Tag: News

  • ကောလင်းနယ် ရွာသုံးရွာကို စစ်အုပ်စုဗုံးကြဲ သုံးဦးသေ၊ ရှစ်ဦးဒဏ်ရာရ

    ကောလင်းနယ် ရွာသုံးရွာကို စစ်အုပ်စုဗုံးကြဲ သုံးဦးသေ၊ ရှစ်ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်းက ခံသာရွာ၊ စွယ်ရရွာနဲ့ ရွာရှည်ရွာတွေကို စစ်အုပ်စုက ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းမှာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူသုံးဦးသေဆုံးကာ၊ ရှစ်ဦးဒဏ်ရာရရှိတယ်လို့ ကောလင်း ဒေသခံတွေက ပြောပါတယ်။

    လေကြောင်း တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ရွှေဘို-မြစ်ကြီးနားလမ်းအရှေ့ဘက် ကောလင်း-ထီးချိုင့်မြို့နယ်အစပ်က ကျောက်ပုထိုးသတ္ထုသိုက် စီမံကိန်းအနီးက ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေအထဲမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦးပါဝင်ပြီး လတ်တ​လောအခြေအနေအရ နာမည်တွေနဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။

    ကောလင်းမြို့နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ လူစည်ကားတဲ့ ခံသာရွာဈေးတန်း၊ စွယ်ရကျေးရွာနဲ့ ရွာရှည်ရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး စွယ်ရကျေးရွာကို လာရောက်စစ်ဘေးတိမ်းရှောင်သူနှစ်ဦးနဲ့ စွယ်ရရွာခံတစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ကောလင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “ကောလင်းအရှေ့ခြမ်းဘက်က ခံသာဈေးတန်းရယ်၊ စွယ်ရကျေးရွာရယ်၊ ရွာရှည်ကျေးရာရယ်လို့ သိရပါတယ်ဗျ။ လတ်တလော ယေဘုယျအနေနဲ့ကတော့ သုံးဦးသေဆုံးပြီးတော့ ရှစ်ဦးဒဏ်ရာရတယ်လို့ သိရပါတယ်ဗျ။ သေတဲ့သုံးဦးကတော့ စွယ်ရကျေးရွာမှာ စစ်ရှောင်နေတဲ့ ပြည်သူနှစ်ဦးသေတယ်လို့ သိရတယ်။ စွယ်ရကျေးရွာ ရွာခံက တစ်ဦးသေတယ်လို့ သိရပါတယ်”

    ဒဏ်ရာရသူတွေကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က ဆေးကုသမှု ပေးနေပြီး အသက်အန္တရာယ် စိုးရိမ်စရာ အခြေအနေ မရှိတော့ဘူးလို့ ဆိုပါတယ်။

    ကောလင်းမြို့နယ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စစ်အုပ်စုက ၂၀၂၄ ခုနှစ်မှာ ပြန်လည်ထိန်းချုပ် ခဲ့တာဖြစ်ပါတယ်။

  • ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင်  ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို  တစ်နေ့တည်း ဖမ်းဆီးရရှိ

    ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို တစ်နေ့တည်း ဖမ်းဆီးရရှိ

    ဖမ်းဆီးရရှိသူများမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်

    ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် တစ်ရက်တည်း ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်း ဆီးရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်နှင့် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရှိရသည်။

    ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်း ဆီးရရှိခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော်လာသူများကို ဖုတ်ဖရမြို့နယ်၊ ဘန်မိုကာကျေးရွာအနီး တောအုပ်တွင် တွေ့ရှိရခြင်းဖြစ်ပြီး အမျိုးသား ၁၉ ဦးနှင့် အမျိုးသား ၁၇ ဦးဖြစ်ကြောင်း၊ အဆိုပါ လူအုပ်စုမှာ သောင်ရင်းမြစ်သို့ တောလမ်းမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်ခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင်ပင် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၃၂ ဦးကို တာ့ခ်ခရိုင်အတွင်း Wang Cho ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ကြောင်း ၊ ခိုးဝင် ဝင်ရောက်လာသူများမှာ တာ့ခ်ခရိုင် ဝမ်ချောင်မြို့နယ်၊ ဖာဖန်ကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ အမျိုးသား ၂၁ ဦးနှင့် အမျိုး သမီး ၁၁ ဦးပါဝင်ပြီး စုစုပေါင်း ၃၂ ဦးဖြစ်ကြောင်း သိရှိရသည်။

    တရားမဝင် မြန်မာနိုင်ငံသား ၃၂ ဦးကို ပို့ဆောင်ပေးသူများဖြစ်သည့် အသက် ၄၆ နှစ်အရွယ် Mr. Komen Saetaoနှင့် Mr. Cheng Saewan တို့ကိုလည်း ကား ၂ စီးနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၃၂ ဦးမှာ မြဝတီမြို့မှ သောင်ရင်းမြစ်ကိုဖြတ်​ကျော်ကာ သဘာဝတောလမ်းအတိုင်း ခြေလျင်ခရီး​ဖြင့်ဝင်လာခဲ့ကြောင်း ၊ ဘန်ကောက်မြို့တွင် သွားရောက် အလုပ်လုပ်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မိတဲ့ လူတွေအားလုံးက အသက် ၁၈ နှစ်ကနေ အသက် ၄၀ အတွင်း လူငယ် အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အခုသိသလောက် ရန်ကုန်၊ မန္တလေး၊ အညာ၊ ကရင်နဲ့ မွန်ဘက်က လူငယ်တွေလို့ သိထားပါတယ်။ သူတို့ကို ထောင်ဝင်စာ တွေ့ဖို့ ကြိုးစားနေပါတယ်။ အမှုရင်ဆိုင်ပြီးလို့ ပြစ်ဒဏ်ကျခံပြီးရင် မြန်မာနိုင်ငံဘက် ကို ပြန်အလွှဲခံရမှာဖြစ်ပါတယ်” ဟု ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် နေထိုင်သော ဖမ်းဆီးခံ မြန်မာ နိုင်ငံသားများကို ကူညီပေးနေသူ တစ်ဦးက ပြောဆိုသည်။

  • ဗန်းမော်မြို့ နေရာသုံးခုတွင် တိုက်ပွဲပြင်းထန်နေဟု KIA ပြော

    ဗန်းမော်မြို့ နေရာသုံးခုတွင် တိုက်ပွဲပြင်းထန်နေဟု KIA ပြော

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (ဩဂုတ် ၂၁ရက်)မနက်တွင် ပြောသည်။

    ဗန်းမော်မြို့အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

    “တာမိုင်းလုံဘက်တို့ စကခ(၂၁)နဲ့ တပ်မ(၈၈)တို့နေတဲ့ဗန်းမော်တက္ကသိုလ်ကျောင်းပေါ့။ အဲဒီဘက်မှာနဲ့ နောက်တခုက မြို့မရပ်ကွက်လို့ပြောရမှာပေါ့။ ဝင်းလိုက်ဟိုတယ်တို့ မြစ်ဆုံဟိုတယ်တို့ဘက်မှာ ပိုပြီးမှ တိုက်ပွဲက ပိုပြင်းထန်တယ်လို့ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ဗန်းမော်မြို့၌တိုက်ပွဲများ ပြန်လည်ပြင်းထန်နေခြင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ဖြစ်ဟု ပြောသည်။ ဩဂုတ်လဆန်းပိုင်းတွင် ဗန်းမော်မြို့သို့ စစ်သင်္ဘောအုပ်စု ရောက်ရှိလာပြီးနောက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

    “တနေ့ကိုတော့လေကြောင်းကသုံးလေးငါးခေါက်လာတယ်။ လက်နက် ကြီး တို့ ဒရုန်းတို့တော့ အကြိမ်ပေါင်း ၂၀၊ ၃၀လောက် ဗုံးကြဲတယ်တဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ဖားကန့်ဒေသနှင့်မိုးညှင်းမြို့နယ်အင်းတော်ကြီးဒေသ စစ်ရေးအခြေအနေကိုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    “အင်းတော်ကြီးဘက်မှာကတော့ မမုံကိုင်တို့ အဲဒီဘက်မှာ တိုက်ပွဲရှိတယ်။ အခု ဒီရက်ကတော့ နည်းနည်းပြန်ငြိမ်သွားပါပြီ။ ဖားကန့်ဘက်မှာတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုးရှိတယ်။ ကာမိုင်းဘက်ကနေ စစ်ကြောင်းအသစ်တွေပြန်ထိုးတယ်လို့ကြားတယ်။ဒါပေမဲ့ အဲဒီစစ်ကြောင်း အခုဘယ်မှာ ရောက်နေတယ်ဆိုတာတော့ အတိအကျတော့ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ဗန်းမော်မြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

    KIA အနေဖြင့်တိုက်ပွဲအတွင်းထိခိုက်ကျဆုံးအပါအဝင်စစ်ရေး အခြေ အနေများကို ထုတ်ပြန်ပြောဆိုလေ့ မရှိပေ။

    ယမန်နေ့ ဩဂုတ် ၂၀ရက် ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ်၁စီးကို KIAက တိုက်ခိုက်ခဲ့ရာ ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

    အခြားကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း “ဒီနေ့ စခတွေ အယောက် ၃၀ လောက်သေမယ်လို့ ခန့်မှန်းရတယ်။ တော်တော် အထိနာသွားကြတယ်” ဟု ဩဂုတ် ၂၀ရက် တိုက်ပွဲအခြေအနေကို ယမန်နေ့က ပြောပြထားသည်။

    KIAနှင့် မဟာမိတ်ပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့ရာ စစ်ကောင်စီ တပ်ရင်းဌာနချုပ်အချို့နှင့် တပ်စခန်းနေရာများသိမ်းပိုက်ထားနိုင်သော်လည်းအမှတ်(၂၁) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇) အပါအဝင် စစ်ကောင်စီ၏ အရေးပါသည့် တပ်ရင်းဌာနချုပ် အချို့လည်း ကျန်နေသည်။

    ယခု ဩဂုတ်လ စစ်ကောင်စီ၏ ထိုးစစ်တွင် KIA ယခင်သိမ်းပိုက်ထားသည့် အမြောက်တပ်ရင်း(၃၆၆)ကို စစ်ကောင်စီဘက်က ပြန်လည်နေရာယူနိုင်ခဲ့သည်ဟု ဆိုသည်။

    (ဗန်းမော်မြို့တိုက်ပွဲအတွင်း တွေ့ရသော KIAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ − Banmaw Scout Team)

  • ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်

    ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဝေါလေဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့ မြေပြင်ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းက အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ ဝေါလေ ဗျူဟာမကျရေး အင်အားဖြည့်တင်းနိုင်ဖို့ ကော့ကရိတ်-မြဝတီ( အာရှ)လမ်းပိုင်းနဲ့ ကော့ကရိတ် လမ်းဟောင်းဘက်ကနေ ထိုးဖောက်ဖို့ ကြိုးစားနေတာကြောင့် KNLA တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

    ဝေါလေဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူတွေ ရှိတယ်လို့ ကရင် ရှေ့တန်း သတင်းရင်းမြစ်က တယောက်က ပြောပါတယ်။

    “နေ့တိုင်းတော့ ပစ်နေတာပဲ။ သူပစ် ကိုယ်ပစ်ပါပဲ။ မြဝတီကနေ ထိုးဖောက်ချင်ရင် လွယ်လွယ် ထိုးဖောက်စရာမှ မလိုဘဲ။ သူတို့လူတွေ ရောက်နေပြီးသားပဲဟာ။ မြဝတီက BGF အကူအညီနဲ့ လက်နက်ခဲယမ်း အင်အားရောက်နေပြီးသားပဲ။ ဝေါလေ ဖြတ်ဖို့ဆို သုံးထပ်ကွေ့တို့ ဘယ်လို လုပ်မတုန်း။ အဝေးကြီးပဲ။ အင်အားကတော့ ဗျူဟာကြီးဆိုတော့ ရှိမှာပေါ့။ ကျနော်တို့ စစ်မျက်နှာပြင်ကလည်း ကျယ်ပြန့်တော့။ ဝေါလေက သူတို့ဘက်ကလည်း ကျပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ သူတို့က ပိတ်မိသွားပြီလေ။ ဘာထွက်ပေါက်မှ မရှိတော့ဘူး။ ဒဏ်ရာရတဲ့သူတွေက သေလောက်တဲ့ ကောင်တွေဖြစ်နေပြီ။”

    လက်ရှိမှာလည်း စစ်တပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ထောက်ပို့နေရ ပါတယ်။

    တိုက်ပွဲကြောင့် ဝေါ်လေကျေးရွာနဲ့ ဥကရစ်ထကျေးရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ သောင်ရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံတွင်းနဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ ရပါတယ်။

    တောတောင်ထဲက စစ်ဘေးရှောင်တွေဟာ မိုးကာလ ပြေးလွှားနေရတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ နယ်စပ်အရေးကူညီလုပ်ဆောင်နေသူတယောက်က ပြောပါတယ်။

    “စစ်ရှောင်တွေက မိုးတွင်းကာလလည်း ဖြစ်တဲ့အခါကျတော့ နေဖို့ ထိုင်ဖို့နဲ့ လုံခြုံတဲ့နေရာတွေ လိုအပ်တယ်။ အခုလက်ရှိမှာ သူတို့လိုအပ်နေတဲ့ အစားအသောက်နဲ့ အမိုးအကာတွေ လိုအပ်တယ်။ အဓိက ကတော့ အခု လောလောဆယ်မှာ စစ်ဖြစ်တယ်ဆိုတာ လူသားချင်းစာနာမှု လူစိတ်ကင်းမဲ့တဲ့ လူတွေက လုပ်နေတာဖြစ်တယ်။ ဆက်ပြီးတော့ လုပ်နေမယ်ဆိုလို့ရှိရင် ဒါတွေက ဆက်ဖြစ်နေမှာ။ အဓိက စစ်ပွဲတွေ ဖြစ်အောင် ဖန်တီးပြီးတော့မှ ပြည်သူကို မတရားသတ်ဖြတ်တာတွေ မရပ်တန့်သရွေ့ကတော့ ဒါတွေက ဆက်ဖြစ်နေမှာ။”

    လက်ရှိမှာလည်း ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ စစ်ရှောင် ပြည်သူတွေရဲ့ ကျန်းမာရေးကို KNU ရဲ့ ကျန်းမာရေးဌာနက တာဝန်ယူ ကုသပေးနေပါတယ်။

    ဒါအပြင် လူသားချင်းစာနာမှုအကူညီတွေကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်တာတွေကို ရပ်သင့်ပြီး ကော်သူးလေပြည်မှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ပူးပေါင်းဆောက်ရွက်ဖို့ တိုက်တွန်းထား ပါတယ်။

    အောင်ခန့်

  • ရေကြည်မြို့နယ်တွင် စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ဖမ်းဆီး

    ရေကြည်မြို့နယ်တွင် စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ဖမ်းဆီး

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဩဂုတ်လအတွင်း ရေကြည်မြို့နယ်၊ စက်စက်ယို‌ကျေးရွာအနီးတွင် ခလရ ၂၇ စစ်ကြောင်းက စစ်ကြောင်းထိုးခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးစဉ် တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခြင်းကြောင့် ခလရ ၂၇ တပ်ရင်းမှူး၊ ဗိုလ်ကြီး ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေဆုံးသွားပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။

    ထိုသို့ ခလရ ၂၇ တပ်ရင်းမှူးနှင့် အရာရှိ၊ စစ်သည်များ သေဆုံးပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး ရဲလင်းအောင်က ရေကြည်မြို့တွင် နယ်မြေရှင်းလင်းရန် ပုသိမ်အခြေစိုက် ခလရ ၂၇၁ တပ်ရင်းမှူးကို ထပ်မံ အမိန့်ပေးခဲ့ကြောင်း၊ သို့ရာတွင် ခလရ ၂၇၁ တပ်ရင်းမှူးက အောက်ခြေရဲဘော်များ စစ်ပန်းနေသည်ဟုဆိုကာ ရှေ့တန်းထွက်ရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

    ခလရ ၂၇၁ တပ်ရင်းမှူးက ရှေ့တန်း ထွက်ရန် ငြင်းဆန်သဖြင့် အမိန့်မနာခံဟုဆိုကာ ဗျူဟာမှူး ဗိုလ်မှူးကြီး လွင်ထူးမောင်နှင့် ဗိုလ်မှူးကြီး ဇေယျာမောင်တို့က ဆဲဆို ကြိမ်းမောင်းခဲ့ကြောင်း၊ ထိုသို့ ဆဲဆိုကြိမ်းမောင်း၍ ခလရ ၂၇၁ တပ်ရင်းမှူးက ပြန်လည် တုံ့ပြန် ရန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

    ယင်းနောက် စစ်တပ်က ခလရ ၂၇၁ တပ်ရင်းမှူးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင် ဖမ်းဆီးပြီး အမတ-၃၄၄ (ရေကြည်) တပ်တွင် ဖမ်းဆီးထိန်းသိမ်းနေကြောင်း၊ လစ်လပ်သွားသော ခလရ ၂၇၁ တပ်ရင်းမှူး နေရာတွင် ခလရ-၂၇၁ ဒုတပ်ရင်းမှူး ကျော်ဝင်းထွဋ်ကို အစားထိုး ခန့်အပ် လိုက်ကြောင်း သိရှိရသည်။

    “ဗျူဟာမှူး လွင်ထူးမောင်နဲ့ ဇေယျာမောင်တို့က ထိုးစစ်ဆင်ဖို့ အတင်း ဖိအားပေး စေလွှတ်တော့ ခလရ ၂၇၁ တပ်ရင်းမှူးက သူ့ရဲ့ဘော်တွေ စစ်ပန်းနေပြီဆိုပြီး သွားဖို့ ငြင်းတာကနေ အပြန်အလှန် စကားများ ရန်ဖြစ်ပြီး အတင်းလွှတ်တာ အဲတာကို တပ်ရင်းမှူးက တပ်ရင်းတစ်ခုလုံး အလင်းဝင်ဖို့ စည်းရုံးတယ်ဆိုပြီး အမတ ၃၄၄ မှာ ဖမ်းထားတယ်လို့ သိရတယ်။ တကယ်စည်းရုံးတာလား။ ဗျူဟာမှူး ၂ ကောင် အကွက်ဆင်ပြီး ဖမ်းခိုင်းတာလားဆိုတာတော့ မသိဘူး” ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။