ဗန်းမော်တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူးနှင့် ဗိုလ်အဆင့်ရှိသူများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးထိခိုက်မှုရှိကြောင်း သိရသည်။
စစ်သင်္ဘောများမှ လက်နက်ခဲယမ်းနှင့် လူအင်အားများ လာရောက်ပို့ဆောင်ပြီးနောက် ဗန်းမော်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စကခ ၂၁ မှ တပ်ရင်းမှူးအပါအဝင် ဗိုလ်ကြီးတစ်ဦးတို့သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။
”ဩဂုတ် ၂ရက်နေ့ နောက်ပိုင်း ဗန်းမော်တိုက်ပွဲပိုပြင်းထန်လာပြီး စစ်တပ်ဘက်က ဗုံးနေ့တိုင်းလာကြဲတယ်။ ဒရုန်းနဲ့အဓိကထားပြီး နည်းပညာအားကိုးတိုက်တာပေါ့။ ၇ရက်နေ့တိုက်ပွဲမှာ ဒရုန်းတပ်ခေါင်းဆောင်သေတယ်” ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်နှင့် KIA တို့တိုက်ပွဲတွင် ဒရုန်းတပ်ဖွဲ့ကို ဦးဆောင်လာသည့် ဗိုလ်ကြီး တန်အောင်ထန်း သေဆုံးသွားကြောင်း သိရသည်။
အမြောက်တပ် ၃၆၆ အတွင်း စစ်ကော်မရှင်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်က အလောင်းများနှင့် ဒဏ်ရာရသူများကို စကခ ၂၁ အတွင်းသို့ သယ်ယူသွားပြီး တပ်ဆုတ်သွားကြောင်း သိရသည်။
ထို့အပြင် KIA က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ စကခ၂၁ အတွင်းရှိ လက်နက် တိုက်ကို ထိမှန်သည့်အတွက် ပေါက်ကွဲအားပြင်းထန်ကာ သေဆုံးထိခိုက်သူများပြားနိုင်ကြောင်း သတင်းရင်းမြစ်က အသိပေးသည်။
ပုံစာ – ဗန်းမော်လေဆိပ်လေယာဥ်ပြေးလမ်းမှ KIA တပ်ဖွဲ့ဝင်များ(ပုံအဟောင်းအား အသုံးပြုထားပါသည်။)


Leave a Reply