ကချင်ပြည်နယ်ဗန်းမော်မြို့သို့စစ်သင်္ဘောများနှင့်ပို့ဆောင်ထားသည့်လက်နက်ခဲယမ်းများကိုဗန်းမော်ရှိလက်ကျန်စစ်ကောင်စီတပ်ဖွဲ့များထံ ဖြန့်ဝေရန် ကြိုးပမ်းနေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ဩဂုတ် ၁ ရက်တွင် ဗန်းမော်သို့ စစ်ကောင်စီတပ်သင်္ဘောများဆိုက်ကပ်ခဲ့ပြီးနောက်စစ်တပ်က လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုများ အများအပြား ပြုလုပ် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ယနေ့(ဩဂုတ် ၂၀ရက်)တွင်လည်းတိုက်ပွဲဆက်ဖြစ်နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“သူတို့က သင်္ဘောကနေ ရိက္ခာတွေနဲ့လက်နက်တွေ သူတို့တပ်ဖွဲ့တွေဆီကိုပို့ချင်တာ။အဲဒါကြောင့် စကစ (၂၁)မှာစုပုံထားတဲ့ လက်နက်တွေနဲ့ ရိက္ခာတွေ ပို့ချင်တာ အဲဒါကြောင့် သူတို့က စစ်မျက်နှာ သုံးလေးခု ဖွင့်ပြီးမှ ထိုးစစ်ဆင်လာတာပေါ့။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ထိုသို့ထိုးစစ်ဆင်နေသော်လည်းနှစ်ပတ်ခန့်ကြာ တိုက်ပွဲများဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ထိုးဖောက်နိုင်ခြင်းမရှိသေးဟုဆိုသည်။
“စကခ(၂၁)ကသီးသန့်အနေအထား၊ပြီးတော့ တက္ကသိုလ်ကျောင်းဝင်းမှာလည်း သူတို့ရှိတယ်။ ပြီးတော့ မံစီထွက်ပေါက် မံစီဘက် သွားတဲ့လမ်း အဲဒီမှာ ၄၇တပ်ရင်းရှိတယ်အဲဒီမှာလည်း သူတို့ရှိသေးတယ်။ ပြီးတော့ မြို့တွင်းမှာလည်း ရှိတယ်။ ပြီးတော့ မိုးမောက်ဘက်ထွက်တဲ့လမ်း အဲဒီမှာ လေ့ကျင့်ရေးတပ်ရင်းတို့ BE တပ် ထောက်ပို့တပ် တွေရှိတယ်။ အဲဒီမှာလည်းသူတို့တပ်ဖွဲ့တွေရှိတယ်။ သူတို့ ရိက္ခာတွေပို့ချင်တာပေါ့။ အဲဒါ သူတို့က ထိုးဖောက်ချင်တာ အဲဒါကြောင့် သူတို့ထိုးစစ်ဆင်တာ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှာထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု ရှိဟု အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ဩဂုတ် ၁၈ ရက်တွင် အသိပေးထားသည်။
ဩဂုတ် ၁၈ရက်က ဗန်းမော် နောင်ခို၊ မင်းလှ ၊ရွှေကျီး စသည့် နေရာများ၌ လှုပ်ရှားလာသည့် စစ်ကောင်စီ တပ် တိုက်ခိုက်ခံရပြီး စကခ(၂၁) ဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသား ဖော်ပြသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အလောင်း၊ စစ်သုံ့ပမ်းနှင့် လက်နက်များ ရရှိသည်ဟုလည်း အသိပေးသည်။
ဗန်းမော်မြို့စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။
KIAသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှ စတင်ခဲ့ရာ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းနေရာများစွာ သိမ်းပိုက်ထားနိုင်ခဲ့သည်။
စစ်ကောင်စီဘက်ကလည်း ဗန်းမော်ကို လေကြောင်း၊ ရေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းပြီး ပြန်လည် စစ်ရေးလှုပ်ရှားလာရာ ၎င်းတို့ ဆုံးရှုံးထားသည့် အမြောက်တပ်(၃၆၆) နှင့် လေယာဥ်ကွင်းနေရာအချို့ကို ဩဂုတ် ဒုတိယပတ်တွင် ပြန်လည်ရယူနိုင်ခဲ့သည်။
သို့သော် KIA နှင့် ပူးပေါင်းတပ်ကလည်းပြန်လည် ထိုးစစ်ဆင်၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။
(ဗန်းမော်မြို့တိုက်ပွဲမှတော်လှန်ရေးတပ်ဖွဲ့ဝင်များ)


Leave a Reply