တလောက ငြိမ်းချမ်းရေးဖိုရမ်ဆိုတာကြီးကို နေပြည်တော်မှာ ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့တာ တွေ့ရပါတယ်။ ဒီငြိမ်းချမ်းရေးဖိုရမ်ကြီးရဲ့ ဖိတ်စာမှာ ဖော်ပြထားတာက ဒီဖိုရမ်ကြီး ကျင်းပဖို့ကို တရုတ်၊ အိန္ဒိယနဲ့ ဆွစ်ဇာလန်တို့က ကမထကထ ပြုတယ်၊ စပွန်ဆာပေးတယ်၊ ပိုက်ဆံထုတ်ပေးတယ်လို့ သိရပါတယ်။
ဒီဖိုရမ်မှာ လူ ၃၀၀ လောက် တက်ရောက်ခဲ့ပြီး ဒီဖိုရမ်ကို ကမကထိပြုခဲ့ကြတဲ့ ပေါက်ဖာ်ကြီးနဲ့ ဘာဘူကြီးကတော့ အတက်ကြွဆုံးနဲ့ လေအပေါဆုံးလို့ ကြားရပါတယ်။ ပေါက်ဖော်ကြီးက မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ သူလုပ်ပေးနေတာ၊ ရှမ်းမြောက်အဖွဲ့တွေကို သူ လည်ပင်းတက်နင်းထားတာ၊ မူဆယ်မြို့ကို သူကာကွယ်ပေးထားတာ၊ လားရှိုးမြို့ကို စစ်တပ်လက်ထဲ သူပြန်ထည့်ပေးထားတာ စတဲ့ မြန်မာပြည်ကြီးမှာ စစ်တပ်ရဲ့ရှုံးပွဲတွေကို သူကာကွယ် ကယ်တင်ထားတာကို ပြောလို့မဆုံး တပြုံးပြုံးဖြစ်နေတယ်လို့ သိရပါတယ်။
စစ်တပ်က စစ်ဗိုလ်ချုပ်တွေကတော့ ပေါက်ဖော်ကြီးရဲ့ ကြွားလုံးကို မချိပြုံးလေးနဲ့ နားထောင်နေတာပေါ့လေ။ ပေါက်ဖော်က ကြွားလေ၊ စစ်တပ်ညံ့တာက ပေါ်လေဆိုတော့ မချိသွားဖြဲပေါ့လေ။ ဒီတော့ အမျိုးသားရေးစိတ် ပြင်းထန်တဲ့ မြန်မာစစ်ဗိုလ်တွေဆိုတော့ ဘယ်ငုံ့ခံနိုင်ကြပါမလဲ။ ပေါက်ဖော် မကယ်ရင် သေဖွယ်သာရှိတော့ ပေါက်ဖော်ရှေ့မှာ မပြောရဲပေမဲ့ ပေါက်ဖော်ကွယ်တာနဲ့ ဒီတရုတ်တွေ တို့တိုင်းပြည်အတွင်းရေးကို လိုတာထက် ပိုစွက်နေတာလို့ စစ်ဗိုလ်ချုပ်အချင်းချင်း အတင်းတုပ်ကြတယ်လို့ ကြားရပါတယ်။
ပေါက်ဖော်ကလည်း အဲလိုကြီး ဇွတ်ကြွားနေတော့ ဘာဘူလည်း ဘယ်ခံနိုင်ပါ့မလဲ။ ဒါ့ပြင် စစ်တပ်က စစ်ဗိုလ်ချုပ်တွေက ပေါက်ဖော်ကို သိပ်မကြည်မှန်းသိတော့ ဘာဘူတို့လည်း ပြန်ပြောဖို့ အကွက်ရှာရတာပေါ့။ အိန္ဒိယနယ်စပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၁၀ ယောက်ကို လိမ်ခေါ်ပြီး သတ်ပစ်လိုက်တဲ့ကိစ္စကလည်း ကြွားလို့ကောင်းတဲ့ ကိစ္စမဟုတ်တော့ အစပိုင်း ငြိမ်နေရရှာသတဲ့။
ဒါပေမဲ့ ပေါက်ဖော်က ပြောရင်းပြောရင်းနဲ့ မြန်မာပြည်ရွေးကောက်ပွဲကို တရုတ်က ကူမယ်တို့ ဘာတို့ပါ ရောက်လာတော့တာပေါ့။ အဲဒီမှာ ဘာဘူတို့ရဲ့ အကွက်ဝင်တော့ပေါ့။ ရှေ့တင်လည်း ပြောလို့မကောင်းတော့ ဖိုရမ်အနားပေးတဲ့အချိန်၊ ထမင်းစားနားတဲ့အချိန်တွေမှာ ဘာဘူက နီးစပ်ရာ စစ်ဗိုလ်ချုပ်တွေကို ‘ခင်ဗျားတို့ စဉ်းစားကြည့်လေ၊ တရုတ်က သူ့နိုင်ငံမှာတောင် ရွေးကောက်ပွဲ မယ်မယ်ရရ မရှိဘဲနဲ့ ရွေးကောက်ပွဲဆိုတာ ဘာမှန်းမသိတဲ့တရုတ်က ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲကို ကူမလဲ’ ဆိုပြီး ကောင်းကောင်းထည့်တော့တာပေါ့။
ကြည့်လိုက်ရင်တော့ နေပြည်တော်ဖိုရမ်ကြီးမှာ ပေါက်ဖော်နဲ့ ဘာဘူ အပြိုင်အဆိုင် စစ်တပ်ကို အိတ်ထောင်ထဲထည့်ဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဒီပွဲမှာ ‘အမေရိကန် လင်းယုန်ကြီးတော့ နောက်ကောက်ကျပဟေ့၊ အနားတောင် မကပ်နိုင်ဘူး’ လို့ ဆိုကြပြောကြတာတွေလည်း တွေ့ရပါတယ်။
အာဆီယံမှာ တခြားနိုင်ငံတွေသာ အမေရိကန် ကပ်လို့ရရင် ရမယ်၊ မြန်မာပြည်ကို အမေရိကန် ကပ်လို့မရဘူးလို့ တမျိုး၊ အမေရိကန် ပေါ်လစီ မှားနေပြီက တဖုံ မျိုးစုံပြောဆိုနေကြတာလည်း တွေ့ရပါတယ်။
ဒီပွဲမှာ အမေရိကန်ကပ်လို့ မရဘူးဆိုတာ ဟုတ်ပါ့မလား၊ မောင်ကာဠုရေလို့ပဲ ခင်မမက ဆိုချင်ပါတယ်။ အဲလိုဆိုလို့ ခင်မမက ဘာအတွင်းရေး၊ ညာအတွင်းရေးတွေ သိလို့ပြောတာ မဟုတ်ဘူးနော်။ မြင်တွေ့နေရတဲ့ အချက်တွေပေါ်က ကောက်ချက်ချပြောတာပါ။ ခင်မမ လွန်တယ်လို့ မထင်ကြနဲ့နော်။
ကြည့်လေ … နေပြည်တော်ဖိုရမ်ကြီးရဲ့ စုပေါင်းဓာတ်ပုံရိုက်ပွဲမှာ မင်းအောင်လှိုင်နောက်ဘက် ရပ်ခွင့်ရနေတဲ့ အမေရိကန်နိုင်ငံသားတွေ၊ စင်ပေါ်မတက်ပေမဲ့ စင်အောက်ကနေ မျိုးစုံ လော်ပေးနေတဲ့ အမေရိကန်နိုင်ငံသားတွေ အများကြီးရှိနေတာကို မျက်စေ့မှောက်နေကြတာပါ။ အများစုက ဦးသိန်းစိန်ရဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ခေတ်ကတည်းက ရောက်လာကြတာ ဖြစ်ပါတယ်။ မြန်မာပြည်ဖွားတွေကနေ အမေရိကန်နိုင်ငံသား ခံယူထားကြသူတွေဖြစ်လို့ မျက်စေ့မှောက်နေကြတာပါ။

နေပြည်တော်ဖိုရမ်မှာ စစ်တပ် ပြန်ကြားရေးဝန်ကြီးဌာနကဖွဲ့တဲ့ Myanmar Narrative Think Tank မှာပါတဲ့သူကပါ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အနေနဲ့ ပါသူကပါ၊ ဘဏ်ဒါရိုက်တာဖြစ်သူဖြစ်နဲ့ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံသား တယောက်ဆိုရင် အာဏာစသိမ်းကတည်းက မင်းအောင်လှိုင်ရဲ့ အကြံပေးလုပ်နေတာပါ။ VOA သတင်းဌာနက လူမှုရေးကိစ္စနဲ့ အရေးယူခံလိုက်ရတဲ့ အမေရိကန်နိုင်ငံသား တယောက်လည်း ဒီပွဲမှာ လာပူးပေါင်းတာ တွေ့ရပါတယ်။
ကဲ … စဉ်းစားကြည့်၊ ဗမာပြည်သားတွေဖြစ်ကြပေမဲ့ အခုတော့ အမေရိကန်နိုင်ငံသားတွေ၊ ဒေါက်တာဘွဲ့ရတွေတောင် ပါသေးတယ်။ ဒီလူတွေဟာ ဦးသိန်းစိန်ရဲ့ MPC ခေတ်ကတည်းက မြန်မာပြည် လာလုပ်နေကြသူတွေပါ။
ပထမတချက်အနေနဲ့ လစာအရပြောရင် အမေရိကန်မှာ တလ ဒေါ်လာ သောင်းဂဏန်းရနိုင်တဲ့သူတွေ မြန်မာပြည်မှာ ဘာလို့ လာလုပ်ကြသလဲ။ နောက်တချက် ပြောချင်တာက ဒီလို ဒေါက်တာဘွဲ့ရတဲ့သူတွေရော၊ ဒေါက်တာဘွဲ့ မရလည်း အနောက်တိုင်းပညာတတ်တဲ့သူတွေ ဘာကြောင့် စစ်တပ်လုပ်သမျှ ထောက်ခံနေတယ်ထင်ပါသလဲ။ ဘာကြောင့် ဘာမှ လစာမများတဲ့ မြန်မာပြည်လစာနဲ့ အလုပ်လုပ်နေတယ်လို့ ထင်ပါသလဲ။ သူတို့မှာ တခြားရည်ရွယ်ချက်တခုခုရှိမယ်လို့ မထင်ကြဘူးလား။
အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA)၊ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက်တို့ဆိုတာ အတွေ့အကြုံကောင်းတွေရှိကြတဲ့ အဖွဲ့အစည်းတွေ။ မော့ဆက်ဆိုရင် အာရပ်နိုင်ငံတွေရဲ့ အစိုးရအဖွဲ့ဝန်ကြီးအဆင့်ထိ သူ့အေးဂျင့်ကို ထည့်နိုင်တာလေ။ စဉ်းစားကြည့်ပေါ့။
မြန်မာပြည်လို တိုင်းပြည်တခုမှာ CIA က အဖြူတယောက်ကို ထိုးထည့်ထားလို့ ဘယ်ရပါ့မလဲ။ အားလုံး အာရုံစိုက်တာခံရပြီး ဘာမှလုပ်လို့ မရဘူး။ မြန်မာပြည်သားထဲက အမေရိကန်နိုင်ငံသား ခံယူထားတဲ့သူကို CIA အဖြစ် လေ့ကျင့်တာ၊ အေးဂျင့်အဖြစ် ဒါမှမဟုတ် သတင်းပေးအဖြစ် မွေးတာပိုကောင်းမှာပေါ့။ အဲလို မထင်ဘူးလား။
အခု ၂၀၂၅ ခုနှစ်ကတည်းက တိုက်ဆိုင်မှုတွေကို ကြည့်လေ။ ဒေါက်တာဘွဲ့ရတဲ့ ဆရာလေးတယောက်က ၂၀၂၁ ခုနှစ်ကတည်းက မင်းအောင်လှိုင် အကြံပေးလုပ်နေပေမဲ့ ကျန်တဲ့သူတွေက ၂၀၂၁ ခုနှစ်က စပြီး ငြိမ်နေကြတာ။ အသံမထွက်၊ ရုပ်လုံး မပြကြဘူး။ ၂၀၂၅ ခုနှစ်ထဲကျမှ Think Tank တို့၊ ဖိုရမ်တို့မှာ အသီးသီးပေါ်လာကြတဲ့အပြင် ဒေါက်တာဘွဲ့ရတယောက်ဆိုရင် ဘဏ်ဒါရိုက်တာ ရာထူးတောင် ဝင်ယူတာတွေ့ရတယ်။
အမှန်က ဒီလောက်ထိဆိုရင်တောင် စိတ်ဝင်စားဖို့ မကောင်းသေးဘူး။ စိတ်ဝင်စားဖို့ကောင်းတာက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်မှာ အမေရိကန်က မြန်မာပြည်ကနေ အများအပြား ထွက်နေပြီး တရုတ်က လက်ဝါးကြီးအုပ်ထားတဲ့ မြေရှားသတ္တုနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက အရေးတယူ စိတ်ဝင်တစားရှိနေတယ်။ အစီရင်ခံစာတွေ နားထောင်နေတယ်ဆိုတဲ့ သတင်းထွက်လာတာပါပဲ။
ပေါက်ဖော်နဲ့ ဘာဘူက စစ်တပ်ကို အိတ်ထဲထည့်ဖို့ ဘယ်လောက်ကြိုးစားပေမဲ့ စစ်တပ်က စစ်ဗိုလ်တွေ ပင်ကိုယ်က အနောက်မျှော်တာ။ သားသမီးတွေကို တရုတ်နဲ့ အိန္ဒိယပို့ စာသင်ခိုင်းတဲ့ စစ်ဗိုလ် မရှိဘူး။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေပို့ပြီး စာသင်ခိုင်းတဲ့ စစ်ဗိုလ်ပဲရှိတယ်။
အမေရိကန်က ဘယ်လောက်ပိတ်ပိတ်၊ သားသမီးတွေကို မှတ်ပုံတင် နာမည်ပြောင်း၊ နိုင်ငံကူးလက်မှတ် အမည်ပါပြောင်းပြီး အနောက်တိုင်းကိုပဲ ပညာရှာဖို့၊ စီးပွားရှာဖို့ ပို့နေကြတာလေ။ အခုလည်းကြည့် အမေရိကန်က သံတမန်ရေးအရ ခွာထားပေမဲ့ ထိပ်သီး စစ်ဗိုလ်ချုပ်တွေဘေးမှာ အမေရိကန်နိုင်ငံသားတွေ ဝိုင်းနေတာ။ ဒီလူတွေ CIA မဖြစ်နိုင်ဘူးလား။
အမေရိကန်က မြေရှားသတ္တု စိတ်ဝင်စားတာနဲ့ တချို့က အမေရိကန်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ဆက်ဆံကူညီမယ်လို့ ထင်နေကြတယ်။ မြေရှားထွက်တဲ့နေရာ တရုတ်နယ်စပ်မှာ KIA သာ အမေရိကန်နဲ့ ဆက်ဆံရင် တရုတ်က တောက်ချလိုက်မှာ။ စစ်ကောင်စီနဲ့ပေါင်းပြီး မြေရှားထွက်တဲ့ နေရာသိမ်းဖို့က ခဏလေးပဲ။ အမေရိကန် ပင်လယ်ကနေ မြန်မာပြည်ဖြတ်ပြီး တရုတ်နယ်စပ်အထိ ဘာအခြေခံမှ မရှိဘူး။
ဒီလို စဉ်းစားကြည့်၊ အမေရိကန်က စစ်ကောင်စီနဲ့ KIA ကို ငြိမ်းချမ်းရေးရအောင်လုပ်၊ မြေရှားသတ္တုကို ရွေးကောက်ပွဲက တက်လာတဲ့ စစ်အစိုးရနဲ့ ပေါင်းပြီး တူးဖော်ထုတ်လုပ်ရင် အမေရိကန်အတွက် ပိုလွယ်တဲ့လမ်းပဲ။ တရုတ်နဲ့ ရင်ဆိုင်ဖို့လည်း လွယ်တယ်။
စစ်တပ်ရဲ့ ထိပ်သီး စစ်ဗိုလ်ချုပ်တွေဘေးမှာ ဝိုင်းနေတဲ့ အမေရိကန်နိုင်ငံသား ခံယူထားသူတွေ၊ ပညာတတ်တွေဟာ လစာကောင်းကောင်း ရနိုင်လျက်နဲ့ စစ်ကောင်စီပေးတဲ့ မဖြစ်စလောက် လစာလေး နည်းနည်းပါးပါးနဲ့ မြန်မာပြည် လာအလုပ်လုပ်ပါ့မလား။

ဒီလောက် ပညာတတ်ကြတဲ့ အမေရိကန်ပြန် ပညာတတ် ရင့်မကြီးတွေက ဘာမဟုတ်တဲ့ စစ်ဗိုလ်တွေ ပြောသမျှကို အလကားလိုက်ပြီး ခေါင်းညိတ်နေကြပါ့မလား။ စစ်တပ်က ဒီလောက် လူတွေဖမ်း ထောင်ထဲထည့်၊ ထောင်ထဲမှာ ရိုက်သတ်၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ဗုံးကြဲပြီး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို ပညာတွေအများကြီးတတ်ထားတဲ့ အမေရိကန် ပညာတတ်ကြီးတွေ နှုတ်ပိတ်ပြီး ထောက်ခံနေတာ အကြောင်းမဲ့ ဟုတ်ပါ့မလား။ ကဲ … အဲလိုဆိုရင် ဒီလူတွေကို ခင်မမက CIA လို့ ထင်မိတာ လွန်သလား။
သူတို့မှာ ဖော်ပြလို့မရတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေနဲ့ CIA လို၊ သတင်းပေးလို အလုပ်အကိုင်တွေနဲ့ လျှို့ဝှက်ဝင်ငွေတွေရှိလို့ဆိုတာ မဖြစ်နိုင်ပေဘူးလား။ ပြီးတော့ ၂၀၂၅ ခုနှစ်မှာ ချိန်သားကိုက် အုပ်လိုက်သင်းလိုက် ပေါ်လာကြတာရော မထူးဆန်းဘူးလား။
သူတို့ထွက်လာတာနဲ့ အမေရိကန်က မြေရှားသတ္တု စိတ်ဝင်စားပါတယ်လို့ ပြောလာတာကရော ရိုးရိုးသားသား တိုက်ဆိုင်မှု ဟုတ်ပါမလား။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိဘူးလို့ ပြောပြောနေကြတယ် မဟုတ်ပါလား။
CIA တို့၊ မော့ဆက်တို့ လျှော့မတွက်နဲ့။ ပေါက်ဖော်နဲ့ ဘာဘူတို့ ပက်လက်လန်သွားမယ်။ လည်လှပါပြီဆိုတဲ့ စစ်ဗိုလ်တွေလည်း လည်ထွက်သွားလိမ့်မယ်။
ခင်မမ အပေါ်မှာ ပြောထားပြီးသားနော်။ ဘာအတွင်းသတင်း၊ ညာအတွင်းသတင်းမှ သိလို့ပြောနေတာ မဟုတ်ဘူး။ မြင်တွေ့နေတာတွေ၊ အချက်အလက်တွေကို ဆက်စပ်ပြီး ပြောပြတာပါ။
ဘာလဲ … မဖြစ်နိုင်ဘူး ဟုတ်လား၊ ဒီလူတွေဟာ CIA မဟုတ်နိုင်ဘူးဆိုရင် ဒီလူတွေဟာ စစ်တပ်လိမ်သမျှယုံ၊ စစ်တပ်က တရားလက်လွတ် လူသတ်နေတာကို မျက်စေ့မှိတ် ထောက်ခံနေတဲ့ နှစ်ပြားမတန်တဲ့သူတွေ ဖြစ်နေမှာပေါ့။ မဟုတ်ဘူးလား။ စဉ်းစားကြည့်လေ။
ပြောပြန်ရင်လည်း ခင်မမ လွန်ရာကျပါမယ်။
✍ခင်မမ


Leave a Reply