စစ်ကိုင်းတွင် ခရီးသွားယာဉ်တန်းကို စစ်အုပ်စုကလေကြောင်းမှတိုက်ခိုက်မှု ၆ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်းကြောင့် ပိတ်မိနေသည့် ခရီးသွား ယာဉ်တန်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ခရီးသွားပြည်သူ ခြောက်ဦးထက်မနည်း သေဆုံးပြီး ကားလေးစီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် စစ်ကိုင်း-ရွှေဘိုခရိုင်ချင်းဆက်လမ်းပေါ်ရှိ တောင်ရင်း ကျေးရွာနှင့် ၁၄ မိုင်လမ်းဆုံနှင့် တောင်ရင်း-ပဒူအစပ်ကို စစ်အုပ်စုက လေယာဉ်ငါးစီးဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားလမ်းကပိတ်ထားတာတဲ့၊ အဲဒီမှာ မန္တလေးကလာတဲ့ကားတွေ ပိတ်မိနေတာအများကြီးပဲ။ အဲဒီပေါ် ကို ဖိုက်တာနဲ့ ဗုံးကြဲချသွားတာ။ သေတဲ့သူရော ဒဏ်ရာရသူပါ များတယ်။ ကားပေါ် ငုတ်တုတ်ကြီးခေါင်း ပြတ်နေတာတွေရော ကားအောက်မှာတွေပါ အများကြီးပဲ” ဟု ဖြစ်စဉ်ကိုသိရှိသော ဒေသခံတဦးကပြော သည်။

စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦး ကျော်ရှိ ပြီး လမ်းဆုံအနီးရှိ စားသောက်ဆိုင်တဆိုင်နှင့် ကွမ်းယာဆိုင်တဆိုင်လည်း မီးလောင်ပျက်စီးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

တိုက်ခိုက်ခံရမှုအတွှင်း ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သော်လည်း စစ်အုပ်စုစစ်ကြောင်းအန္တရာယ်ကို စိုးရိမ်နေရသည့် အခြေအနေရှိ နေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့(ဩဂုတ်လ ၁၂ ရက်)နံနက်ပိုင်းတွင်လည်း စစ်ကိုင်း တပ်မ ၃၃ မှ စစ်အုပ်စစ်ကြောင်းတကြောင်း သည် စကျင်မြို့ဖက်သို့တက်လာနေပြီး ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်အစပ် ရွာစဉ့်ကိုင်(မြောက်)ရွာ၌ ရောက်ရှိနေသည့် စစ်ကြောင်းသည်လည်း လှုပ်ရှားမှုများရှိနေသေးကြောင်း ဝက်လက်အခြေစိုက်တပ်ဖွဲ့ တခု၏ တပ်ရင်းမှူးတဦး ကပြောသည်။

“အခု အဲဒီနေရာကကားတွေဟာ စစ်ကြောင်းနှစ်ကြောင်းကြားမှာပိတ်မိနေတာဆိုတော့ မီးထပ်ရှို့နိုင်တဲ့ အန္တရာယ်တော့ ရှိတယ် “ ဟု ၎င်းက ပြောသည်။

စစ်အုပ်စုသည် စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ် ဧရာ၀တီမြစ်ကမ်းဘေးကျေးရွာများကို ပြီးခဲ့ သည့် ဇူလိုင်လအတွင်းမှစ၍ စစ်ကြောင်းထိုးရန်လုပ်ဆောင်နေခြင်းဖြစ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *