Tag: News

  • ရေးမြို့နယ်၌ ဈေးထွက်ဝယ်သည့် တပ်ရေးဗိုလ်ကြီးနှင့် မိသားစု ပစ်ခတ်ခံရ

    ရေးမြို့နယ်၌ ဈေးထွက်ဝယ်သည့် တပ်ရေးဗိုလ်ကြီးနှင့် မိသားစု ပစ်ခတ်ခံရ

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ ၅၉၁ ကနေ ဈေးထွက်ဝယ်တဲ့ တပ်ရေးဗိုလ်ကြီးနဲ့ မိသားစုဝင်တွေ ပစ်ခတ်ခံရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

    မနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီကျော်မှာ ခမရ ၅၉၁ တပ်ဝင်းထဲကနေ အသက် ၄၀ အရွယ်ရှိ တပ်ရေးဗိုလ်ကြီး၊ ဇနီးနဲ့ ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ယောက်ဟာ ကျေးရွာထဲမှာ ဈေးဝယ်ဖို့ ကားနဲ့ထွက်လာချိန် ကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

    စစ်တပ်နဲ့နီးစပ်သူတယောက်က “ပစ်ခတ်ခံရတာကြောင့် တပ်ရေးဗိုလ်ကြီးနဲ့ ဇနီးဖြစ်သူတို့ ကျည်ထိဒဏ်ရာတွေ ရသွားတယ်။ သူတို့ကလေးကတော့ ထိခိုက်တာမရှိဘူး။ လင်မယားနှစ်ယောက်လုံး ဆေးကုသမှု ခံယူနေရတယ်” လို့ ပြောပါတယ်။

    အဲဒီ တပ်ရေးဗိုလ်ကြီးမိသားစု ပစ်ခတ်ခံရမှုဖြစ်ပွားတဲ့ နေရာဟာ ခမရ ၅၉၁ တပ်ရင်းနဲ့ နီးနေတာကြောင့် ပစ်ခတ်သွားသူတွေကို ဖမ်းဆီးရမိရေး ဗိုလ်ကြီးအမိန့်နဲ့ ခမရ ၅၉၁ တပ်ကနေ ကျေးရွာအနီး လမ်းပေါ်နဲ့ ကျေးရွာထဲ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

    ပစ်ခတ်ခံရတဲ့ ဗိုလ်ကြီးမိသားစုနဲ့ နီးစပ်သူတယောက်က “စစ်ဆေးရှာဖွေတာတွေ လုပ်နေတယ်။ ဖမ်းမိတာတော့ မကြားမိသေးပါဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ လောလောဆယ် မသိရသေးဘူး။ ဗိုလ်ကြီးနဲ့ မိသားစုက တပ်ထဲမှာပဲ ဆေးကုသနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

    ဩဂုတ် ၂၃ ရက်ကလည်း စစ်ကောင်စီရဲ့ ရေးမြို့နယ်က ခမရ ၅၉၁ တပ်ကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေက တပ်အပြင်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

    သြဂုတ် ၂၈ ရက်ကလည်း ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းက ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်သားတွေကို ရေးမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    စက်တင်ဘာ ၁၄ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်နဲ့ ရာအိမ်မှူးတယောက်တို့ အမည်မသိ လက်နက်ကိုင်ထားသူတွေရဲ့ ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

  • ဗန်းမောက်မြို့ထဲ စဝင်နေပြီ

    ဗန်းမောက်မြို့ပတ်လည်က ကာကင်းတွေ သိမ်းပိုက်ပြီးနောက် မြို့ထဲကို စတင်ထိုးဖောက်နေ

    စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့ပတ်လည်က SNA – ရှမ်းနီလက်နက်ကိုင်နဲ့ စစ်အုပ်စု ပူးပေါင်း အဖွဲ့တွေရဲ့ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေး တပ်တွေက မြို့အတွင်းပိုင်းကို စတင် ထိုးဖောက် ဝင်ရောက်နေပြီလို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – အဖွဲ့ဝင် တစ်ဦးက‌ ပြောပါတယ်။

    ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်က စလို့ ကသာခရိုင်ကွပ်ကဲရေးက ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် ဒီကနေ့အထိ လေးရက်မြောက် ရှိလာချိန်အထိ တိုက်ပွဲ ပြင်းထန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ရှေ့တန်း အနေအထားတော့ နောက်ထပ် ဘာသတင်းမှ မရသေးဘူး။ အခြေအနေ ကောင်းတယ် ဆိုတာလေးပဲ ရသေးတာ။ မြို့အထဲကြီးတော့ မရောက်သေးဘူး။ မြို့အဝင်ဝထိတော့ တိုးကပ်သွားတာပေါ့” လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက‌ ပြောပါတယ်။

    SNAနဲ့ စစ်အုပ်စု ပူးပေါင်းအဖွဲ့ဟာ ဗန်းမောက်မြို့ပတ်လည်က ကျေးရွာတချို့နဲ့ တောင်ကုန်းတချို့ပေါ်မှာ ကာကင်းစခန်းတွေ အဖြစ် နေရာချထားပြီး မြို့အရှေ့ဘက်မှာ ကျွဲကောကုန်း၊ အနောက်ဘက်မှာ စက်တောကုန်း၊ တောင်ဘက်မှာ မြစ်သေးချင်း စတဲ့ ရွာတွေနဲ့ တောင်ကုန်းတချို့မှာ နေရာချထားတာ ဖြစ်ပါတယ်။

    ဗန်းမောက်မြို့ကို စတင် ထိုးစစ်ဆင်ချိန်ကစလို့ တော်လှန်ရေး အင်အားစုတွေက အဲဒီ ကာကင်းစခန်းတွေကို သိမ်းပိုက်ပြီး မြို့ထဲကို ထိုးဖောက်ထိုးစစ်ဆင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ငါးလကျော် ဧပြီလ ၇ ရက်က အင်းတော်မြို့ကို တော်လှန်ရေး အင်အားစုတွေက အပြီးသပ် သိပ်ပိုက်ပြီးနောက် ဗန်းမောက်မြို့က စစ်အုပ်စု အင်အားအများအပြာကို ရဟတ်ယာဉ်နဲ့ ကသာမြို့ ခံစစ်အတွက် ပို့ဆောင်ခဲ့ပါတယ်။

    အင်းတော်မြို့နဲ့ ၁၀ ကျော်သာ ကွာဝေးတဲ့ ကသာမြို့ကို စစ်အုပ်စု အင်အားတွေ ပို့လိုက်တာကြောင့် ဗန်းမောက်မြို့မှာ SNA အင်အားအများစုနဲ့ ထိန်းချုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

    ဗန်းမောက်မြို့ဟာ တော်လှန်ရေးအင်အားစုတွေ မြို့နယ်တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်တွေနဲ့ နယ်မြေချင်း တစ်ဆက်တည်းရှိနေပြီး မြေပြင်ကနေ ဗန်းမောက်ကို စစ်အင်အား ပို့ဖို့ လွယ်ကူတဲ့နေရာ မဟုတ်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

    မြို့နယ် လေးမြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ ကသာခရိုင်ထဲမှာ ဗန်းမောက်မြို့နယ်လည်း ပါဝင်ပြီး တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့လည်း ပါဝင်ပါတယ်။

    ကချင်ပြည်အစပ်မှာ တည်ရှိတဲ့ ဗန်းမောက်မြို့ဟာ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နဲ့ မြို့နေလူဦးရေ ၈၅၀၀ ကျော် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ ဗန်းမောက်မြို့တွင်းက ပြည်သူတွေကို SNA နဲ့ စစ်အုပ်စုက မြို့အပြင်ထွက်ခွင့်မပြုဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းထွက်နေသလို စစ်အုပ်စုက ဗန်းမောက်မြို့တွင်း လေကြောင်းဗုံးကြဲလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိတယ်လို့ သတင်းထွက်နေပြီး ဗန်းမောက်မြို့တွင်း အခြေအနေတွေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

  • လောင်းလုံးမြို့အနီး ဗုံးကြဲခံရ၍ ၃ ဦးသေ၊ ကလေးများအပါအဝင် ၄ ဦးဒဏ်ရာရ

    လောင်းလုံးမြို့အနီး ဗုံးကြဲခံရ၍ ၃ ဦးသေ၊ ကလေးများအပါအဝင် ၄ ဦးဒဏ်ရာရ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ကျေးရွာများကို ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လောင်းလုံးမြို့အနီး သုံးဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

    ယမန်နေ့ နံနက် ၁၁ နာရီအချိန်မှစတင်၍ ထားဝယ်မြို့နယ်မှ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ သရက်ချောင်း မြို့နယ်မှ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး၊ လောင်းလုံးမြို့နယ်မှ ဝေဒီ၊ သပြေရှောင်၊ ကြက်ယက် တွင်း၊ ကျောက်တွင်းစသည့် ၁၀ ရွာထက်မနည်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ထံက သိရသည်။

    လူနေကျေးရွာများကို Y12 သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် ၁၂၀မမ ဗုံးသီးများ ကြဲချခဲ့သည်ဟု ဆိုသည်။

    လောင်းလုံးမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာ ဝေဒီကျေးရွာ ဗုံးကြဲခံရပြီး အသက် ၆၀ အရွယ် ဒေါ်တင်ရှိန် ၊ သမက်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုဝေယံဖြိုးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိသားစုဝင်များဖြစ်သော အသက် ၆၀ ခန့် အရွယ် ဦးယူစန်၊ သမီးဖြစ်သူ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၁၀ နှစ်အောက်အရွယ် မြေးနှစ်ဦး၊ အခြားကလေးတစ်ဦးတို့ ဒဏ်ရာများ ရရှိခဲ့သည်။

    “လေယာဉ်နဲ့ ဗုံးလာကြဲတော့ လောင်းလုံး၊ ဝေဒီရွာမှာ အိမ်ပေါ်ကိုကျပြီး အဲဒီအိမ်မှာရှိတဲ့ မိသားစု ခြောက် ယောက်မှာ (နှစ်ယောက်) ပွဲပြီးချင်း သေဆုံးပြီး၊ သုံးယောက်ဒဏ်ရာရတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောဒါးကို က ပြောသည်။

    ပြင်းထန်ဒဏ်ရာများရထားသော အသက် ၃၀ အရွယ်အမျိုးသမီးမှာလည်း ဆေးရုံမရောက်ခင် သေဆုံး သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    “Y12 က ဟိုရွာကြဲလာလိုက်၊ ဒီရွာကြဲလာလိုက်နဲ့ကြဲလာတာဗျ၊ အဲမှာ အခြားရွာတွေမှာ ကျပေမဲ့ ဒဏ်ရာ ရတာတော့ မကြားဘူး ” ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) မှ ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောသည်။

    ဗုံးကြဲခံရသော ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မှု ယခင်က မရှိခဲ့ဘဲ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲရှိမှသာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်လေ့ရှိကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။

    လေကြောင်း တိုက်ခိုက်မှုမခံရခင် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှစတင်၍ လောင်းလုံမြို့နယ်၊ ရာဟောင်းဝကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ပူးပေါင်းအဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    နောက်တစ်နေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) နံနက်တွင် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ရာဟောင်းဝကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ရာ ထိုရွာမှ အသက် ၆၀ အရွယ် ဒေါ်ညို ဗုံးစထိမှန်၍ သေဆုံးခဲ့သေးသည်။

    ရာဟောင်းဝကျေးရွာ၏ တောင်ဘက် ၄ မိုင်ကျော်ခန့်အကွာတွင် ဝေဒီ ကျေးရွာတည်ရှိရာ တိုက်ပွဲကြောင့် ဗုံးကြဲသည်ဟု ယူဆရသလို လောင်းလုံးနယ်အတွင်း စစ်ကော်မရှင်တပ် အကြီးအကဲများ ရောက်ရှိနေ၍ ကြဲသည်ဟုလည်း ယူဆနိုင်ကြောင်း ရဲဘော်စောဒါးကို က ပြောသည်။

    “အဓိက တိုက်ပွဲကတော့ ကျွန်တော်ထင်တယ်၊ မကြာခင်မှာ စစ်ကောင်စီ အကြီးအကဲတွေ လောင်းလုံး ဘက်ကို လာဖို့ရှိတယ်ဆိုတဲ့အနေအထားမှာ နယ်မြေရှင်းလင်းရေးတွေ ပြန်လည်နေရာစိုးမိုးရေးတွေ ပြန်လုပ်တဲ့အနေအထားမှာ အဲလိုတိုက်ပွဲတွေ ဖြစ်တယ်ဆိုပြီး သုံးသပ်လို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

    စစ်တပ်သည် လောင်းလုံး၊ ရေဖြူနှင့်၊ သရက်ချောင်းတို့တွင်လည်း စစ်ကြောင်းထိုးနေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကာ နယ်မြေရှင်းလင်းနေမှုသည် ထားဝယ်မြို့ပေါ်သို့ လာရောက်မည့် စစ်ကော်မရှင် ထိပ်ပိုင်းခေါင်းဆောင်များ၏လုံခြုံရေးအတွက် ဖြစ်နိုင်ကြောင်း ထားဝယ်မြို့နယ်မှ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

    ယနေ့ (စက်တင်ဘာလ ၁၈ ရက်နေ့) နံနက်တွင် ထားဝယ်မြို့ မြို့တော်ခန်းမအသစ်ဖွင့်ရန် စစ်ကော်မရှင် ထိပ်ခေါင်းခေါင်းဆောင် ရောက်ရှိနေသည်ဟု သတင်းကြားသိထားပြီး မြို့ပေါ်တွင်လည်း လုံခြုံရေး တင်းကျပ်သည်ကို တွေ့မြင်ခဲ့ ရကြောင်း ၎င်းကဆိုသည်။

    စစ်ကော်မရှင်၏ အာဘော်သတင်းစာများတွင်မူ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကော်မရှင်ခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို ထားဝယ်မြို့ မြို့တော်ခန်းမ၌ တက်ရောက်ခဲ့ကြောင်းသာ ဖော်ပြထားသည်။

    စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ထားဝယ်မြို့နှင့် ၂၅ မိုင် အကွာရှိ ကျောက်မဲတောင်စစ်တပ်စခန်းကို ထားဝယ်မြို့မှ စစ်ကူတက်လာသည့် အင်အား ၁၀၀ ကျော် ပါဝင်သော စစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၏ တပ်မဟာ(၄)၊ တပ်ရင်း(၁၂) တော်လှန်ရေးတပ်ဖွဲ့များက ပကာရီကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်မှ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ လက်နက်နှင့် ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့က သတင်းထုတ်ပြန် ထားသည်။

    ထိုနေ့က ပကာရီကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့သည်။

  • DJ Violet ကို အားလုံးကိုယ်စား ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း

    DJ Violet ကို အားလုံးကိုယ်စား ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း

    ကလပ်တခုမှာ ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို DJ တီးခတ်ခဲ့တဲသူ DJ – Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃနာယက အဖွဲ့အစည်းက ခံဝန်ထိုးခိုင်းမယ်လို့ သိရပါတယ်။

    စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သံဃာ့နာယကအစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၆ ရက်နေ့မှာ DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို အရေးယူတဲ့အနေနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းဖို့ စာထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

    ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို ကလပ်မှာ DJ တီးခတ်ကာ ဖျော်ဖြေခဲ့တဲ့ DJ Violet က သူ့ရဲ အမှားကို သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အပါဝင် ဆရာတော် ၅ ပါးကို ဝန်ချတောင်းပန်ခဲ့ကာ ဆရာတော် ၅ ပါးက ခွင့်လွှတ်ကြေအေးပေးခဲ့ကြတယ်လို့ သိရပါတယ်။

    “ခွင့်လွှတ်ဖို့ တောင်းပန်လို့ ဆရာတော် ၅ ပါးက ကြေအေးပေးတယ်။ ပြီးတော့ ပေါက်ကိုယ်တော်ကိုလည်း ဖုန်းဆက်ပြီး တောင်းပန်တယ်။ သူလည်း လက်ခံတယ်။ အဲ့ဒါကို စစ်တပ် ဘောမတွေက မကျေနပ်လို့ အမှုဖွင့်တယ် ဖမ်းတယ်။ ခု ဆရာတော်တွေကိုပါ ခံဝန်ထိုးခိုင်းနေပြီ။ ဘုရားရှင်တောင် တောင်းပန်ရင် ခွင့်လွှတ်ရတာပဲလေ။ ခု ခွင့်လွှတ်ပေးတဲ့ ဆရာတော်တွေကိုပါ ဆွဲစိချင်နေကြတယ်ထင်တယ် ” လို့ ဆိုရှယ်မီဒီယာအသုံးပြုသူ တဦးက ပြောပါတယ်။

    မခင်ထွေးထွေးမွန် (ခ) DJ Violet တောင်းပန်မှုကို လက်ခံကာ ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နောက်နောင်အခုလိုကိစ္စတွေမှာ ခွင့်မလွှတ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    “ဆရာတော်တွေကို ခေါ်ပြီး ခုလို ခွင့်လွှတ်တာက သံဃာ့နာယက လက်စွဲနဲ့ မညီဘူး၊ နောက်နောင် စော်ကားလာရင် ဘယ်လိုလုပ်မလဲ၊ သံဃာအဖွဲ့တွေကို အကာအကွယ်ယူပြီး စော်ကားလာရင် ဘယ်လိုလုပ်မလဲဆိုပြီး ဆူတယ်ပြောတယ်။ လက်မှတ်ခေါ်ထိုးခိုင်းမယ်ပြောတယ် ” လို့ နောက်ထပ် ဆရာတော်တပါးက ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကော်မရှင်က ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေး ကို DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ DJ Violet နဲ့အတူ Cover Club ဆိုင်ပိုင်ရှင်အပါဝင် ဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထားပြီး ဆိုင်ကိုလည်း ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံထားရတဲ့ DJ Violet အပါဝင် ၄ ဦးကိုတော့ အမှတ်(၉) မြို့မရဲစခန်း မဟာအောင်မြေမြို့နယ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

  • ထားဝယ်ခရိုင်အနှံ့အပြား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

    ထားဝယ်ခရိုင်အနှံ့အပြား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ နေရာအနှံ့အပြားကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာသား ၂ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဝေဒီ၊ ကြက်ယက်တွင်း၊ ကျောက်တွင်း၊ သပြေရှောင်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး စတဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

    ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ကိုမင်းလွင်ဦးက “စစ်ကောင်စီရဲ့ Y 12 လေယာဥ်က မနက် ၁၁ နာရီဝန်းကျင်လောက်မှာ လောင်းလုံးကျွန်းဆွယ်တလျှောက် သရက်ချောင်းဘက်ကို ပတ်ပြီး ကျေးရွာတွေကို ဗုံးလိုက်ချနေတယ်။ လောင်းလုံးဘက်မှာက ၄ ရွာဆက်တိုက် ဗုံးသီး ၂ လုံး ၃ လုံး ချပြီး ကြဲသွားတယ်။ ဝေဒီရွာမှာဆို ဗုံး ၄ လုံးကျတယ်” လို့ ပြောပါတယ်။

    အဆိုပါတိုက်ခိုက်မှုအတွင်း ဝေဒီကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းကို ဗုံးတလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ DDMSC ဆီက သိရပေမဲ့ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းက ထိခိုက်သေဆုံးမှုကိုတော့ အတည်ပြုနိုင်ဖို့ DVB အနေနဲ့ ကြိုးစားနေဆဲပါ။

    ထားဝယ်မြို့ခံတယောက်က “လောင်းလုံးဘက်က ထိခိုက်ဒဏ်ရာရသူတွေက ကားမှာ အလံဖြူထောင်ပြီး ထားဝယ်မြို့ပေါ် တက်လာတာ တွေ့တယ်။ ၄ စင်းလောက်ရှိတယ်။​ လူနာတင်ကားတွေနဲ့ လာတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က အခုလိုမျိုး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ ထားဝယ်မြို့ပေါ်က မြို့တော်ခန်းမဖွင့်ပွဲကို စစ်ကောင်စီအကြီးအကဲတချို့ ရောက်ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ် ပြောဆိုနေကြပါတယ်။