တမူးနယ်ထဲ နယ်မြေချဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု ငါးရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အထိနာကာ ပြန်ဆုတ်ပြေး

စစ်ကိုင်းတိုင်း၊ အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေချဲ့ စစ်ကြောင်းထိုး ဝင် ရောက်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ ငါးရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အထိနာတဲ့ စစ်အုပ်စု နောက်ပြန်ဆုတ် ထွက်ပြေးတယ်လို့ ဒေသခံ စစ်ရေးသတင်းမြစ်တွေက ပြောပါတယ်။

တမူးမြို့နယ် တောင်ပိုင်း၊ က‌လေး -တမူး ကားလမ်းမကြီးပေါ်ရှိ ပန်းသာကျေးရွာထဲ ခြေကုပ်ယူ အထိုင်ချနေတဲ့ စစ်အုပ်စုဟာ ဩဂုတ် ၄ရက်မှာ ရန်ငြိမ်းအောင်နဲ့ နန်းမွန်းတားကျေးရွာတွေဘက် နယ်မြေချဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ ဩဂုတ် ၉ ရက်အထိ ငါးရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ပွဲတွေအတွင်း စစ်အုပ်စု လက်အောက်ခံ ပျူစောထီးနဲ့ ကသည်းလက်နက်ကိုင်တပ်သား ၂၃ ဦး သေဆုံးကာ စစ်အုပ်စုလည်း အသေအပျောက် များပြီး ဒဏ်ရာရသူတွေကို လေကြောင်းကနေ လာရောက် ကယ်ထုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒဏ်ရာရသူတွေကို မြို့ပေါ်ကို ကယ်ထုတ်သွားတယ်။ ဒဏ်ရာရတာကတော့ အနည်းဆုံး ၃၀ ကျော် ရှိမယ်။ လေကြောင်းကတော့ ဗုံးကြဲတာကကတော့ သုံးကြိမ် လောက်ကြဲတာ၊ နန်းမွန်းတားကနေ ပြန်ဆုတ်သွားတယ်။ ပန်းသာဘက်ကို ပြန်သွားတာ”

ဒဏ်ရာရသူတွေကို လေယာဉ်နဲ့ လာကယ်ထုတ်တဲ့ စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားရာ နေရာအနီး နန်းမွန်းတား ကျေးရွာကို သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပန်းသာကျေးရွာကနေ တမူး – ကလေး လမ်းအတိုင်း လေးမိုင်အကွာမှာ ရှိတဲ့ နန်းမွန်းတားနဲ့ ရန်ငြိမ်းအောင် ကျေးရွာဘက် နယ်မြေချဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဩဂုတ် ၉ရက်မှာ နောက်ပြန်ဆုတ် ထွက်ပြေးသွားပြီး ပန်းသာကျေးရွာအတွင်းကို ပြန်ဝင်သွားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပန်းသာကျေးရွာထဲ ‌ ခြေကုပ်ယူထားတဲ့ စစ်အုပ်စုဟာ ရန်ငြိမ်းအောင်နဲ့ နန်းမွန်းတား ကျေးတွေကို မကြာခဏ စစ်ကြောင်းထိုး ရန်ပြုနေလို့ ပြီးခဲ့တဲ့ ၂၀၂၃ ကတည်းက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရပြီး ဒီနေ့တိုင် နေရပ်ကို ပြန်လည် မနေထိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပန်းသာကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး ဆီရှိကြတဲ့ ရန်ငြိမ်းအောင်နဲ့ နန်းမွန်းတားကျေးရွာက အိမ်ခြေ ၅၀၀ ခန့်စီ ရှိတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦး၊ ဝက်လက်၊ တမူး၊ ကလေး၊ ကလေးဝ၊ စစ်ကိုင်း စတဲ့ ၁၀ မြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *