မြင့်ဆွေ မသာချ လမ်းကြောင်းအသေးစိတ် ပေါက်ကြားခဲ့သဖြင့် လုံခြုံရေး အစီအမံများ အဆင့်ထပ်မံ မြှင့်တင်ပြောင်းလဲခဲ့ရပြီး ဒရုန်း Jammer နှင့် Drone Guard များ နှစ်ဆတိုးချထား

အကြမ်းဖက်စစ်တပ်၏ ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ ယနေ့ မသာချ လမ်းကြောင်းမှာ ၁ ရက်ကြိုတင် ပေါက်ကြားခဲ့သဖြင့် စစ်တပ်က လုံခြုံရေး အစီအမံများ အဆင့်ထပ်မံမြှင့်တင်ပြောင်းလဲခဲ့ရပြီး ဒရုန်း Jammer နှင့် Drone Guard များ နှစ်ဆတိုးခဲ့ရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မြင့်ဆွေအလောင်းမသာကို အမှတ် ၂ စစ်ဆေးရုံမှ စစ်သင်္ချိုင်းသို့ ပို့ဆောင်ရာတွင် လမ်းကြောင်း ၈ ခု သတ်မှတ်ထားပြီး ယင်းသတ်မှတ်လမ်းကြောင်း ၈ ခုကို အစိတ်အပိုင်းများနှင့်တကွ ယမန်နေ့ကသတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

“ဈာပန လမ်းကြောင်းတွေ ပေါက်သွားလို့ လုံခြုံရေးတွေ ထပ်တိုးလိုက်တယ်။ ဒရုန်း Jammer နဲ့ Drone Guard တွေ ဈာပန လမ်းပိုင်း ၈ ခုလုံးမှာ နှစ်ဆတိုးလိုက်တယ်။ လုံခြုံရေး အစီအမံတွေ အကုန် အပြောင်းအလဲလုပ်ပြီး ထပ်တိုးလိုက်တာ။ လမ်း ကြောင်း သယ်မယ့် အစီအစဉ်တွေ အကုန်ပေါက်သွားလို့။ ဒရုန်းနဲ့ ဗုံးကျဲခံရမှာ စိုးရိမ်လို့ လုံခြုံရေး ထပ်တိုးတာ ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယနေ့ နေပြည်တော်တွင် နံက် ၉ နာရီမှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန်အထိ မြင့်ဆွေ နာရေးလမ်းကြောင်း တစ်လျှောက်နှင့် စစ်သင်္ချိုင်းတွင် စစ်တပ်က Jammer များ ဖွင့်ထားသဖြင့် ဖုန်းလိုင်းများနှင့် အင်တာနက်များ ယာယီ ဖြတ်တောက်ခံထားရကြောင်း သိရှိရသည်။

ယနေ့ မသာချသည့် မြင့်ဆွေ အသုဘသို့ ပြည်သူများနှင့် Non-CDM ဝန်ထမ်းများကို စစ်တပ်က အတင်းအကျပ် ဆင့်ခေါ်ခဲ့ပြီး နံနက်အစောပိုင်းမှစတင်၍ လမ်းဘေးဝဲယာတစ်လျှောက် နေပူထဲတွင် စောင့်ဆိုင်းခဲ့ရကြောင်း၊ အတင်း အကျပ် ဆင့်ခေါ်ခံခဲ့ရသော ပြည်သူများအတွက် ထွေ/အုပ်က အစားအသောက် စီစဉ်ပေးမည်ဟု ဆိုခဲ့သော်လည်း မည်သည့်အစားအသောက်မှ မပေးခဲ့ကြောင်း ဖိအားပေး ခြိမ်းခြောက်ခေါ်ဆိုခံခဲ့ရသည့် ဒေသခံပြည်သူတချို့က ပြောဆိုသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပန လူစည်ကားစေရန် ငွေပေးပြီး လူခေါ်ခဲ့ရ

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနကို စစ်ကောင်စီက နိုင်ငံတော်အဆင့်ဆိုပြီး ကျင်းပခဲ့ပေမဲ့ လူစည်ကားစေဖို့ တယောက် ကျပ် ၁၀,၀၀၀ နှုန်းနဲ့ ရပ်ကွက်ထဲကသူတွေကို ခေါ်ခဲ့ရတယ်လို့ နေပြည်တော်ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၇ ရက်မှာ ကွယ်လွန်ခဲ့တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနကို ဩဂုတ် ၁၁ ရက် ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်စစ်သင်္ချိုင်းမှာ ပြုလုပ်ခဲ့ပြီး လူစည်ကားစေဖို့အတွက် ဝန်ထမ်းတွေကို မဖြစ်မနေ အသုဘပို့ခိုင်းတဲ့အပြင် ငွေကြေးပေးမယ်ဆိုပြီး ရပ်ကွက်တွေထဲက ပြည်သူတွေကိုပါ ခေါ်ယူခဲ့တယ်လို့ နေပြည်တော် ဒေသခံတွေက ပြောပါတယ်။

အသုဘသွားရောက်ခဲ့တဲ့ နေပြည်တော် ဒေသခံတယောက်က “နေက ပူသလို ဘယ်သူမှ လိုက်မပို့ချင်ဘူး။ ကျပ် ၁၀,၀၀၀ ပေးမယ်ဆိုပြီး အသည်းအသန် လာခေါ်တာကြောင့် မနက်ကတည်းက လာစောင့်နေရတာ။ ရေဘူးနဲ့ တရားစာအုပ်သာ ပေးတယ်”လို့ ပြောပါတယ်။

တာဝန်ရှိသူတွေက လူစုပေးပါဆိုလို့ ရပ်ကွက်ထဲကလူတွေကို စုပေးလိုက်ရကာ ထမင်းဖိုးပေးမယ်ဆိုပြီး တရပ်ကွက်ကို အယောက် ၂၀ ခေါ်ပေးရပေမဲ့ စိတ်မဝင်စားကြသူတွေ များတယ်လို့ နေပြည်တော်ဒေသခံကပြောပါတယ်။

တချို့ကျတော့လည်း နိုင်ငံတော်ဈာပနဆိုတာ ဘယ်လိုမျိုးလဲဆိုပြီး လာကြည့်ကြတာ ဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ သူတို့ရုံးကခေါ်ကြပြီး ပြည်သူတွေကတော့ ပိုက်ဆံပေးပြီး စည်းရုံးရတာလို့ လူစုပေးခဲ့ရတဲ့ ရပ်ကွက်လူကြီးတယောက်က ပြောပါတယ်။

ဒါ့အပြင် ဦးမြင့်ဆွေရဲ့နာရေးကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကလည်း မဖြစ်မနေ လိုက်ပါပို့ဆောင်ပေးရပြီး ဝန်ထမ်းဦးရေ ၅,၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ရုပ်အလောင်းသယ်ဆောင်ရာ လမ်းတလျှောက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အနီးနားရှိ ကျေးရွာတွေက ပြည်သူတွေကို အင်အားပြအနေနဲ့ စောင့်နေကြရပြီး အသုဘ လိုက်ပါပို့ဆောင်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဩဂုတ် ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်က အမှတ် ၂ တပ်မတော်ဆေးရုံ ခုတင် ၁၀၀၀ မှာ တက်ရောက် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *