မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးကို လုံခြုံရေးဘန်ကာများ၊ အချုပ်ဆောင်များဖြင့် အခိုင်အမာ ဆောက်လုပ်

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးအသစ်ကို အခု ဩဂုတ်လမှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး လုံခြုံရေးဘန်ကာတွေနဲ့ အချုပ်ဆောင်တွေပါ ပါဝင်‌နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့ခံတယောက်က “ဒီဘက် ရဲစခန်းအသစ်က ၂၀၂၄ လောက်မှ စဆောက်တာ။ အဲဒီတုန်းက ရဲစခန်းလို့ မသိရဘူး။ ပတ်ပတ်လည် အကုန် အုတ်ကြီးဆောက်တာ။ ဒီ ၈ လပိုင်းကမှ အထဲမှာ ရုံးထိုင်နေကြတာ တွေ့တယ်။ ရဲလိုင်းခန်းနဲ့ အချုပ်ခန်းတွေလည်း ပါတယ်။ တရားရုံးအသစ်လည်း ဒီနှစ်ထဲ ပြန်ဖွင့်မယ် ကြားတယ်” လို့ ပြောပါတယ်။

အသစ်ဆောက်လုပ်ထားတဲ့ ခရိုင်ရဲမြေနေရာဟာ ခေမာသီလမ်းမ၊ မြရတနာမှတ်တိုင်နဲ့ နွယ်သာကီ မှတ်တိုင်ကြား နေရာရှိ စစ်မှုထမ်းဟောင်းပိုင် မြေနေရာ ဖြစ်ပါတယ်။

ဘေးကပ်လျက်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မီးလောင်ပြီး ပြန်တည်ဆောက်ထားတဲ့ မြောက်ဥက္ကလာ သုံးထပ်တရားရုံးအသစ် ရှိနေပါတယ်။

မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးဝင်းအတွင်း အဆောက်အအုံအသစ် ၂ ခု ပေါ်ပေါက်လာတာကို ဂူးဂဲလ် မှတ်တမ်းတွေကနေ တွေ့ရသလို မြို့ခံတွေကလည်း အတည်ပြုထားကြပါတယ်။

ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ လုံခြုံရေးဘန်ကာတခု၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးပတ်လည်မှာ လုံခြုံရေးဘန်ကာ ၃ ခုအထိ တိုးချဲ့ဆောက်လုပ်ထားပြီး ခရိုင်ရဲရုံး နှစ်ထပ်အဆောက်အအုံရဲ့ အောက်ထပ်မှာ အချုပ်ဆောင် ၄ ဆောင် ထည့်သွင်းထားတယ်လို့ သိရပါတယ်။

မရမ်းကုန်းခရိုင်အတွင်းမှာ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်တို့ ပါဝင်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်မှာ မြို့နယ် ၃ ခုကို ခရိုင်တခုအဖြစ် ပြောင်းလဲခဲ့တာပါ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *