ဖမ်းဆီးခဲ့ကြသူ စစ်တပ်အကြီးအကဲနဲ့ စခန်းမှူးတွေကို တရားစွဲပြီး ပြုတ်အောင်လုပ်မယ်လို့ ဆို
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ခင်မောင်စိုး ရဲ့ တူဟာ စစ်မှုထမ်းတပ်သားသစ် အဖြစ် ဖမ်းဆီးခံခဲ့ရပြီး ငွေကျပ်သိန်း(၅၀) နဲ့ ပြန်လည်ရွေးထုတ်ခဲ့ရတယ်လို့ နေပြည်တော်အသိုင်းအဝန်းက သိရပါတယ်။
ဥက္ကဋ္ဌခင်မောင်စိုး တူကို ဇူလိုင်လ ၂၀ ရက်ကျော်ခန့်က ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ ရဲစခန်းကနေ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး စခန်းမှူးခင်မောင်စိုးက သိန်း(၅၀) တောင်းကာ ပြန်လွှတ်ပေးလိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး စစ်ကောင်စီလူကြီးတွေကို တိုင်တန်းတရားစွဲမယ့် အဆင့်ထိရောက်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိထားသူက ပြောပါတယ်။
“ပါတီဥက္ကဋ္ဌက သူအမျိုးတွေဆီက ငွေကြေးတောင်းတာများလို့ စစ်ကောင်စီစစ်ရေးအကြီးအကဲ တယောက်ကိုပြောပြတာကို အကြီးအကဲက ဖြေရှင်းပေးမယ်ဆိုပြီး ဘာမှလုပ်မပေးဘဲနေနေတာပါ။” လို့ ဆိုပါတယ်။
ရဲအုပ်ခင်မောင်ဝင်းကိုတော့ ငွေကြေးတောင်းတာ များတယ်ဆိုပြီး ရဲချုပ်ဆီကို စာပို့မယ်လို့ ဆိုပါတယ်။
ဝက်ထီးကန်ရဲစခန်းမှာ အဲဒီရက်က ငွေကြေးရယူပြီး ၃ ဦးကိုပြန်လွှတ်ပေးခဲ့တာဖြစ်ကာ ၁ဦးကို သိန်း(၄၀) ၁ဦးကိုတော့ သိန်း(၇၀) နဲ့ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
“သူတို့ကအဲဒါကိုလူမသိအောင် တိုးတိုးတိတ်တိတ်ဖြေရှင်းနေတာဗျ။ အခုချိန်ထိကိုမပြေလည်သေးဘူး။ ပါတီဥက္ကဋ္ဌ ကတော့ ရာထူးကနေပြုတ်အောင်ကို တရားစွဲမယ်လို့ ပြောနေတယ်။ ပါတီဝင်ဥက္ကဋ္ဌနဲ့ စစ်ကောင်စီအကြီးအကဲ ဘယ်သူအာဏာပိုရှိလဲဆိုတာ သိချင်မိပါတယ်” လို့ ဖြစ်စဉ်ကို သိရှိထားသူကပြောပါတယ်။
သိန်းစိန် အစိုးရလက်ထက်မှာ ခင်မောင်စိုးဟာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီကတော့ ပါတီဝင်တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲတွေမှာ ပါတီထဲကိုဝင်ရောက်ထားပါက စစ်မှုထမ်းဖမ်းဆီးခံရမှုကို ဖြေရှင်းပေးမှာဖြစ်ပြီး ဖမ်းဆီးမခံရအောင် လုပ်ဆောင်ပေးမယ်လို့ စည်းရုံးပြောဆိုတာတွေ ရှိနေပါတယ်။


Leave a Reply