Tag: News

  • စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့

    စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့

    စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်နဲ့ မိသားစုကို သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း နေအိမ်ကနေ စက်တင်ဘာ ၂ ရက်မှာ အပြီးဖယ်ပေးဖို့ တရားရုံးက စာပို့ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ခြံအမှတ် ၂၇ မြေယာပိုင်ဆိုင်မှုကိစ္စနဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ဦးသိန်းညွန့် အနေနဲ့ ဇူလိုင်လအတွင်း အမှုရှုံးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သူတို့အမှုက ကြာပြီ၊ NLD အစိုးရလက်ထက်ကတည်းကဖြစ်တာ၊ အာဏာသိမ်းပြီးလည်း တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းပဲ။ အခုနှစ်မှာ ဦးသိန်းညွန့်တို့ အမှုရှုံးသွားတာ ၇ လပိုင်းမှာ၊ ထပ်ပြီးညှိပေးသေးတာ၊ အိမ်ကဆင်းပေးဖို့ နောက်ဆုံး Date ပေးထားတာ စက်တင်ဘာလ ၂ ရက်နေ့။”

    အမှုအခင်းဖြစ်တဲ့ နေအိမ်နဲ့ ခြံနေရာဟာ ဦးသိန်းညွန့်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ မိသားစု အမွေဆိုင်ဖြစ်လို့ တရားရုံးက လေလံတင်ရောင်းချပြီး ၁၂ ပုံ ပုံကာ ခွဲဝေယူဖို့ ဆုံးဖြတ်ထားတာလို့လည်း သိရပါတယ်။

    မြေယာအမှုအခင်းဖြစ်တဲ့ အဆိုပါ ခြံအမှတ် ၂၇ မှာ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ရုံးချုပ်လည်း ဖွင့်လှစ်ထားလို့ ပါတီရုံးခန်းအသစ် ဖွင့်လှစ်ဖို့ နေရာရွေးချယ်နေကြောင်း NNDP ပါတီဝင်တယောက်က ပြောပါတယ်။

    “အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၃ မှာ ဦးသိန်းညွန့်က လူကြီးတွေဆီ အကူအညီတောင်းသေးတယ်။ ဘယ်သူမှ မကူညီတဲ့အပြင် ကောင်စီအဖွဲ့ဝင်ကနေ ဖြုတ်ပြီး အကြံပေးခန့်လိုက်တာ အခုချိန်ထိပဲ။ အာဏာမသိမ်းခင် အခုအမှုဖြစ်နေတဲ့ မြေနေရာမှာ ပါတီရုံးချုပ်မဖွင့်ဖို့ သူ့သားက ဦးသိန်းညွန့်ကို တိုင်တာ ၅ ကြိမ် ရှိတယ်။ အခုဆို နေစရာဘုံပျောက်သွားတဲ့အပြင် ပါတီရုံးဖွင့်ဖို့တောင် နေရာ စဥ်းစားနေရတယ်။”

    အာဏာသိမ်းပြီး စစ်ကောင်စီအစိုးရအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်လာတဲ့ ဦသိန်းညွန့်က ၂၀၂၃ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီသစ်ပါတီသစ် (NNDP) ကို စစ်ကောင်စီလက်အောက်ခံ ကော်မရှင်အဖွဲ့မှာ မှတ်ပုံတင်ခဲ့ရာ ကော်မရှင်က ခွင့်ပြုပေးခဲ့ပါတယ်။

    ဦးသိန်းညွန့်ဟာ ၁၉၉၀ ရွေးကောက်ပွဲက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာကို NLD ပါတီက ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။

    ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ရာ NLD ပါတီနဲ့ လမ်းခွဲပြီး ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ ပေါင်းကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကို တည်ထောင်ခဲ့ပေမဲ့ ရန်ပုံငွေကိစ္စကြောင့် စကားများကာ ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် သင်္ဃန်းကျွန်းမြို့နယ်က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပါတယ်။

    ဒီနောက် ဦးသိန်းညွန့်ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကို တည်ထောင်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်မရခဲ့ပါဘူး။

  • တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

    တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

    တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးဟုဆို

    ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ငူမြို့နယ်၊ ပဒဲကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၁၅၀ ပါ စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ထွက်လာစဉ် ပဒဲကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “တိုက်ပွဲဖြစ်ပွားချိန်က ၁ နာရီလောက်ကြာပါတယ်။ ကမ်းပါးနီရွာနဲ့ ပဒဲရွာ ဘက်ကနေ ထိုးလာတာပါ။ စစ်ခွေးတွေ အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်။ စစ်ခွေးတွေ အထိုင်ချထားတဲ့ ပဒဲရွာကို ပြန်လည်ဆုတ်ခွာသွားတာ ကျနော်တို့တပ်နဲ့ ထိတွေ့မှုဖြစ်တာက ပဒဲရွာအထွက် မှာပါ။ စစ်ခွေး သေတာက ၁၀ ကောင်လောက်ဖြစ်မယ်လို့ ခန့်မှန်း ရပါတယ်။ ပဒဲရွာအထွက်မှာ ကျနော်တို့ တပ်ဖွဲ့နဲ့ထိတွေ့မှု ဖြစ်ပြီး ရန်သူ့အခြား စစ်ကြောင်း တွေနဲ့က တော့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ထိတွေ့မှုဖြစ်တာပါ” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့ ၊ သံတောင်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေး ဖိုက်တာဆားခဲတပ်ဖွဲ့၊ ပုဝါနီစစ်ကြောင်းနှင့် သမန်းကြားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ကြောင်းသိရှိရသည်။

    တောင်ငူမြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများလုပ်ဆောင်လာနေပြီး အထူး သဖြင့်ရွေးကောက်ပွဲကာလမတိုင်မီ တည်ငြိမ်အေးချမ်းရေး ရှိစေရန်ဆိုသော အကြောင်းပြချက်ဖြင့် ကျေးရွာများကို ဝင်ရောက်စီးနင်းမှုများရှိလာကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

  • ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်

    ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်

    ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်က အင်အားဖြည့်ပြီးနောက် တိုက်ပွဲများ ဆက်ပြင်းထန်နေ

    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီးနောက် ငွေတောင်ရွာသစ်တွင် တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း မြေပြင်ရှိ ရဲဘော်များက ပြောသည်။

    ဒီးမော့ဆိုမြို့နယ်ဘက်မှ ဖရူဆိုမြို့နယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား သုံးရက်ဆက်တိုက်ပွဲ ဖြစ်နေသည်ဟု ဆိုသည်။

    “ငွေတောင်ရွာသစ်ဘက်မှာပဲ။ မနေ့က(သြဂုတ် ၃၁ ရက်)မှာ နှစ်ဖက်တိုက်ပွဲ တော်တော်ပြင်းတယ်။ ကိုယ့်ဘက်က နှစ်ယောက်ထိခိုက်ကျဆုံးတယ်။ သူတို့ဘက်ကလည်း သေဆုံးတာတွေများတယ်”ဟု ဒီးမော့ဆိုမြို့အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများစွာ ပစ်ကူပေးနေသည့်အပြင် ယနေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

    “ရန်သူက ဆက်တိုးနေတယ်ပေါ့။ အင်အားဆက်ဖြည့်နေတယ် မြေပြင်အနေအထားအရ။ ဘုံရန်သူတစ်ခုတည်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆက်ချီတက်နေတယ်။ စစ်ရေးနောက်ဆက်တွဲကတော့ တင်းမာနေတယ်။ကျွန်တော်တို့လည်း လုပ်လို့ရတဲ့အပိုင်းဆက်လက် လုပ်နေတယ်”ဟု ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင်ပါဝင်နေသည့် ကယန်းအမျိုးသားတပ်မတော်(KNA)တာဝန်ရှိသူ ခွန်းရဲခေါင်က ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ငွေတောင်ရွာသစ်တွင် အင်အား ၁၀၀ကျော်ဖြင့်တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ထက်မနည်း သေဆုံးပြီး လက်နက်ခြောက်လက် ရရှိခဲ့သည်။

    “စကစဘက်က အထိနာသွားလို့ မနေ့ကစပြီး လေယာဥ်၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တောက်လျှောက်ထုနေတယ်”ဟု မြေပြင် ရဲဘော်တစ်ဦးက ပြောသည်။

    ၂၀၂၃ နိုဝင်ဘာကစ၍ တော်လှန်ရေးအင်အားစုက ဖြတ်တောက်ထားသည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်။

    (ငွေတောင်ရွာသစ်တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ – KNA)

  • ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ

    ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ

    ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ

    ဧရာဝတီတိုင်းရှိ ဘိုကလေး၊ ကန်ကြီးထောင့်နှင့် ဒေးဒရဲမြို့နယ်များတွင် စစ်မှုထမ်းရန်အတွက် လူအစားထိုး ရောင်းဝယ်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။

    စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက်အရွယ်ရှိ လူငယ်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း တို့မှ ရှာဖွေဖမ်းဆီးကာ စစ်ကောင်စီလက်အောက်ခံ စစ်ကော်မရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အရောင်းအဝယ်ဈေးကွက် ဖန်တီးနေကြောင်း ဒေသခံများထံမှ သိရသည်။

    “ဘိုကလေးမြို့နယ် (၉) ရပ်ကွက်အုပ်ကြီးက အဆိုးဆုံးပဲ။ ရာထူးတည်မြဲဖို့ သူ့သားအရင်းနှစ်ယောက် လုံးကို စစ်မှုထမ်းထဲ ထည့်လိုက်ပြီး ရသမျှကို ယူနေတာ။ မိသားစုလိုက် ဆိုင်ကယ်တစ်စီးစီနဲ့ ချမ်းသာနေတာ” ဟု ဘိုကလေးမြို့ခံတစ်ဦးက ပြောသည်။

    ဘိုကလေးမြို့နယ်မှ စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ရန်ကုန်၊ လှိုင်သာယာမှ လူမိုက်များနှင့် ပူးပေါင်းကာ ပျံကျလုပ်ကိုင်သည့် လူငယ်များ၊ အသက်မပြည့်သေးသူများနှင့် ထောင်ထွက်လူငယ်များကို တစ်ဦးလျှင် ကျပ်သိန်း ၅၀ ကျော်ဖြင့် ဝယ်ယူပြီး အခြားမြို့နယ်များသို့ စစ်မှုထမ်းလူစားထိုး ရောင်းချနေသည်ဟု ဆိုသည်။

    စစ်မှုထမ်းခေါ်ယူသည့်အဖွဲ့မှ အပူတပြင်း လူတောင်းဆိုနေသည့် မြို့နယ်များတွင် လူစားထိုး စုဆောင်းထားသည့် ရပ်ကျေးအဖွဲ့များက တစ်ဦးလျှင် သိန်း ၁၅၀ မှ ၁၈၀ အထိ တောင်းယူ၍ လူကုန်ကူးသည့်သဖွယ် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

    ထို့အပြင် ရပ်ကွက်အတွင်း ခိုးဆိုးလုယက်မှုများ ပြုလုပ်သည်ဟု သတင်းထွက်သည့် လူငယ်များကို ဖမ်းဆီးထိန်းသိမ်းကာ စစ်မှုထမ်းရန် လူစားထိုး ထည့်သွင်းလျက်ရှိသည်။ ထိုသို့ လူစားထိုး ထည့်ပေးသည်ကို အကြောင်းပြု၍ ကန်ကြီးထောင့်မြို့နယ်တွင် တစ်အိမ်ထောင်လျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် လစဉ် ကျပ်သိန်း ၂၀၀ ကျော်ကို အုပ်ချုပ်ရေးအဖွဲ့များက ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေကြောင်း သိရသည်။

    ဒေးဒရဲမြို့နယ်တွင်လည်း စစ်မှုထမ်းခေါ်ယူသည့်အဖွဲ့နှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး စစ်မှုထမ်းအကျုံးဝင်သည့် အသက်အရွယ်ရှိရာ နေအိမ်များမှ ကျပ် ၅၀,၀၀၀၊ ကျန်ရှိသည့် နေအိမ်များမှ ကျပ် ၂၀,၀၀၀ အထိ ကောက်ခံနေပြီး ငွေကြေးတတ်နိုင်သည့် နေအိမ်များကို ပစ်မှတ်ထား၍ ငွေညှစ်လျက်ရှိသည်။

    ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို စစ်ကော်မရှင်က တရားခံပြေးများ ဖမ်းဆီးသကဲ့သို့ စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးပြီး စစ်ရေးပြင်းထန်နေသည့် ဒေသများသို့ ရက်တိုသင်တန်းပေးကာ စေလွှတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    ပုံစာ-ဧရာ၀တီတိုင်း၊ အနောက်တောင်တိုင်း(နတခ) စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်။

  • စီးပွားရေး လုပ်ငန်းရှင် (၄၀) ကျော် ကို စစ်တပ် လိုက်ဖမ်းနေ

    စီးပွားရေး လုပ်ငန်းရှင် (၄၀) ကျော် ကို စစ်တပ် လိုက်ဖမ်းနေ

    ယမန်​နေ့ ညပိုင်းကစပြီး နေပြည်တော်မှာရှိတဲ့ လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်လို့ စီပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။

    ကနဦးသတင်းများအရ နေပြည်တော်ပြန်လည်တည်ဆောက်ရေးစီမံကိန်းနဲ့ EV ကားကိစ္စလည်း ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

    လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းရှင် အယောက် ၄၀ ကျော်ကို ဖမ်းဆီးသွားမယ်လို့ သတင်းများ ထွက်ပေါ် ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက်ကျော်ကို စစ်တပ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။