သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် စစ်ကောင်စီ ရွေးကောက်ပွဲ အတွက် သင်တန်းသွားတက်မည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်း စစ်ဆေးပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေး လမ်းပိုင်းတွင် စစ်ကောင်စီ ရွေးကောက်ပွဲ အတွက် သင်တန်းသွားတက်မည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်း စစ်ဆေးပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်-ရေး အမြန်လမ်းပိုင်းတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ရှိ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲ့တို့က လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီ ရွေးကောက်ပွဲ အတွက် သင်တန်းသွားတက်မည့် Non-CDM ကျောင်းဆရာမ ၄ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသည့် Non-CDM ကျောင်းဆရာမ ၄ ဦးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲ့တာဝန်ရှိသူများက ၂၄ နာရီခန့် စစ်ဆေးရန် ထိန်းသိမ်းထားခဲ့ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင် ပတ်သက်ခြင်းမပြုရန် ခံဝန်ကတိလက်မှတ်ရေးထိုးကာ ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ၎င်းတို့၏ မိသားစုဝင်များထံ ပြန် လည်အပ်နှံခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများမှာ ရေးမြို့နယ်၊ လမိုင်း အထက ကျောင်းမှ ဆရာမ ဒေါ်ဇာခြည်သော်၊ မော့ကနင် အထက ကျောင်းမှ ဆရာမဒေါ်ခင်လေးမွန်၊ နှစ်ကရင်အထက ကျောင်းမှ ဆရာ ဒေါ်ကြင်ဦးတို့အပါအဝင် ၄ ဦးဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် Non – CDM ဝန်ထမ်းများ၏ စာရင်းများကို ရရှိထားပြီး ဆက်လက်ပါပူးပေါင်းပါဝင်နေသူများကို ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *