မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ဖြစ့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး MBT အထူးကွန်မန်ဒို ရဲဘော် ၅ ဦးကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၇၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက်နေ့က မြင်းခြံမြို့အနီးရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော နယ်မြေ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ ဩဂုတ်လ ၁ ရက်နေ့တွင် တစ်ကြိမ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ စုဖွဲ့မှုပြိုကွဲကာ တပ်လန်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ထွက်ပြေးသွားပြီးနောက် ထပ်မံအင်အားဖြည့်တင်း၍ လေကြောင်းပစ်ကူ အလွန်အကျွံသုံးစွဲပြီး နောက်ထပ်တစ်ကြိမ် ထိုးစစ်ဆင်လာခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အပြင်းအထန်ခုခံတိုက် ခိုက်ခဲ့သော်လည်း တိုက်ပွဲအချိန် ကြာလာသည်နှင့်အမျှ လက်နက်ခဲယမ်းပြတ်တောက်သွားသော ကြောင့် ဩဂုတ်လ ၁၀ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းအချို့ကိုလက်လွှတ်ပေးခဲ့ရ သည်ဟုဆိုသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၇၀ ဦးထက်မနည်းသေဆုံးကာ ၁၇၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၇ လပိုင်း ၃၁ ရက်နေ့စဖြစ်တာ၊ ဒီနေ့အထိပဲဆိုပါစို့၊ ဒီနေ့မနက်တောင် တိုက်ပွဲထပ်ဖြစ် သေးတယ်။ ဒီနေ့ရောဆိုရင် စုစုပေါင်း ၁၂ ရက်ကျော်နေပြီ။ ကျနော်တို့ဘက်က စခန်းအချို့ လက် လွှတ်ပေးလိုက်ရတာရှိတယ်။ ခဲယမ်းပြတ်တောက်သွားတဲ့အတွက်ကြောင့် စခန်းအချို့လက်လွှတ် ပေးလိုက်ရတာရှိတယ်။ ဒါပေမယ့် ကျနော်တို့လုံးဝဆုတ်သွားတာမဟုတ်ဘူး။ ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာတွေရှိသလို Defense ပြင်ဆင်ပြီး တိုက်ခိုက်နေတာတွေရှိပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာတော့ အမျိုးမျိုးတက်ကြတာပေါ့၊ မြေပြင်မှာတော့ စစ်ကောင်စီက အကျဆုံး များနေတယ်။ အလောင်းတွေတောင် ကောက်လို့မနိုင်ဘူးဖြစ်နေတာ၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ ပြည်သူလူထုကို အပြည့်အဝမကာကွယ်ပေးနိုင်တဲ့အတွက် တောင်းပန်တယ်၊ ဒါပေမယ့် အကောင်းဆုံးပြင်ဆင်ပြီးတော့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်၊အခုချိန်အထိ လည်းတိုက်ခိုက်နေတယ်။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

အဆိုပါ ခုခံတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၇ ၊ တပ်ရင်း ၈ ၊ ဗိုလ်စားပြောက်တပ်ဖွဲ့၊ ဝံပုလွေတပ်ဖွဲ့ ၊ မြင်းခြံခရိုင်ပကဖ ၊တောင်သာမြို့ နယ် ပကဖနှင့် အခြားမဟာတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Myingyan Black Tiger (MBT)တပ်ဖွဲ့၊ အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ဇော်ကြီး (တပ်စိပ်မူး)၊ ရဲဘော်ဝန (ဒု- တပ်စိပ်မူး) ၊ ရဲဘော်ကျွဲကြီး ၊ ရဲဘော် Black Shar နှင့် MBT စစ်ကြောင်း -၅ မှ ရဲဘော်ကိုဖက်တို့ စုစုပေါင်း ရဲ ဘော် ၅ ဦးနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်အချို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး လက်နက်၊ ခဲယမ်းအချို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Myingyan Black Tiger – MBT တပ်ဖွဲ့ကို လာရောက်ကူညီအားဖြည့်ပေးခဲ့သော မဟာမိတ်တပ်ဖွဲ့ များကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် MBTတပ်အနေဖြင့် ခဲယမ်းပြန်လည်ဖြည့်တင်းကာ အ ကောင်းဆုံးကြိုးစား၍ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *