ဖမ်းဆီးထားတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးကို နတခ အတွင်း ပြောင်းရွှေ့စစ်ဆေးနေ

ဗျူဟာမှူးတွေဖြစ်တဲ့ လွင်ထူးမောင်၊ ဇေယျာမောင်တို့နဲ့ စကားအခြေအတင် များခဲ့တာဖြစ်ပြီး ဒု-တိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင် ဖမ်းဆီးခဲ့တာလို့ တပ်တွင်းသတင်းရင်း​မြစ်တွေကဆိုပါတယ်။

ခြေလျင်တပ်ရင်း (ခလရ) ၂၇၁ က တပ်ရင်းမှူးကို ဩဂုတ်လ ၁၉ ရက်နေ့က စပြီး အမတ ၃၄၄ အတွင်းမှာ ဖမ်းဆီးစစ်ဆေးနေရာကနေ ၂ ရက်အကြာမှာ ပုသိမ်မြို့ တောင်ပေါ်မှာ ရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ဆီ ပြောင်းရွှေ့စစ်ဆေးနေပြီလို့ သိရပါတယ်။

“တပ်ရင်းမှူးကို ဖမ်းထားပြီး နှစ်ရက်မြောက် ညက လာခေါ်သွားတာ။ ပုသိမ် နတခ တပ်နယ်ထဲက တပ်ရင်းတခုကို ရွေ့လိုက်တာဖြစ်မယ်။ နေရာ တိတိကျကျတော့ မပြောတတ်ဘူး”လို့ ​​​ရေကြည်ရှိ တပ်တွင်းသတင်း ရင်းမြစ်က ပြောပါတယ်။

လောလောဆယ်မှာ ဖမ်းခံထားရတဲ့ တပ်ရင်းမှူးနဲ့ နောက်တန်းမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေဟာ ရှေ့တန်းစထွက်ခဲ့တဲ့ အချိန်ကစပြီး အဆက်အသွယ်တကြိမ်မှ မရသေးသလို အခုချိန်မှာလည်း ဘယ်မှာ ဖမ်းဆီး စစ်ဆေးနေတယ်ဆိုတာကို မသိကြရသေးဘူးလို့ ဆိုပါတယ်။

ရေကြည်မြို့နယ် စက်စက်ယိုကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် ခလရ ၂၇ တပ်ရင်းမှူး ကျသွားခဲ့အပြီး ခလရ ၂၇၁ တပ်ရင်းကို အစားထိုးရှေ့တန်းထွက်ဖို့ အမိန့်ကို ငြင်းဆန်ခဲ့တဲ့အတွက် တပ်ရင်းမှူးဟာ ဩဂုတ်လ ၁၉ ရက်နေ့ညက ဖမ်းဆီးခဲ့ရတာပါ။

“သူ (ခလရ ၂၇၁ တပ်ရင်းမှူး)ရဲ့ တပ်ကနေ တပ်ပြေးတွေ မကြာခဏ ရှိနေတော့ တိုင်းစစ်ဌာနချုပ်နဲ့ အဆင်မပြေဘူး။ ခုလည်း တပ်ဖွဲ့က ရှေ့တန်းပြန်လာတာ မကြာသေးဘူး။ ဒါကြောင့်သူက တပ်ဖွဲ့က ရဲဘော်တွေပင်ပန်းနေပြီလို့ ပြောမိတာ အမိန့်မနာခံဘူးဆိုပြီး ဗျူဟာမှူးတွေရယ်၊ ဒုတိုင်းမှူးရယ်တို့နဲ့ အဆင်မပြေဖြစ်ရတာ” လို့ ခလရ ၂၇၁ တပ်တွင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

ဗျူဟာမှူးတွေဖြစ်တဲ့ လွင်ထူးမောင်၊ ဇေယျာမောင်တို့နဲ့ စကားအခြေအတင် များခဲ့တာဖြစ်ပြီး ဒု-တိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင် ဖမ်းဆီးခဲ့တာလို့ တပ်တွင်းသတင်းရင်း​မြစ်တွေကဆိုပါတယ်။

လက်ရှိအခြေအနေမှာ စစ်တိုက်ဖို့ ငြင်းဆန်တဲ့အတွက် ဖမ်းချုပ်ခံထားရတဲ့ ခလရ ၂၇၁ တပ်မှူးရင်းနေရာမှာ ဒု တပ်ရင်းမှူးဖြစ်တဲ့ ကျော်ဝင်းထွဋ်ကို အစားထိုးခန့်ထားပါတယ်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၇တပ်ရင်း နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိ​တွေ့ဖြစ်ပွားခဲ့တဲ့ ရေကြည်မြို့နယ် အတွင်းက စက်စက်ယိုကျေးရွာ အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ ခလရ ၂၇ က တပ်ရင်းမှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦးနဲ့ ပျူစောထီးတပ်ဖွဲ့ကနေ အသွင်ပြောင်းထားတဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Comments

Leave a Reply

Your email address will not be published. Required fields are marked *