ၊ ခင်မကန်၊ မြောက်ကုန်း၊ သဲတောတဲ၊ ကံဆင့်တောင်ရွာ၊ မြောက်ရွာ၊ သမုန်းကိုင်း၊ ဖုံရသာ၊ ဖောင်းကား၊ လက်ဝဲမြင်းနီ၊ သင်ပြွန်း၊ ညောင်ပင်ရွာ၊ ရွာကြီး၊ ရွာသစ်စတဲ့ ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သြဂုတ် ၂ ရက်နေ့က မြင်းခြံမြို့အရှေ့ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး သြဂုတ် ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အားတိုးပြီး မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာခဲ့တာပါ။
မြင်းခြံ ဗလုံရွာကို စစ်ကော်မရှင်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ စစ်ကြောင်းထိုးကာ အမျိုးသား ၁ ဦး ခေါင်းဖြတ်အသတ်ခံရပြီး အရပ်သား ၄ ဦးသေဆုံး၊ ရွာလုံးကျွတ်မီးရှို့ခံရ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံရွာကို စစ်ကော်မရှင်နှင့် ပျူစောထီးအဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်အတွင်း စစ်ကော်မရှင်နှင့် သီတာယုမွန်ဦးဆောင်သော ပျူစောထီးအဖွဲ့တို့ စုစုပေါင်းအင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ယမန်နေ့ ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ခန့်က ဗလုံရွာအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဗလုံရွာကို ဝင်မလာခင် လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ ပြီးတော့ မီးဝင်ရှို့တယ်။ မြင်းခြံအရှေ့ခြမ်းတစ်ခုလုံးကို နေရာခွဲပြီးတော့ အင်အားဖြန့်ပြီး ဝင်စီးနေတာပါ။ အခုသူတို့ သတ်ဖြတ်သွားတာ ရွာခံတွေကိုပါ” ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။
စစ်ကော်မရှင်နှင့် ပျူစောထီးအဖွဲ့များက ဗလုံရွာ၏ အနောက်ဘက်နှင့် မြောက်ဘက်မှ ညှပ်ပိတ်ကာ ဝင်ရောက်လာပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်များ ဝင်ရောက်လာပြီးနောက် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်နေထိုင်သည့် ဗလုံရွာတစ်ခုလုံးကို ရွာလုံးကျွတ်မီးရှို့ခဲ့ရာ ပိတ်မိကျန်နေသည့် သက်ကြီးပိုင်း အမျိုးသမီး သုံးဦး မီးထဲပါကာ သေဆုံးသွားကြောင်း သိရသည်။
ထို့အပြင် ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကိုလည်း ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ စုစုပေါင်း အရပ်သားသေဆုံးသူ လေး ဦးရှိကြောင်း သတင်းများအရ သိရပြီး ဆက်လက်ဖမ်းဆီးခံထားရသူများ ရှိ၊ မရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်လာသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နေ့မှစ၍ စစ်ကော်မရှင်နှင့် ဒေါ်သီတာယုမွန်ဦးဆောင်သည့် မြင်းခြံပျူစောထီးအဖွဲ့တို့ ပူးပေါင်းပြီး မြင်းခြံမြို့နယ်အရှေ့ခြမ်းတစ်ခုလုံးကို စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဗလုံရွာ မီးရှို့ခံရသည့်ဖြစ်စဉ်ကို စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်တွင် မျှဝေကာ အောင်ပွဲခံနေကြပြီး PDF များကိုပါ ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့သည်ဟု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။





ဓာတ်ပုံ: စစ်လော်ဘီလူမှုကွန်ရက်


Leave a Reply