ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ ၈ ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းမပေါ်ရှိ Yangon Tanlwin ဟိုတယ်ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ နယူးပါတီ KTV မှာ သြဂုတ် ၁၀ ရက် ညနေ ၃ နာရီက တရုတ်နိုင်ငံသားတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နယူးပါတီ KTV အခန်းအမှတ် N -02 မှာ ရောက်နေတဲ့ အသက် ၅၀ အရွယ် တရုတ်နိုင်ငံသားကို အမည်မသိ အမျိုးသားနှစ်ယောက်က အခန်းအတွင်း ဝင်ကာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာ ဖြစ်ပါတယ်။

မြို့ခံတယောက်က “ဘယ်ကနေ စဖြစ်လဲတော့ မသိဘူး၊ စစ်တပ်ပါ ရောက်လာတာ။ အဲဒီအခန်းထဲက သေနတ်တွေလည်း မိတယ်။ ကြားရတဲ့သတင်းအရ တရုတ်က ဖမ်းဝရမ်းထုတ်တဲ့ ကျားဖြန့်ဂိုဏ်းက အနွယ်ဝင်ကို လာသတ်သွားတာ ဆိုပြီးပြောနေကြတယ်”လို့ ပြောပါတယ်။

သေဆုံးသူမှာ အသက် ၅၀ အရွယ် ဟော်ချွမ်းမြန်(ခ)အိုက်မြင့် ဖြစ်ပြီး အခန်းအတွင်းမှာ အမေရိကန်နိုင်ငံထုတ် သေနတ်တလက်နဲ့ ကျည်အိမ်နှစ်ခု သိမ်းဆည်းရမိကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဘယ်လိုကနေ ဖြစ်လဲတော့ မသိဘူး၊ နားထင်ကို တေ့ပြီး ပစ်သွားတာ၊ သူ့မှာလည်း သေနတ်ပါတယ်၊ ပြန်ပစ်ချိန် မရလိုက်ဘူး၊ KTV က ဝန်ထမ်းတွေကို စစ်တပ်က စစ်ဆေးနေတယ်၊ ဖြစ်စဥ်ကို သိရအောင်၊ အခန်းထဲက အမေရိကန်ထုတ် 32 Auto DAA 490811 သေနတ်ရယ် ကျည်အိမ် ၂ ခုရယ် တွေ့တယ်။”

လတ်တလောမှာ ရဲတပ်ဖွဲ့က သေဆုံးသူမှာ တရုတ်က ဖမ်းဝရမ်းထုတ်ထားတဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ဟုတ်၊ မဟုတ် တရုတ်သံရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

သြဂုတ် ၂ ရက်ကလည်း မရန်းကုန်းမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း ဂမုန်းပွင့်အနီး ကမ္ဘာအေးကွန်ဒိုမှာ နေထိုင်တဲ့ တောင်ကိုရီးယားနိုင်ငံသား တယောက် သတ်ဖြတ် လုယက်ခံရတဲ့ ဖြစ်စဥ်မှာလည်း တရားခံကို အခုချိန်ထိ မမိသေးပါဘူး။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *