မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ထိုးနေသော စစ်ကြောင်းကို PDF ရဲဘော်နှစ်ယောက်တည်းက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဩဂုတ် ၁၂ရက်၊ နံနက် ၉နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်အတွင်း အင်အား၃၀၀ဝန်းကျင်ပါ စစ်ကြောင်းသည် သုံးကြောင်းခွဲ၍ ထိုးလာခဲ့ရာ ခြေဆေးရွာအရှေ့ဘက်၌ PDF ရဲဘော်နှစ်ယောက်တည်းက ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ဦးလည်း ဒဏ်ရာရခဲ့ကြောင်း Myingyan Black Tigerအဖွဲ့က သတင်းထုတ်ပြန်သည်။

” စစ်ကြောင်းက ခြေဆေးရယ် ကံဆင့်ရယ်ဘက်ကနေ စစ်ကြောင်း ၃ကြောင်း ဖြန့်ထွက်လာတဲ့စစ်ကြောင်းဗျ။ တိုက်ခိုက်မှုက ခြေဆေးရွာရဲ့အရှေ့ဘက်လောက်မှာ ဖြစ်ခဲ့တာဗျ။ ရဲဘော်နှစ်ယောက်တည်းနဲ့ အနီးကပ် ပြောက်ကျားနည်းစနစ်ကို သုံးပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာဗျ။ အပြန်အလှန်ပစ်ခတ်တာမဟုတ်ဘူးဗျ။ သူတို့ဘက်က တစ်ချက်မှကို ပြန်မပစ်နိုင်ခဲ့ဘူး” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ယင်းစစ်ကြောင်းတွင် အင်အား များပြားသဖြင့် လက်နက်ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။

” ကျနော်တို့ လက်နက်တက်ကောက်ဖို့ ကြိုးစားတဲ့အချိန်မှာ သူတို့ဘက်က တခြားအင်အား‌တွေ အများကြီးရှိနေတာ။ ကျနော်တို့က ရန်သူ့ရဲ့ကြားထဲကို လျှပ်တစ်ပြက် ဝင်ပစ်ရတာပေါ့။ ပြောက်ကျားပေါ့၊ အပျောက်ပေါ့။ မမြင်အောင် ဝင်ပစ်ရတာ။ ပစ်ပြီးတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်ခဲ့ရတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့ (ဩဂုတ် ၁၃ရက်) ည ၈နာရီခွဲဝန်းကျင်အထိ တိုက်ခိုက်ခံရသည့် နေရာ၌ပင်ရှိနေသေးကြောင်းသိရသည်။

ယင်းစစ်ဆင်ရေး ပြုလုပ်ခဲ့သည့် ရဲဘော်နှစ်ဦးကို ထူးချွန်တပ်သားဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *