Tag: News

  • နတ်‌ရေကန်ဗျူဟာ အနီးတွင် စစ်ကော်မရှင်တပ်များ သေဆုံးမှုများပြားပြီး တပ်လန်ထွက်ပြေးနေရ သော်လည်း အင်အားအလုံး အရင်းသုံး၍ ရှေ့ဆက်တိုးနေ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းရိုးအနီးရှိ နတ်ရေကန်ဗျူဟာနှင့် စွန်တက်ရွာအနီးတစ်ဝိုက်တွင် စစ်ကော်မရှင်ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

    စစ်ကော်မရှင်တပ်များသည် တိုက်ပွဲများအတွင်း သေဆုံးမှုများပြားကာ တပ်လန်ထွက်ပြေးခဲ့ရသော်လည်း အင်အားအလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းကာ ရှေ့တိုးထိုးစစ်များ ဆင်နွှဲနေကြောင်း သိရသည်။

    ‎ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နှင့် စက်တင်ဘာ ၁၂ ရက်နေ့တို့တွင် အမှတ်(၉၀၅)အမြောက်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) မှနေ၍ စစ်သုံးကားကြီး ရှစ်စီးဖြင့် နတ်ရေကန်ဘက်ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

    ‎”မစခ ၉၀၅ ကနေ စုဖွဲ့ထားတဲ့ အင်အားတွေ တင်ပို့နေတယ်။ အခုပို့နေတဲ့အဖွဲ့တွေက ရှမ်းမြောက် နမ့်ဖတ်ကာနဲ့ သီပေါမှာ စစ်ရှုံး တပ်ပျက်သွားတဲ့ အဖွဲ့တွေပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ‎မစခ-၉၀၅ မှနေ၍ အမြောက်များဖြင့် တရစပ်ပစ်ခတ်မှုများရှိခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည့်နေရာများကို စစ်ကူပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။‎

    ထို့အပြင် စစ်ကော်မရှင်က နတ်ရေကန်အနီးတဝိုက် ကင်းထောက်လေယာဉ်နှင့် ဒရုန်းများ ပျံသန်းနေစေပြီး ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင် နေကြောင်း သိရသည်။

    ပြီးခဲ့သည့် ‎စက်တင်ဘာ ၁၂ရက်နေ့က နတ်ရေကန်အနီးသို့ ပို့လိုက်သည့် စစ်ကော်မရှင် စစ်ကြောင်းတွင် ဒရုန်းအထူးတပ်ဖွဲ့ကိုပါ ထည့်သွင်းစေလွှတ်ခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် စကခ (၁၇) လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများနှင့် စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် အတင်းအဓမ္မ စစ်သားစုဆောင်းကာ စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များဖြင့် ဖွဲ့စည်းထားသည့် တပ်ရင်းများကိုပါ စစ်ကြောင်းထိုးရန် စေလွှတ်လျက်ရှိသည်။

    ‎ပြီးခဲ့သည့် ရက်ပိုင်းကလည်း စွန်တက်ကျေးရွာအနီး စစ်ကြောင်း ၃ကြိမ်ထိုးလာသည့် ခလရ ၂၉၅တပ်ဖွဲ့ကို တပ်ဆုတ်ပြီး ကစဉ့်ကလျားထွက်ပြေးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း AA က စက်တင်ဘာ ၁၀ရက်နေ့တွင် ထုတ်ပြန်သည်။

    ‎ဧရာဝတီတိုင်း-ရခိုင်အစပ်၊ မကွေးတိုင်း-ရခိုင်အစပ်နေရာများ၌ ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်း အားထုတ်သော ထိုးစစ်များ ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

    ထို့ကြောင့် ယခုရက်များအတွင်း အဆိုပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး အထူးသဖြင့် ရန်သူသည် မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်တွင် ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)၊ မကွေးတိုင်းအစပ်တွင်တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)။

  • ဝက်လက်မြို့နယ်တွင် ကျေးရွာ ပအဖ တာဝန်ခံ ၁ ဦး ပစ်သတ်ခံရ

    ဝက်လက်မြို့နယ်တွင် ကျေးရွာ ပအဖ တာဝန်ခံ ၁ ဦး ပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီ၀န်းကျင်က ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အမည်ဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကက “ပစ်ခတ်ခံရသူက ကျီးကန်မြောက်ရွာ ပအဖ တာဝန်ခံ ဦးမင်းသန့် ဖြစ်ပါတယ်။ အသက် ၅၀ လောက်ရှိပါပြီ။ ကျီးကန်နဲ့ လှတောရွာကြားမှာ အပစ်ခံလိုက်ရတာပါ” လို့ ​​ပြောပါတယ်။

    ပစ်ခတ်ခံရတာကြောင့် ညာဘက်နားနောက်မှာ ကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတယောက်က “သူက စူပါကတ်ဆိုင်ကယ်နဲ့ ကျီးကန်ကနေ လှတောဘက်ကို အအေးဘူး​တွေ သွားဝယ်ပြီးပြန်လာတော့ ဆိုင်ကယ်နဲ့လူ ၂ ယောက်က နောက်ကလိုက်ပြီးပစ်သွားတာ။ ၉ မမ ကျည်ခွံ​ ၁ ခွံ တွေ့ခဲ့ရတယ်။ ကျည်က ညာဘက်နားနော​က် ၁ လက်မလောက်ကနေ ထုတ်ချင်းပေါက်သွားခဲ့တာ။ ကျနော်တို့ သိရသလောက်တော့ သူ့မှာ ရန်ငြိုးရန်စရှိတယ်လို့ မကြားမိဘူး။ သူ့အလောင်းကိုတော့ သင်္ဂြိုဟ်ပြီးပြီလို့ သိရတယ်။ ပြစ်မှုကျူးလွန်သွားကြသူတွေရဲ့ ပုံစံတွေကို ဝက်လက်ရဲဌာနဆီပို့ပြီး တရားခံ ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

    သေဆုံးသွားသူ ဦးမင်းသန့် မှာ ဇနီးသည်နဲ့ သားတယောက်တို့ကျန်ရစ်ခဲ့ပြီး သားဖြစ်သူဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်ကာ စစ်တပ်နဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုအတွင်း ဗုံးသီးထိမှန်ခဲ့လို့ ညာဘက်​ခြေထောက် ဖြတ်တောက်ထားရသလို ညာဘက်မျက်လုံး တဖက်လည်း ကွယ်ထားသူဖြစ်လို့ ကျန်ရစ်သူမိသားစုအတွက် ရေရှည်ရပ်တည်နိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ ညကလည်း ဝက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးအဖွဲ့မှူး ဦးမျိုးအောင် နဲ့ အမျိုးသမီးတယောက်တို့ ပစ်သတ်ခံခဲ့ရပြီး အခုချိန်အထိ တရားခံဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

  • ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်

    ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်

    ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်ခံရ

    ရှမ်းပြည် တောင်ပိုင်း၊ ပင်းတယမြို့က ကြံ့ခိုင်ရေးပါတီ ( USDP) အမတ်ဟောင်း ရဲ့ ရွှေဆိုင်ကို မနေ့က ကော်သေနတ် နဲ့ ဓားပြတိုက်ခံရတယ်လို့ သိရပြီး သေနတ်သမား ချော်လဲလို့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

    စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၁၁ နာရီခန့်က ကိုကျော်ငြိမ်း+မခင်မျိုးသင်း အမည်ရှိ ရွှေဆိုင်ကို ကလေးတွေဆော့တဲ့ ကော်သေနတ်အတုနဲ့ အသက် ၃၀ ဝန်းကျင် လူငယ်တဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားပြတိုက် လုယက်ခဲ့တာလို့ သိရပါတယ်။

    “နေ့ခင်းကြီး သေနတ်ပြပြီး ဆိုင်ထဲကလူတွေက ထိုင်ခိုင်းပြီးတော့ သူက ရွှေလက်စွတ်နဲ့ ဆွဲကြိုးကောင်တာထဲက ရွှေထည်တွေထည့်ပြီး အထွက်မှာ အောက်ကခင်းထားကကြွေပြားကြောင့် ချော်လဲသွားတာ။ အဲ့ဒါမှာ ဆိုင်ကလူတွေက ဝိုင်းဖမ်းကြတာ ” လို့ ဖြစ်စဉ်သိသူတဦးက ပြောပါတယ်။

    ပင်းတယမြို့ စျေးတန်းရပ်ကွက်၊ ကမ္ဘာ့ရတနာဘဏ်အနီးက ကိုကျော်ငြိမ်း+မခင်မျိုးသင်း ရွှေဆိုင်ဟာ ယခင်ကြံခိုင်ရေးပါတီ အမတ်ဟောင်းဖြစ်သူ ကိုကျော်ငြိမ်းရဲ့ ရွှေဆိုင်ဖြစ်ပြီး ကိုကျော်ငြိမ်းဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ သတင်းပေးဖြစ်တာကြောင့် ဒေသတွင်း တော်လှန်ရေးတပ်တွေရဲ့ ပစ်ခက်ရှင်းလင်းခံခဲ့ရပြီး ရွှေဆိုင်ကို ဇနီးဖြစ်သူက ကြီးမှုးကာ ဖွင့်လှစ်ထားခဲ့တာလို့ သိရပါတယ်။

    “သူအမျိုးသား သေပြီး သူက ဦးစီးပြီး ဖွင့်ထားတာ။ လုတဲ့သူက ရွှေယူပြီး ထွက်အပြေးမှာ ချော်လဲလို့ မိတာ။ ခုရဲက စစ်နေတယ်။ ဆိုင်အနားက လူတွေ ကောင်းလို့မိတာပါ” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

    လုယက်သူဟာ ကလောမြို့၊ ရပ်ကွက် ၆ မှာ နေထိုင်ပြီး အသက် ၃၀ ခန့်အရွယ် အမျိုးသားဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ ပင်းတယ မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

    ကိုကျော်ငြိမ်း+မခင်မျိုးသင်း ရွှေဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်သူ ဦးကျော်ငြိမ်းဟာ USDP ပါတီရဲ့ ဒုဥက္ကဌ ဖြစ်တယ်လို့ သိရပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ယှဉ်ပြိုင်ခဲ့ပေမယ့် ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့တဲ့အပြင် သူဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီ သတင်းပေး ပြုလုပ်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ပစ်သတ်ခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

  • မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ

    မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ

    မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ၊ အောင်တော်မူဘုရားဝင်း ရေလျှံနေလို့ ဘုရားဖူးခွင့် ယာယီပိတ်

    မန္တလေးမြို့မှာ စက်တင်ဘာ ၁၃ရက် ညပိုင်းက စတင်ကာ ညလုံးပေါက် မိုးရွာသွန်းပြီး ဒီကနေ့ မနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းတာကြောင့် လမ်းမတွေ ရေကြီးရေလျှံဖြစ်ကာ သွားလာရေး ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မန္တလေးမြို့ လမ်း ၃၀ နဲ့ ၃၅ လမ်းအပါအဝင် မြို့တွင်း အဓိက လမ်းမကြီးတွေ ရေကြီးရေလျှံနေသလို ရွှေတချောင်း၊ ရေနီမြောင်း စတဲ့ ချောင်းမြောင်းတွေလည်း ရေလျှံနေပြီး ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနဲ့ ၆၃ လမ်းထောင့်ရှိ အောင်တော်မူဘုရားဝင်းအတွင်း ရေလျှံနေတာကြောင့် ဘုရားဖူးခွင့် ယာယီပိတ်ထားတယ်လို့ ဘုရားဂေါပကနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

    “ညက တညလုံးရွာတယ်။ ၁၀နာရီ၊ ၁၁လောက်ကတည်းက စရွာတာ။ ဒီနေ့လည်း တမနက်လုံးရွာနေတာ၊ အခုထိလည်း ရွာနေတုန်းပဲ။ ရပ်ကွက်တွေထဲလည်း ရေတွေဝင်တယ်။ တော်ရုံရေမဝင်တဲ့အိမ်တွေပါ ရေဝင်တယ်” လို့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    မိုးရွာကာ ရေကြီးရေလျှံနေသလို သစ်ပင်တချို့ လမ်းပေါ်လဲကျတယ်လို့ ဆိုပါတယ်။

    စစ်အုပ်စု မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ စက်တင်ဘာ ၁၄ရက်မှာလည်း မန္တလေးမှာ မိုးဆက်လက် ရွာနိုင်ပြီး ရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

    မန္တလေးမြို့ အောင်တော်မူဘုရားဝင်းအတွင်း ရေဝင်လို့ ဘုရားဖူး ယာယီပိတ်ထားစဉ်နဲ့ မန္တလေးမြို့တွင်း မိုးရွာရေကြီးမှုကို တွေ့ရစဉ်/photo – SM FB, UML FB

  • ထိုင်းမှာ သစ်သီးခြံထဲ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၇၀ ဦး အဖမ်းခံရ

    ထိုင်းမှာ သစ်သီးခြံထဲ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၇၀ ဦး အဖမ်းခံရ

    ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကို သစ်သီးခြံတစ်ခြံထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။

    အဲဒီမြို့နယ်ထဲမှာပဲ ရေနစ်သေဆုံးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးရဲ့ အလောင်းတွေကို အာဏာပိုင်တွေက တွေ့ခဲ့ပြီးတဲ့နောက်တစ်ရက်မှာ အခုဖမ်းဆီးမှု ထပ်ထွက်ပေါ်လာတာပါ။

    အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးကို ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကျွဲကောသီးခြံတစ်ခုမှာ ပုန်းနေတာကနေ တွေ့ရှိတာဖြစ်ပြီး တရားဝင် အထောက်အထားတွေလည်း မရှိကြဘူးလို့ သတင်းက ဆိုပါတယ်။

    ဒါ့ကြောင့် သူတို့ကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲထားတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေက ဆိုပါတယ်။

    ဆန်ကလာဘူရီမြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်တုန်းကလည်း ရွှေ့ပြောင်းလုပ် သား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ကြပါတယ်။