စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်းက ခံသာရွာ၊ စွယ်ရရွာနဲ့ ရွာရှည်ရွာတွေကို စစ်အုပ်စုက ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းမှာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူသုံးဦးသေဆုံးကာ၊ ရှစ်ဦးဒဏ်ရာရရှိတယ်လို့ ကောလင်း ဒေသခံတွေက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ရွှေဘို-မြစ်ကြီးနားလမ်းအရှေ့ဘက် ကောလင်း-ထီးချိုင့်မြို့နယ်အစပ်က ကျောက်ပုထိုးသတ္ထုသိုက် စီမံကိန်းအနီးက ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေအထဲမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦးပါဝင်ပြီး လတ်တ​လောအခြေအနေအရ နာမည်တွေနဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။

ကောလင်းမြို့နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ လူစည်ကားတဲ့ ခံသာရွာဈေးတန်း၊ စွယ်ရကျေးရွာနဲ့ ရွာရှည်ရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး စွယ်ရကျေးရွာကို လာရောက်စစ်ဘေးတိမ်းရှောင်သူနှစ်ဦးနဲ့ စွယ်ရရွာခံတစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ကောလင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ကောလင်းအရှေ့ခြမ်းဘက်က ခံသာဈေးတန်းရယ်၊ စွယ်ရကျေးရွာရယ်၊ ရွာရှည်ကျေးရာရယ်လို့ သိရပါတယ်ဗျ။ လတ်တလော ယေဘုယျအနေနဲ့ကတော့ သုံးဦးသေဆုံးပြီးတော့ ရှစ်ဦးဒဏ်ရာရတယ်လို့ သိရပါတယ်ဗျ။ သေတဲ့သုံးဦးကတော့ စွယ်ရကျေးရွာမှာ စစ်ရှောင်နေတဲ့ ပြည်သူနှစ်ဦးသေတယ်လို့ သိရတယ်။ စွယ်ရကျေးရွာ ရွာခံက တစ်ဦးသေတယ်လို့ သိရပါတယ်”

ဒဏ်ရာရသူတွေကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က ဆေးကုသမှု ပေးနေပြီး အသက်အန္တရာယ် စိုးရိမ်စရာ အခြေအနေ မရှိတော့ဘူးလို့ ဆိုပါတယ်။

ကောလင်းမြို့နယ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စစ်အုပ်စုက ၂၀၂၄ ခုနှစ်မှာ ပြန်လည်ထိန်းချုပ် ခဲ့တာဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *