စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ တရားရုံးတွေနဲ့ ရာဇဝတ်ခုံရုံးတွေကနေ တရားဝင် ဖမ်းဝရမ်းထုတ်နိုင်ရေးနဲ့ အရေးယူနိုင်ရေးအတွက် သက်သေအထောက်အထားတွေနဲ့ စိစစ်တွေ့ရှိချက်တွေကို ရရှိထားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဆိုပါတယ်။
တွေ့ရှိချက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေဆီ မျှဝေပေးနေတယ်လို့ ဩဂုတ်လ ၁၂ ရက်မှာထုတ်ပြန်တဲ့ IIMM ရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုထင်ရှားတာကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်နိုင်ရေး တရားလိုရှေ့နေ လျောက်ထားရာမှာ သက်ဆိုင်ရာ သက်သေ အထောက်အထားတွေနဲ့ စိစစ်သုံးသပ်ချက်တွေကို ပံ့ပိုးပေးခဲ့ပြီး ဆက်လက်ပြီးတော့လည်း ပံ့ပိုးမျှဝေပေးနေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။
ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေသာမက စစ်ကြောရေးစခန်းတွေမှာ စနစ်တကျ ညှင်းပန်းနှိပ်စက်နေတာတွေကို ထင်ထင်ရှားရှား ပြသနေတဲ့ သက်သေအထောက်အထားတွေကိုလည်းပါဝင်ပြီး ဒီထိန်းသိမ်းစစ်ကြောတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်ဖွဲ့တွေကို ရှာဖွေဖော်ထုတ် ရာမှာလည်း တိုးတက်မှုတွေရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။


Leave a Reply