မိုင်းခွဲဖျက်ဆီးခံရတာလို့ စစ်လော်ဘီတွေ သတင်းဖြန့်
ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပေ ၃၀ ကျော် ပျက်စီး
နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကိုယ်လိုနီခေတ် ရှေးဟောင်းအမွေအနှစ် ၊ကမ္ဘာကျော် ” ဂုတ်ထိပ်တံတား” ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဖောက်ခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ မီးရထားသံလမ်း ဂုတ်ထိပ်တံတား(ကျောက်မဲဘက်ခြမ်း)ကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားရဲ့အလျား ပေ ၃၀ခန့်ပျက်ဆီးခဲ့ တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။

စစ်တပ်အနေနဲ့ ကျောက်မဲမြို့ နယ်ဘက်ကို စစ်ကြောင်းထိုးစစ်ဆင်ဖို့အတွက် ဂုတ်ထိပ်တံတားက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် TNLA ဘက်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုရှိပါတယ်။
” ဂုတ်ထိပ်တံတားမှာ ဒီကောင်တွေ အရင်ကတည်းက မိုင်းတွေတပ်ဆင်ထားဟန်ရှိတယ်။ ဒါကြောင့်လဲ တပ်မတော်ထိုးစစ် ရှေ့တိုးတာနဲ့ ပြေးပေါက်ရှာ ပြေးချိန်မှီအောင် တံတားကို ချက်ချင်း ဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်တယ်။
ရှမ်းပြည်နယ်ရဲ့ ကမ္ဘာကျော်အမွေနှစ်တစ်ခုဖြစ်တဲ့ ဂုတ်ထိပ်တံတားကြီးကို ဖျက်ဆီးရက်နိုင်တာ တကယ်အံ့သြမိတယ်။ ဂုတ်တွင်းတံတားကြီးကလည်း ဖျက်ဆီးခံထားရတာလည်း မကြာသေးဘူး ဆိုတော့ ရှုမ်းလူမျိုးတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ” လို့ တပ်ထောက်ခံသူတယောက်က သုံးသပ်ပြောဆိုပါတယ်။
ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေဖြစ်ပေါ်နေပြီး ကမ္ဘာကျော် အမွေအနှစ်တံတားတခုကို ဖျက်ဆီးတာဟာမလုပ်သင့်ကြောင်း ဆန့်ကျင်ရှုတ်ချကြောင်း ပြောဆိုနေကြပါ တယ်။

ဂုတ်ထိပ်တံတားဖျက်ဆီးခံရတဲ့အပေါ် အမေရိကန်ပြည်ထောင်စုမှာနေတဲ့ ၈၈မျိုးဆက်ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးမောင်မောင်ကျော်က ” ဒီသတင်းကြားကြားချင်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ် ဒါလုံးဝမလုပ်သင့်ဘူး။ ကမ္ဘာ့ ယဉ်ကျေးမှူအမွေအနှစ်ကို ချန်လှပ်ထားသင့်တယ်။ လုပ်တဲ့အဖွဲ့ ဘယ်အဖွဲ့လုပ်လုပ် လုံးဝဆန့်ကျင်ပါတယ်။” ဆိုပြီး ပြောဆိုပါတယ်။
ဂုတ်ထိပ်တံတား ဖျက်ဆီးတဲ့အပေါ် ရှမ်းမြောက်ဒေသခံတွေကလည်း ရှုံ့ချဆန့်ကျင်ကြောင်း ပြောဆိုမှုရှိနေပါတယ်။
” TNLAဟာ သီပေါ၊ကျောက်မဲက ရှမ်းယဥ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးခဲ့သလို နောင်ချို ဂုတ်ထိပ်တံတားဟာလည်း အင်္ဂလိပ်တွေဆောက်လုပ်ခဲ့တဲ့ သမိုင်းဝင်တံတားတစ်ခု ကိုပါဖျက်ဆီးခြင်းဟာ အလွန်ယုတ်ညံ့တဲ့စိတ်ဘဲလို့ ” လို့ ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတယောက်က ဆိုပါတယ်။
ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတဲ့အပေါ် တဖက်အဖွဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကိုထောက်ခံဝန်းရံသူတွေကလည်း ဒါဟာစစ်တပ်ဘက်က ဖောက်ခွဲဖျက်ဆီးတာဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေ တွေ့ရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဂုတ်ထိပ်တံတားက မန္တလေး-လားရှိုးလမ်း နောင်ချိုဘူတာအလွန် ၇ မိုင် ခန့်အကွာ မိုင်တိုင်အမှတ်(၄၆၃/၀၉)မှာ တည်ရှိပြီး သံမဏိအမျိုးအစားတံတားဖြစ်ကာ သံမဏိတိုင် ၁၆ တိုင်ဖြင့် ဆောက်လုပ်ထားပြီး အရှည် ၂၂၆၀ ပေ၊ ရေမျက်နှာပြင်အမြင့်ပေ ၁၁၀၀ ရှိကြောင်း၊ နောင်ချိုမြို့နယ်နှင့် ၇ မိုင်ခန့်ကွာဝေးပြီး ကျောက်မဲမြို့နယ်နှင့် ၁၄ မိုင်ခန့် ကွာဝေးကြောင်း သိရှိရပါတယ်။
ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးဖြစ်တယ်လို့သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာ ရှိတဲ့ ကမ္ဘာကျော် ဂုတ်တိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွားပြီလို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဂုတ်ထိပ်တံတားဟာ နောင်ချိုမြို့အနီး ခုနှစ်မိုင်ခန့်အကွာ၊ မန္တလေး – လားရှိုး လမ်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။
တံတားပျက်စီးမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ပျက်စီးသလဲ၊ ဘယ်သူက ဖျက်ဆီးတယ်ဆိုတာတွေကို မသိရသေးပါဘူး။
လက်ရှိမှာ နောင်ချိုမြို့ကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထိန်းချုပ်ထားပြီး နောင်ချိုကနေ ကျောက်မဲဘက်ကို စစ်အုပ်စုက စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်ထဲ စစ်အုပ်စုနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့အကြား တိုက်ပွဲရက်ရှည် ဖြစ်ပွားနေသလို စစ်အုပ်စုဘက်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲပစ်ခတ် နေတာလည်း ဖြစ်ပါတယ်။
တိုက်ပွဲတွေနဲ့ စစ်အုပ်စု ရန်ကြောင့် မန္တလေး – လားရှိုးလမ်းကို ပြည်သူတွေ အသုံးပြုခွင့်မရတာ နှစ်ပေါက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဂုတ်ထိပ်တံတား မပျက်စီးမီကနဲ့ ပျက်စီးနေတဲ့ ဂုတ်ထိပ်တံတား/Photo – CJ


Leave a Reply