ရန်ကုန်မြို့၊ နယူးပါတီ KTV တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော အိုက်မြင့်(ခ)ဟော်ချွမ်းမြန်မှာ ဒုစရိုက်လောကမှ ဖြစ်ပြီး ၎င်း၏နာရေးသို့ ဗိုလ်မှူး၊ ဗိုလ်ကြီး ၈ ဦးက လွမ်းသူ့ပန်းခြင်းပို့

ရန်ကုန်မြို့၊ လသာမြို့နယ်၊ Yangon Thanlwin ဟိုတယ်ရှိ New Party KTV တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော အိုက်မြင့်(ခ)ဟော်ချွမ်းမြန်၏ နာရေးကို ယနေ့ ပြုလုပ်ရာတွင် စစ်ကောင်စီတပ်၏ နယ်မြေခံ ဗိုလ်မှူးနှင့် ဗိုလ်ကြီး ၈ ဦးက လွမ်းသူ့ပန်းခြင်းများပေးပို့ခဲ့ကြကြောင်း အဆိုပါအမှုကို လေ့လာစောင့်ကြည့်နေသူများက ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ရန်ကုန်မြို့၊ လသာမြို့နယ်၊ အမှတ် ၈ ရပ်ကွက် ၊ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်သံလွင်ဟိုတယ်၊ ပထမထပ်ရှိ New Party KTV တွင် အသက် ၅၀ နှစ်အရွယ် အိုက်မြင့်(ခ)ဟော်ချွမ်းမြန်သည် ဝဲဘက်နားထင် ကျည်ဖောက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ KTV အခန်းအတွင်းတွင် 3032 TOMCAT-32 AUTO တံဆိပ်ပါ အမေရိကန်နိုင်ငံလုပ်၊ သေနတ်ကျည်ထည်အမှတ် 32 Auto DAA 490811 စာတမ်းပါ ရွှေရောင်သေနတ် ၁ လက်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ယနေ့တွင် အိုက်မြင့်(ခ) ဟော်ချွမ်းမြန်၏ နာရေးကို ပြုလုပ်ရာတွင် နာရေးသို့ ဗိုလ်ကြီး ထူးဝေယံဖြိုး၊ ဗိုလ်မှူး မျိုးကိုကို ၊ ဗိုလ်ကြီးနိုင်လင်းအောင် ( ကကလေ) အပါအဝင် နယ်မြေအဆင့်တွင် မြို့နယ်ထောက်လှမ်းရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရာထူး ရယူထားသော ဗိုလ်ကြီး၊ ဗိုလ်မှူး ၈ ဦးတို့က လွမ်းသူ ပန်းခြင်းများ ပေးပို့ခဲ့ကြကြောင်း သိရှိရသည်။
“ဒုစရိုက်လောကသား တစ်ဦးရဲ့ နာရေးကို ဗိုလ်ကြီးနဲ့ ဗိုလ်မှူးတွေ ထောက်လှမ်းရေးတွေ ၀ိုင်းပြီး လွမ်းသူ့ ပန်းခြင်းပို့ကြတယ်ဆိုပြီး စစ်ဘက်အသိုင်းအ၀ိုင်းမှာ သူတို့အချင်းချင်းတောင် ပြန်ပြီး ဝေဖန်နေကြတယ်။ ပန်းခြင်းပို့တဲ့ နယ်မြေခံ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေ အကုန်ခေါ်စစ်ရင် မူးယစ်ဆေးဝါးအမှု ပေါ်မယ်ဆိုပြီး ပြောဆိုနေကြတယ်” ဟု ယင်းအမှုကို လေ့လာစောင့်ကြည့်နေသူက ပြောဆိုသည်။

သေဆုံးသူ အိုက်မြင့်(ခ)ဟော်ချွမ်းမြန်သည် မူးယစ်ဆေးဝါးအမှုနှင့်ပတ်သက်သူဖြစ်သည့်အပြင် ကျားဖြန့် အမှုများနှင့်ပတ် သက်၍ ရန်ကုန်တွင် လာရောက် တိမ်းရှောင်နေသူဖြစ်သည်ဆိုသော သတင်းပေးပို့မှုများကို လက်ခံရရှိထားသော်လည်း ယင်းအချက်အလက်များကို အတည်ပြုနိုင်ခြင်းမရှိပေ။


Leave a Reply