Tag: News

  • ရခိုင်ပြည်နယ်တွင် စစ်ကော်မရှင်ကြောင့် ၁၀၀ ကျော် သေဆုံး

    ကျူးလွန်ရာတွင် ပါဝင်သူများကို AA ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟုဆို

    ရခိုင်ပြည်နယ်တွင် စစ်ကော်မရှင်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကြောင့် ၁၀၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁၃ ယောက်ရှိခဲ့ကြောင်း AAက ယနေ့ ( စက်တင်ဘာလ ၁၃ ရက်)တွင် သတင်းထုတ်ပြန်သည်။

    ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်အတွင်း စစ်ကောင်မရှင်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု ခြောက်ခုကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

    ထိုဖြစ်ရပ်များတွင် ပြစ်မှု ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို AAက ပြင်းထန်စွာ လက်တုံ့ သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်စာသင်ကျောင်းနှစ်ကျောင်းပေါ် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်တွင် စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့၍ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉ ဦးသေဆုံးကာ ကျောင်းသား၊ ကျောင်းသူများ နှင့် ပြည်သူများ စုစုပေါင်း ၂၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။

    သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီ ၂၅ မိနစ်က မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်တွင် အလှူလုပ်ရန်ပြင်ဆင်နေသည့် နေအိမ်ပေါ် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကလေးငါးဦးအပါ အရပ်သား ၁၅ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    မေလ ၁၄ ရက် နှင့် ၁၅ ရက်များတွင် ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား စစ်ကော်မရှင်တပ်က လေကြောင်းမှတိုက်ခိုက်၍ အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    မေလ ၁၃ ရက် နံနက် ၁၀ နာရီ ဝန်းကျင်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း အား စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၁၂ ဦးသေဆုံးကာ ၂၃ ယောက် ဒဏ်ရာရရှိခဲ့သည်။

    မေလ ၁၈ ရက်က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာ အနီးအား စစစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ AA ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း မိသားစုဝင်များထဲမှာ ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AAက ဆိုသည်။

    ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား စစ်ကော်မရှင်တပ်ဗုံးကြဲ၍ ၂၆ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုများအတွင်း အဆောက်အဦ ၄၄၄၁ လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ထို စစ်ရာဇဝတ်မှု အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံ AA က ပေးပို့သွားမည်ဖြစ်ပြီး စစ်ဘက်နှင့်မသက်ဆိုင်သည့် နေရာများကို လေကြောင်းတိုက်ခိုက်မှု စစ်ကော်မရှင်တပ်က ခပ်စိပ်စိပ်ပြုလုပ်နေ၍ ပြည်သူများ ပိုမိုသတိပြုနေထိုင်ကြရန်လည်း ထုတ်ပြန်ချက်တွင် အလေးအနက်တိုက်တွန်းထားသည်။

  • BGF ကို ဖယ်ရှားပြီး မြဝတီမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

    BGF ကို ဖယ်ရှားပြီး မြဝတီမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

    သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းယူနိုင်ပြီးနောက် စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ပေါ်က နေရာတော်တော်များများမှာ တပ်စွဲနေရာယူလိုက်ကာ အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်မှာ လုံခြုံရေးယူထားတဲ့ BGF တပ်ကိုလည်း ဖယ်ရှားလိုက်တယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။

    မြဝတီ-ကော့ကရိတ် အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ အာဏာ သိမ်းစစ်ကော်မရှင်တပ်က စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး မြဝတီမြို့ပေါ်က နေ ရာတော်တော်များမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်ကော်မရှင်တပ်က တပ်စွဲနေရာယူလိုက်ပြီလို့ မြဝတီဒေသခံတွေက ဆိုကြပါတယ်။

    စစ်ကော်မရှင်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းမရောက်ခင် အချိန်အတောအတွင်းမှာ မြဝတီမြို့ကို ကရင်နယ်ခြားစောင့်တပ် BGF က မြို့လုံခြုံရေးအတွက်ဆိုပြီး အမှတ် ၁ ချစ်ကြည်ရေးတံတား၊ ကုန်သွယ်ရေးဇုန်နဲ့ မြို့အဝင်အထွက်နေရာတွေမှာ တပ်စွဲနေရာယူထားကာ စစ်ကော်မရှင်တပ်က ရှေ့တန်းရုံးနဲ့ ခလရ ၂၇၅ တပ်ရင်းထဲမှာသာ တပ်စွဲနေရယူထားတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ စစ်ကော်မရှင်တပ်က မြဝတီမြို့ပေါ်မှာ အရင်အခြေအနေကထက် တပ်စွဲနေရာယူထားတာတွေ ပိုမိုလုပ်ဆောင်နေပြီး ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်မှာ တပ်စွဲထားတဲ့ BGF တပ်သားတွေကိုလည်း စစ်ကော်မရှင်တပ်က ဖယ်ရှားခိုင်းတဲ့အတွက် BGF တပ် သားတွေ ထွက်ခွာသွားခဲ့တယ်လို့ မြဝတီဒေသခံတွေက ဆိုပါတယ်။

    ဒါ့အပြင် မြဝတီမြို့ထဲမှာရှိတဲ့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့တွေအပြင် ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း စစ်ကော်မရှင်တပ်က အသွားအလာကန့်သတ်မှုတွေ စတင်လုပ်ဆောင်နေပြီလို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်း မြစ်တွေက ဆိုကြပါတယ်။

    စစ်ကော်မရှင်တပ်ဟာ လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီး ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ကရင်ပြည်နယ်အတွင်းမှာ နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေခဲ့ရာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း၊ အာရှလမ်းပိုင်းနဲ့ သင်္ဃန်းညီနောင်ဒေသတို့ကို ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

    အာရှလမ်းပိုင်းတစ်လျှောက်လုံးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ စစ်ကော်မရှင်တပ်က ကြွေးကြော်ခဲ့ပေမယ့် လမ်းပိုင်းနေရာ ၄ နေရာလောက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လမ်းပိုင်းအားလုံးကို စစ်ကော်မရှင်တပ်က မထိန်းချုပ်နိုင်သေးဘူးလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

    စစ်ကော်မရှင်တပ်က မြဝတီမြို့တောင်ဘက်ခြမ်း KNU တပ်မဟာ ၆ နယ်မြေက တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လေးကေကော်မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင်နေပြီး လေးကေကော်ဒေသတွင်းမှာ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ပစ်ခတ်မှုတွေ မကြာခဏ လုပ်ဆောင်နေတာပါ။

    ဒီလို စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးလာတာကြောင့် လေးကေကော်က ဒေသခံတွေအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လတ်တလောမှာ နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ သောက်ရေသန့်နဲ့ အမိုးအကာ စတာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီလုပ်ကိုင်ပေးနေသူတွေက အသိပေးထားပါတယ်။

  • ကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရမှု ကျောင်းသားတစ်ဦး ထပ်မံသေဆုံး၍ သေဆုံးသူ ၂၃ ဦးအထိရှိလာ

    ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာမှ ပညာပန်းခင်းနှင့် အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းများကို အကြမ်းဖက်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားတစ်ဦး ထပ်မံသေဆုံးကြောင်း သတင်းရရှိသည်။

    ဒဏ်ရာပြင်းထန်မှုကြောင့် ထပ်မံသေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ တရက်တပင်ကျေးရွာမှ Grade – 11 ကျောင်းသား မောင်အောင်ငြိမ်းဖြိုး(၁၇ နှစ်)ဖြစ်သည်။

    သူသည် ဆေးကုသမှုခံယူနေစဉ် ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ ညဉ့် ၁၂ နာရီခွဲခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။

    မောင်အောင်ငြိမ်းဖြိုးသည် ဗုံးကြဲခံရမှုအတွင်း ဝမ်းဗိုက်နှင့် ဦးခေါင်းဒဏ်ရာအပြင်းအထန်ရရှိခဲ့သူဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

    “သူ့အပြင် တခြား ဒဏ်ရာပြင်းတဲ့ ကလေးတွေလည်း စိုးရိမ်ရတဲ့အခြေအနေတွေရှိနေပါသေးတယ်။ အခုလိုတွေမြင်ရတော့ တကယ်ကို စိတ်ထိခိုက်တယ်”ဟု ပြောသည်။

    ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများအား အကြမ်းဖက်လေတပ်က စက်တင်ဘာလ ၁၂ ရက်၊ ညဉ့် ၁ နာရီကျော်တွင် ပေါင် ၅ဝဝ ဗုံးနှစ်လုံးဖြင့်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရသွားခဲ့ကြခြင်းဖြစ်သည်။

    အဆိုပါဗုံးကြဲမှုဖြစ်စဉ်ကြောင့် ယမန်နေ့ နေ့လယ်အချိန်ထိ နိရဉ္စရာက စုဆောင်းရရှိထားသည့်စာရင်းအရ ကျောင်းသူ၊ ကျောင်းသားများအပါအဝင် အနီးအနားရှိ နေအိမ်များမှ အရပ်သားများ စုစုပေါင်း ၂၂ ဦးအထိသေဆုံးမှုရှိခဲ့သည်။

    ယနေ့တွင် ကျောင်းသားတစ်ဦးထပ်မံသေဆုံးသွားခဲ့သည့်အတွက် အဆိုပါဗုံးကြဲမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၂၃ ဦးအထိရှိလာနေပြီး ဒဏ်ရာရသူ ၂ဝ ကျော်အထိရှိနေသည်ဟု သိရသည်။

    သို့သော် အာရက္ခတပ်တော်(AA)၏ ယမန်နေ့ညနေပိုင်းထုတ်ပြန်ချက်တွင်မူ အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။

    AA ထုတ်ပြန်ချက်ထဲတွင်ပါရှိသည့် သေဆုံးသွားသူများမှာ

    ၁။ ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာမှ Grade – 11 ကျောင်းသား မောင်တိုးဝေယံ (၁၇)နှစ်၊

    ၂။ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျးရွာမှ Grade – 11 ကျောင်းသား မောင်ထွန်းလင်းဟိန်း (၁၇)နှစ်၊

    ၃။ ကျောက်တော်မြို့နယ်၊ အထက်ယွန်းချောင်းကျေးရွာမှ Grade – 10 ကျောင်းသား မောင်ကောင်းမြတ်နိုင်(၁၆)နှစ်၊

    ၄။ ကျောက်တော်မြို့နယ်၊ အထက်ယွန်းချောင်းကျေးရွာမှ Grade – 11 ကျောင်းသား မောင်ခိုင်မင်းကို (၁၆)နှစ်၊

    ၅။ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာမှ Grade – 11 ကျောင်းသား မောင်နေဇော်ဌေး (၁၇)နှစ်၊

    ၆။ ကျောက်တော်မြို့နယ်၊ စေတီတောင်ရွာသစ်ကျေးရွာမှ Grade – 12 ကျောင်းသား မောင်အောင်ကျော်ညွန့် (၁၇)နှစ်၊

    ၇။ ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာမှ Grade – 10 ကျောင်းသား မောင်ဖြိုးမင်းဝေ (၁၅)နှစ်၊

    ၈။ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှ Grade – 10 ကျောင်းသား မောင်မျိုးအောင်ကို (၁၆)နှစ်၊

    ၉။ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှ Grade – 11 ကျောင်းသား မောင်နိုင်မျိုးထူး (၁၆)နှစ်၊

    ၁ဝ။ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှ Grade – 12 ကျောင်းသူ မလှနှင်းနွယ် (၂၁)နှစ်၊

    ၁၁။ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှ Grade – 12 ကျောင်းသူ မခင်ခင်ကျော် (၁၈)နှစ်၊

    ၁၂။ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှ Grade – 10 ကျောင်းသား မောင်မြင့်မြတ်စိုး (၁၆)နှစ်၊

    ၁၃။ ကျောက်တော်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ Grade – 11 ကျောင်းသား မောင်ကိုသန်းချေ (၁၇)နှစ်၊

    ၁၄။ မောင်တောမြို့နယ်၊ ဆတာ(ရှိတ္တ)ရွာမှ Grade – 8 ကျောင်းသား မောင်ထွန်းမင်းသန်း (၁၅)နှစ်၊

    ၁၅။ ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာမှ Grade – 11 ကျောင်းသား မောင်အောင်အောင်လင်း (၁၇)နှစ်၊

    ၁၆။ မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာမှ Grade – 11 ကျောင်းသား မောင်ဝေယံစိုး (၁၆)နှစ်၊

    ၁၇။ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှ Grade – 10 ကျောင်းသား မောင်တိုင်းလုံးထွန်း (၁၇)နှစ်၊

    ၁၈။ ကျောက်တော်မြို့နယ်၊ အထက်ယွန်းချောင်းကျေးရွာမှ Grade – 11 ကျောင်းသား မောင်ဟန်ထက်စိုး (၁၇)နှစ်နှင့်

    ၁၉။ မြို့နယ်/ကျေးရွာအမည်မသိရသေးသည့် Grade – 11 ကျောင်းသား မောင်ကိုဇော်အေး (၁၇)နှစ်တို့ဖြစ်ကြသည်။

    ယခုကဲ့သို့ ကျောင်းသူ၊ ကျောင်းသားများအပါအဝင် အရပ်သားပြည်သူများအား ဗုံးကြဲတိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမည်ဟုလည်း AA က ဆိုထားသည်။

    အဆိုပါဖြစ်စဉ်အတွင်း ကလေးငယ်များ သေဆုံးကာ ဒဏ်ရာရရှိခဲ့မှုကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)ကလည်း လွန်စွာစိုးရိမ်ပူပန်လျက်ရှိသည်ဟု ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

  • ရန်ကုန်နှင့်မန္တလေးတွင် လူငယ်များ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်နှင့်မန္တလေးတွင် လူငယ်များ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

    မန္တလေးမြို့၊ ဂေါဝိန်ရပ်ကွက်၊ ဧရာထွန်းဈေးသို့ လာရောက် ကုန်စည်ဖြန့်ဖြူးနေသည့် Vivo စားသောက်ကုန်ကုမ္ပဏီမှ အသက် ၂၉ နှစ်အရွယ် မောင်ကျော်မျိုးသူမှာ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

    စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခန့်အချိန် မန္တလေးမြို့၊ ကျွဲဆည်ကန်ရပ်ကွက် ၁ လမ်းရှိ Vivo စားသောက်ကုန် ကုမ္မဏီတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် မောင်ကျော်မျိုးသူ သည် ဂေါ်ဝိန်ရပ်ကွက်၊ ဧရာထွန်းဈေးသို့ ကုမ္ပဏီက ခိုင်းစေသည့် အလုပ်ကို သွားရောက်လုပ်ကိုင်နေစဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရကာ ပျောက်ဆုံးသွားကာ ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

    “ဘာအဆက်အသွယ်မှလည်း အခုထိမရသေးတော့ အခုထိပျောက်နေတုန်းပဲ၊ ဒီနေ့ ဆိုရင် ၂ ရက်ရှိသွားပြီ၊ အဲဒီ ဧရာထွန်းကနေပြီးတော့ သွားမယ်ဆိုပြီးတော့ အဲဒီဧရာထွန်းထဲမှာတင် ပျောက်သွားတာ။” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

    အလားတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံ ၊ သင်္ကန်းကျွန်းကြီးရပ်ကွက်နှင့် ပုလဲမြို့သစ် ရပ်ကွက်တို့တွင် လူငယ် ၄ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး ပျောက်ဆုံးနေကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

    စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီး ရပ်ကွက် တွင်နေထိုင်သူ အသက် ၂၂ အရွယ် မောင်ပြည့်စုံဦးသည် ရန်ကုန်ဆေးရုံကြီးသို့ သွားရန် ကားငှားစီး စဉ် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ပျောက် ဆုံးသွားကြောင်း သိရသည်။

    “အခုထိအဆက်အသွယ် မရသေးဘူး။ သူက ရန်ကုန်ဆေးရုံကြီးကို ကားငှားတာ။ ၇ နာရီ ၁၀ မိနစ် လောက်ပဲ ရှိသေးတယ်။ ကားပေါ်မှာ လူ ၃ ယောက်ပါလာတာ မသိလိုက်ဘူးထင်တယ်။ ကားပေါ် ရောက်မှ စာလှမ်းပို့တာ။ ကားပေါ်မှာ ယောက်ျား ၃ ယောက်ပါတယ်။ နည်းနည်းတော့လန့်တယ်ဆို ပြီး စာပို့ပြီးတော့ ဖုန်းချက်ချင်းပြန်ဆက်တဲ့အချိန်မှာ ဖုန်းချပစ်လိုက်တယ်။ ပြီးတော့ စက်ပိတ်သွား တယ်။ အဲဒီနေ့ကလည်းကနေ အခုချိန်အထိဘာအစအနမှ မရဘူး။ မနက်ကတော့ ပိုက်ဆံတောင်း တဲ့သူတွေတော့ ဖုန်းဆက်လာတယ်။ ဘယ်လိုဆက်လဲဆိုတော့ လူပြန်ပေးမယ်၊ ဆေးစစ်ရမယ်၊ ပိုက် ဆံ ၅ သိန်းအရင်လွှဲပေးဆိုပြီး ဆက်လာတာ၊ အဲလို ဆက်တဲ့ သူတို့ကို လိုက်စုံစမ်းရ သလောက်တော့ လိုင်းပေါ်မှာ ဖုန်းနံပါတ်တင်လိုက်တဲ့အတွက်ကြောင့် ကြားထဲက လိမ်တဲ့သူက ဖုန်း ဆက်လိမ်တာလို့ သိရတယ်။ ဘာမှလည်း တိတိကျကျ မဟုတ်ဘူး။ လူကို ပြဆိုတော့လည်း မပြနိုင်ဘူး။ ပိုက်ဆံရှိတဲ့ အသိုင်းအဝန်းထဲကတော့ မဟုတ်ပါဘူး။ လူဘာမှ မဖြစ်ဘဲနဲ့ ပိုက်ဆံနဲ့ ပြန်ရွေးရမယ်ဆိုရင်လည်း ရွေးရမှာပေါ့၊ ကိုယ့်လူကအရေးကြီးတာကိုး၊ ဖမ်းတဲ့ သူတွေ အနေနဲ့ လူကို တော့ ဘာမှ အန္တရာယ် မပြုပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ အကြောင်း မကြားပဲနဲ့ စစ်တပ်ထဲ ပို့လိုက်တယ်ဆိုရင်လည်း လိုက်ရတာမလွယ်တော့ဘူး။ ပြီးတော့ သူက ရန်ကုန်မှာအလုပ်လာလုပ်တာ။ သူ့မိဘတွေကလည်း တောင်ကြီးမှာဆိုတော့ အလှမ်းဝေးတယ်။” ဟု မောင်ပြည့်စုံဦး၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

    ထို့အပြင် စက်တင်ဘာလ ၁၀ ရက်နေ့ကပင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင်လည်း လူငယ် ၂ ဦး ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် နေ့လည်ပိုင်းက သင်္ကန်းကြီးရပ် ကွက်အတွင်း မုန့်တီပို့သော အမျိုး သားတစ်ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားပြီး ယခုအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံပြည်သူများထံက သိရသည်။

    “အခုဒီဘက်တွေမှာက အဲလိုမျိုးအဖြစ်များတယ်။ လမ်းထဲမှာ မုန့်တီပို့တဲ့အစ်ကို ဆိုရင် မနေ့က နေ့လည်ဘက်ကြီး ပါသွားတာ၊ အခုထိ အဆက်အသွယ်မရသေးဘူး။ ရန်ကုန်မှာ ပေါ်တာဆွဲတာ‌ တွေအရမ်းများတယ်။ မင်္ဂလာဒုံ၊ ပုလဲဘက်ခြမ်းမှာလည်း စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းလောက်က ၂ ယောက် ထပ်ဆွဲသွားတယ်လို့ သတင်းရတယ်။” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

    အကြမ်းဖက်စစ်တပ်က ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် နိုင်ငံတစ်ဝန်းတွင် လူငယ်များကို ပေါ်တာ ဆွဲ ဖမ်းဆီးမှုများ တောက် လျှောက် ဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန် အပါအဝင် မြို့ကြီးတချို့မှ ပြည်သူများက ပြောဆိုကြသည်။

  • ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်သံ)

    ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်သံ)

    စစ်ကော်မရှင်တပ်ရဲ့ တပ်သား စန်းဝင်းနိုင်ဟာ ချောက်မြို့ကနေ ရန်ကုန်သို့ သွားရောက်စဉ် ချောက်ဂိတ်မှာ အဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။

    ပေါ်တာဆွဲခံရပြီးနောက် ရှမ်းပြည်နယ်မှာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ကနေတစ်ဆင့် ဒီမော့ဆိုမြို့သို့ ပို့ဆောင်ခံရစဉ် တော်လှန်ရေးတပ်တွေဘက်ကို လက်နက်နဲ့အတူ အလင်းဝင်ခဲ့သူဖြစ်ပါတယ်။

    ”စစ်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးတွေကအစ တော်တော်လေးကို စိတ်ဓာတ်အောက်တန်းကျတယ်။ အဲဒါတော့ ကိုယ်တွေ့ပါ”လို့ စန်းဝင်းနိုင်က ဆိုပါတယ်။

    စစ်သင်တန်းတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ဘယ်လိုအကြောင်းမျိုးမျိုးနဲ့ဖြစ်ဖြစ် စစ်ကော်မရှင်လက်အောက်ခံမှာ မနေကြဘဲ ပြည်သူဘက်ကို ဘက်ပြောင်းခိုလှုံ့ကြဖို့ သူက တိုက်တွန်းထားပါတယ်။

    Video-KNDF