Tag: News

  • ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ G-3 ကျောင်းသား လက်နက်ကြီး ဗုံးစထိမှန်ဒဏ်ရာရ

    ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ G-3 ကျောင်းသား လက်နက်ကြီး ဗုံးစထိမှန်ဒဏ်ရာရ

    ဝေါမှာ ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ G-3 ကျောင်းသား လက်နက်ကြီး ဗုံးစထိမှန်ဒဏ်ရာရ

    ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ G-3(တတိယတန်း)ကျောင်းသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ဒဏ်ရာရသူမှာ သူရဲသမိန်အထကကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၉ နှစ်အရွယ် G-3 ကျောင်းသား မောင်ထူးမြတ်လင်း ဖြစ်ပြီး ကျောင်းကနေ နေအိမ်ကိုပြန်လာချိန် စက်တင်ဘာ ၁ ရက် မနေ့မွန်းတည့် ၁၂ နာရီခန့်မှာ အမှတ် ၅ ရပ်ကွက်လမ်းပေါ် ကိုကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဗုံးစထိမှန်ခဲ့တာလို့ ဆိုပါတယ်။

    ” ကလေးတွေ(ထမင်းစား)ကျောင်းလွှတ်တဲ့အချိန်ကျတာ။ ကလေးက ၃ တန်းကလေး။ ကျတာက လမ်းကို။ အစမှန်သွားတာ။ ဆေးဆရာအိမ်ဘေးနားကျတာ။ ကလေးကလည်းအဲ့နားကအဖြတ်ထိတာ”လို့ သူရဲသမိန် ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်နက်ကြီးအစထိမှန်တာကြောင့် မောင်ထူးမြတ်လင်းရဲ့ လက်မောင်းနဲ့ဦးခေါင်းမှာ ဗုံးစထိမှန်ဒဏ်ရာရရှိသွားခဲ့ပြီး ဆင်ရွာတိုက်နယ်ဆေးရုံကို ပို့ဆောင်ကုသထားရတယ်လို့ သိရပါတယ်။

    ဩဂုတ် ၃၀ နဲ့ ၃၁ ရက်တွေမှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရတာကြောင့် သူရဲသမိန်ကျေးရွာအနီးကို ဗုံးကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး ဘယ်တပ်ဖွဲ့ကပစ်ခတ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

    သူရဲသမိန်ကျေးရွာတောင်ပိုင်းဘုန်းကြီးကျောင်းမှာ စစ်ကော်မရှင်အင်အား ၁၀၀ ခန့်တပ်စွဲထားပြီး ဩဂုတ် ၂၉ ရက်ကစတင်ကာ ဆင်ရွာနဲ့ သူရဲသမိန်ကတဆင့် ညောင်ခြေထောက်ကို စစ်ကော်မရှင်တပ်က အင်အားတွေဖြည့်တင်းတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ဧပြီ ၁၂ ရက်ကလည်း သူရဲသမိန်ကျေးရွာ အမှတ် ၁ ရပ်ကွက်ကို ဗုံးသီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – လူမှုကွန်ရက်

  • မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှား

    မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှား

    မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှားရာတွင်နံရံကပ်ဆိုင်၊ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်းများပါဝင်မည်

    မန္တလေးမြို့တော်ကို သန့်ရှင်းသာယာလှပသော ခေတ်မှီမြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် စည်ပင်ယာယာရေးကော်မတီ နယ်နိမိတ်အတွင်း အဓိကလမ်းမကြီးများ၊ လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများပေါ်တွင် ကျုးကျော်ဆောက်လုပ်ထားရှိမှုများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ယမန်နေ့ စက်တင်ဘာ(၁) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

    အဆိုပါ နေရာများတွင် ကျုးကျော်စုပုံတည်ခင်း ပစ္စည်းထားရှိခြင်း၊ ကျုးကျော်ဆောက်လုပ်ထားရှိခြင်း၊ ကျုးကျော်ရောင်းချခြင်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။

    မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၁၀၆(စ) အရလည်း အများပြည်သူဆိုင်ရာလမ်း၊ ပလက်ဖောင်းများတွင် ကုန်ပစ္စည်းများထားခြင်း၊ အဆောက်အုံများဆောက်လုပ်ခြင်းနှင့် ပစ္စည်းများရောင်းချခြင်း၊ ခင်းကျင်းခြင်းများမပြုလုပ်ရန် တားမြစ်ချက်ကိုလိုက်နာရန်လည်းအသိပေးထားသည်။

    ထို့ပြင် ပုဒ်မ ၁၀၉(စ) အရ မည်သူမျှ ကော်မတီခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း နံရံကပ်ဆိုင်ဖွင့်လှစ်ရောင်းချခြင်း၊ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ရန်လည်း ကြေညာချက်တွင် ထည့်သွင်း အသိပေးထားသည်။

    တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါကလည်း စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေညာကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထားသည်။

  • ငလျင်ဒဏ်ခံနိုင်သည်ဟု လိမ်လည်ရောင်းချခဲ့သည့် NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုများကို  မတောင်းပန်

    ငလျင်ဒဏ်ခံနိုင်သည်ဟု လိမ်လည်ရောင်းချခဲ့သည့် NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုများကို မတောင်းပန်

    ငလျင်ဒဏ်ခံနိုင်သည်ဟု လိမ်လည်ရောင်းချခဲ့သည့် NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုများကို မတောင်းပန်ဘဲ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ပေးအပ်မည်ဖြစ်၍ သေဆုံးမှု အထောက်အထားတင်ပြ လာထုတ်နိုင်ဟု ကြေညာ

    မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရသည့် Sky Villa ကွန်ဒိုအဆောက်အုံပြိုကျမှုတွင် သေဆုံးသူများကို ဆောက်လုပ်သည့် NTL ကုမ္ပဏီက တောင်းပန်ခြင်းမရှိဘဲ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ပေးအပ်မည်ဖြစ်၍ အထောက်အထားတင်ပြ လာထုတ်ရန် ယနေ့ ကြေညာသည်။

    မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအဆောက်အုံများ ပြိုကျပျက်စီးခဲ့ပြီး ယင်းကွန်ဒိုတွင် နေ ထိုင်သော မိသားစု ၂၀၀ နီးပါး သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယခင်ဩဂုတ်လအထိ အလောင်းများ ဆက်လက်ရှာဖွေတွေ့ရှိနေရဆဲဖြစ်သည်။

    အဆိုပါ Sky Villa ကွန်ဒို အဆောက်အအုံကို တည်ဆောက်ရောင်းချဲ့သော NTL ကုမ္ပဏီက သေဆုံးသူများအတွက် ဂရုဏာထောက်ပံ့ကြေးအဖြစ် သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ကျပ်တိတိကို လာမည့် စက်တင်ဘာလ ၈ ရက်နေ့မှစတင်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သေဆုံးကြောင်းအထောက်အထား၊ စာရွက်စာတမ်းများနှင့် ခိုင်လုံသော အချက်အလက်များနှင့်အတူ Sky Villa ယာယီကွပ်ကဲရေးရုံးတွင် လာရောက်လျှောက် ထားနိုင်ကြောင်း ကြေညာသည်။

    ထိုသို့ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ကျပ် လျော်ကြေးပေးမည်ဟု ကြေညာသော်လည်း Sky Villa ဆောက်လုပ်ခဲ့သော NTL ကုမ္ပဏီက သေဆုံးခဲ့ရသူများ၏ မိသားစုများကို လုံး၀ တောင်းပန်ခြင်းမရှိပေ။

    “ငလျင်ဒဏ်ခံနိုင်တယ်ဆိုပြီး လိမ်ရောင်းတယ်။ တစ်ခန်းကို သိန်းထောင်ချီ ပေးရတယ်။ နေတဲ့မိသားစုတွေအားလုံးကလည်း ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေချည်းပါပဲ။ အခုအချိန်အထိ သူတို့ လိမ်ရောင်းခဲ့တာကို ပြန်မတောင်းပန်ဘူး။ အထက်စီးကနေ သေဆုံးသူ ၁ ဦးအတွက် သိန်း ၁၀၀ လျော်ကြေးပေးမယ်ဆိုပြီး လုပ်တယ်။ တောင်းပန်စကားတခွန်းတောင်မပြောလို့ ကျန်ရစ်သူ မိသားစုတွေ ဒေါသထွက်နေကြပြီ” ဟု Sky Villa ကွန်ဒိုတွင် သေဆုံးခဲ့ရသူ ပြည်သူတစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောဆိုသည်။

    Sky Villa ကို N.T.L ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး iMyanmar House က ရောင်းချခဲ့ကာ ရောင်းချချိန်က ငလျင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြင့် ဘိုးဘွားပိုင်မြေပေါ် ပိုင်ဆိုင်မှုအခိုင်အမာဆောက်လုပ်ထား၍ နောင်ရေးအတွက်စိတ်အေးရသည်ဆိုပြီး ကြော်ငြာ ရောင်းချခဲ့သည်။

    မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ချိန် Sky villa Condo ၏ အဆောက်အအုံ A မှာ ၆ ထပ်အထိ မြေကြီးထဲရောက်သွားခဲ့ပြီး အဆောက်အအုံ B၊ C၊ D ၃ ခုမှာမူ လုံး၀ပြိုကျကာ လူပေါင်းရာချီ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

    Sky Villa ကွန်ဒိုကို ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ရာ အထူးစျေးရောင်းပွဲတော်များဖြင့် ရောင်းချခဲ့ကာ ကွန်ဒိုအခန်း ၁ ခန်းလျှင် သိန်း ၈၀၀၀ အထိ ခေါ်စျေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

  • ရန်ကုန်၌ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၂၇ ဦးရှိ

    ရန်ကုန်၌ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၂၇ ဦးရှိ

    ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။

    ဩဂုတ် ၂၅ မှ ၃၁ ရက်အတွင်း ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့်နှင့် မရမ်းကုန်းမြို့နယ်များ၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း RSN က ထုတ်ပြန်ထားသည်။

    “သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီးနောက် ဖမ်းခံရသူ ၆ ဦး၊ လမ်းမပေါ် ရှောင်တခင်စစ်ခံရပြီး ဖမ်းခံရသူ ၄ ဦး နှင့် ဖမ်းဆီးခံရသည့်ပုံစံ စုံစမ်းနေဆဲဖြစ်သူ ၈ ဦး တို့ ဖြစ်သည်။”ဟု RSN က​ဖော်ပြသည်။

    အဆိုပါမြို့နယ်များအပြင် စမ်းချောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင်လည်း ဖမ်းဆီးမှုများရှိသည်ဟု ဆိုသော်လည်း စုံစမ်းဆဲဖြစ်သည်ဟု RSN က အသိပေးထားသည်။

    လှိုင်မြို့နယ် ၂ ရပ်ကွက် နှင့် ၅ ရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ သည် စစ်တပ်လက်​အောက်ခံပျူစောထီးများနှင့်ပေါင်း၍စစ်မှူထမ်း ကိစ္စနှင့် ပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ငွေရှိသူတွေကတော့ သားသမီးတွေကို ငွေပေးပြီး လိုက်ထုတ်နိုင်ပေမယ့် ဆင်းရဲသားနင်းပြားမိသားစုတွေကတော့ စစ်မှူထမ်းတွေပါသွားပြီ” ဟု ၎င်းက လက်ရှိကြုံနေရသည့် အခြေအနေကိုပြောသည်။

    ဩဂုတ်လအတွင်း၌ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ဆိုက္ကားနင်းသူများကို လူတစ်စုက လိုက်လံငှားရမ်း၍ ခေါ်ဆောင်သွားကာ အဆက်အသွယ်မရ‌တော့သည့် ဖြစ်စဉ်များလည်းရှိသည်ဟု RSN ကဆိုသည်။

    လှိုင်၊ ကြည့်မြင်တိုင်၊ တာမွေ စသည့် မြို့နယ်များ၌ အထက်ပါဖြစ်စဉ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်မှူထမ်းအတွက် လိမ်လည်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ထားသည်။

    ထို့အပြင် ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ် ၁၃ ခု၌ ဧည့်စာရင်းစစ်သည့် ဖြစ်စဉ် ၂၂ ခုရှိခဲ့ကြောင်း RSN က ဖော်ပြထားသည်။

    (စစ်​ကောင်စီက ဧည်စာရင်းကိုအ​ကြောင်းပြ၍ လူငယ်များကိုဖမ်းဆီးမှုမျိုးလည်းပြုလုပ်​လေ့ရှိသည်။ ။ဓါတ်ပုံ-စစ်​ကောင်စီ)

  • ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက် ပြေး

    ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက် ပြေး

    ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေး၊ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၄၀ နီးပါး သေဆုံးကာ စစ်တပ်က လက်နက်ကြီးနှင့် အတွဲလိုက်ဒုံးများ ပစ်ခတ်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးသွားသဖြင့် စစ်တပ်က ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

    ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ခမရ ၅၄၅ တပ်သို့ စစ်မှုထမ်းတပ်သားသစ်များနှင့် ပြည် သူ့စစ်များ စစ်ကူ ပေးပို့လာကြောင်း၊ ထိုသို့ ပေးပို့လာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးထွက်သွားကြောင်း၊ ယင်းသို့ ထွက်ပြေးသွားသည့် အတွက် ကျုံဒိုးမြို့ အပါအဝင် စစ်မှုထမ်းတပ်သားသစ်များ ဖြတ်သန်းနိုင်ဖွယ်ရှိသည်ဟု ယူ ဆ ရသော နေရာပေါင်းစုံကို စစ်တပ်က ပိတ်ဆို့ ရှာဖွေနေကြောင်း သိရှိရသည်။

    ထွက်ပြေးသွားသော စစ်မှုထမ်းတပ်သားသစ်များအနက်မှ စစ်မှုထမ်းတပ်သားသစ် ၆ ဦးကို ပြန်လည် ဖမ်းဆီးရရှိသွားကြောင်း သိရှိရသည်။

    “ကျုံဒိုး ထမင်းဆိုင်မှာ ထွက်ပြေးသွားတဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦးပြန်ဖမ်းမိတယ်။ အခု ကျန်တဲ့ လွတ်နေတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ပြန်ဖမ်းမိဖို့ ဂျိုင်းတံတား၊ သာမည၊ အိန္ဒု၊ ဖားအံ သံလွင်တံတားတွေမှာ ပိတ်ဆို့ ရှာဖွေနေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော ကျုံဒိုးမြို့ အင်ကြီးရွာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းမှ စစ်သားများ KNLA တပ်များထံသို့ အလင်းဝင်မှုများလည်းရှိနေကြောင်း ၊ ဩဂုတ်လ ၂၀ ရက်နေ့မှ ဩဂုတ်လကုန်အထိ ကျုံဒိုးမြို့ဝန်းကျင် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၄၀ ဝန်းကျင်သေဆုံးခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်များ ပါဝင်ကြောင်း သိရှိရသည်။

    “ဩဂုတ်လ ၂၀ ရက်နေ့က ဩဂုတ်လကုန်အထိ သေဆုံးစစ်သား ၄၀ ဝန်းကျင်ရှိတယ်။ အလောင်းကောက်လို့ရတာတွေကို ဂျိုင်းရွာသင်္ချိုင်း မှာ ရွာအုပ်ချုပ်မှူးတွေကို မြှုပ်ခိုင်းတယ်။ ဒဏ်ရာရတွေကိုတော့ ဂျိုင်းရွာမှာရှိတဲ့ နာရေးကူညီမှု ကား တွေကို ချောဆွဲပြီး ဘားအံ တောင်က လေး ဆေးရုံ ပို့နေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ကျုံဒိုးမြို့တစ်၀ိုက်တွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သော စစ်ကြောင်း အပါအဝင် KNLA မဟာမိတ်တပ်များက စစ်တပ်ကို တိုက်ခိုက်နေသဖြင့် စစ်တပ်က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ကျေးရွာများသို့ ဦးတည်ပစ်ခတ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျုံဒိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းများဖြစ်ပါသည်။)