Tag: News

  • တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍  အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း

    တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း

    တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း

    ” မင်းအောင်လှိုင်ရဲ့ ခေါင်းကို သေနတ်နဲ့ တေ့ပြီး မင်းလားကွ အာဏာသိမ်းတာလို့ ဆိုပြီးတော့မှ လုပ်နိုင်ဖို့က ကရင်နီကနေအော်နေလို့ မရဘူး… အဲဒီနေရာက နေပြည်တော်ပဲဖြစ်တယ်” – KNDF ဒုစစ်ဦးစီးချုပ် မာဝီ

    တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေ လိုအပ်၍ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး ချိတ်ဆက်တိုက်ပွဲဝင်သည့်ခြေလှမ်းကို ရှေ့ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

    စစ်တောင်းကမ်ပိန်းစကားဝိုင်းကို မတ်လ ၁ရက် က ကျင်းပခဲ့ရာ စစ်တောင်းဒေသ၏ စစ်ရေး နိုင်ငံရေး အခြေအနေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီတို့ ပါဝင်ဆွေးနွေးခဲ့ရာ အတူတကွ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်ရန်လိုအပ်မှုကို ပြောကြားခဲ့သည်။စစ်တောင်းကမ်ပိန်းသည် စစ်တောင်းမြစ်ဝှမ်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးသိမ်းပိုက်နိုင်ရေး အသုံးပြုရန် ရည်ရွယ်လုပ်ဆောင်သည့် ရန်ပုံငွေ ရှာဖွေမှု ဖြစ်သည်။

    လက်ရှိတွင် ကရင်နီဒေသ၌ နေစဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များအား တောက်လျှောက် ပို့ဆောင်ပြီး စစ်အင်အားဖြည့်နေသည်ဟု မာဝီက ပြောပြသည်။

    အလားတူ KNU တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင်လည်း စစ်ကောင်စီက တပ်သားသစ် များဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီးက ပြောသည်။

    စစ်ကောင်စီအနေဖြင့် ၂၀၂၃၊ ၂၀၂၄ ခုနှစ်များအတွင်း၎င်းတို့ ဆုံးရှုံးခဲ့ရသည့် နယ်မြေများ ပြန်ရနိုင်ရေး ကြိုးပမ်းနေသကဲ့သို့ KNDF အပါအဝင် တော်လှန်ရေးအင်အားစုများက ပြည်သူနှင့်အတူ ပူးပေါင်းပြီး တွန်းလှန် ရန်လုပ်ဆောင်နေသည်ဟု မာဝီက ပြောပြသည်။

    တော်လှန်ရေးကာလ ကြားကာလဖြစ်နေချိန်၌ အခက်အခဲများစွာ ရှိနေကြောင်း၊ တပ်အတွက် ခဲယမ်းတွေ လက်နက်ပစ္စည်းများနည်းပညာမြင့်ပစ္စည်းများ ဖြည့်တင်းရေး အခက်အခဲရှိနေကြောင်း မာဝီက ပြောသည်။

    မည်သို့ပင်ဖြစ်စေ ပြည်သူများအား အာမခံသည်မှာ စစ်ရေး၊ နိုင်ငံရေး၌ပြည်သူကိုသာ မျက်နှာမူကြောင်း ၎င်းက ဆိုသည်။

    ” ကျနော်တို့မှာ အခက်အခဲတွေ ရှိတယ်။ သို့သော်လည်းလူထုကို မှားယွင်းစေသော လူထုအပေါ်မှာ ကျနော်တို့ကနေပြီးမှ လူထုမလိုလားအပ်သော လူထုကို အနိုင်ကျင့်သောဟာတွေ မဖြစ်ဖို့ကျနော်တို့က အမြဲတစေ စိတ်စေတနာရှိတယ်။ အဲဒီအတွက် ကျနော်တို့ သတိအမြဲရှိပြီး တော့ နေတယ်။ ကျနော်တို့ ပေါ်လာခြင်းကြောင့် ကျနော်တို့ ဖြစ်တည်ခြင်းကြောင့် နောက်ထပ် လူထုက တခါထပ်ပြီး ဒုက္ခရောက်ရတယ် နောက်ထပ်တခါ လူထုက ပိုပင်ပန်းရတယ်ဆိုတာ မဖြစ်ရလေအောင် ကျနော်တို့ ဝိုင်းဝန်းပြီး ကြိုးစားလုပ်ကိုင်နေတယ်”ဟု မာဝီက ပြောသည်။

    ထို့ပြင် ကရင်နီဒေသ လက်ရှိထိန်းချုပ်နယ်မြေများသာမက အခြားမြို့နယ်များ ဆက်လက်ထိန်းချုပ်နိုင်ရေး မဟာမိတ်အစုအဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေသည်ဟု အသိပေးသည်။

    ” ဘာဖြစ်လို့လည်းဆိုတော့ တနိုင်ငံလုံး လွတ်မြောက်ရေးက မဖြစ်မနေ ရှိရမှာ ဖြစ်တဲ့အတွက်ကြောင့် တနိုင်ငံလုံး လွတ်မြောက်ရေး သွားဖို့ရန်အတွက် ကျနော်တို့ အားလုံး စုစုစည်းစည်းနဲ့ မဟာမိတ်တွေ ရှေ့နောက် တောင်မြောက် ဖြစ်နိုင်ရင် အထက်အောက် အကုန်လုံးပေါ့ ဒီဟာတွေ ကျနော်တို့ ပူးပေါင်းပြီးလုပ်ကိုင် ဆောင်ရွက် နိုင်မှသာလျင် တနိုင်ငံလုံး လွတ်မြောက်မှာလို့ ကျနော်တို့ ယုံကြည်ထားတဲ့အတွက်ကြောင့် မဟာမိတ်အင်အား ကောင်းကောင်းနဲ့ လည်း ကျနော်တို့ ဆက်သွားနေတဲ့ အခြေအနေမျိုးတွေရှိတယ်” ဟု မာဝီက ပြောသည်။

    KNLA တပ်မဟာ(၂) တပ်မဟာမှူးကလည်း စစ်တောင်းဒေသ စစ်ရေးအုပ်ချုပ်ရေး အခြေအနေများအား ပြောပြရာ ဖေဖော်ဝါရီလဆန်းမှစ၍ စစ်ကောင်စီက တပ်သားသစ်များ အလုံးအရင်းဖြင့် တောင်ငူ၊ လိပ်သို၊ ဘောဂလိ တကြော အင်အားဖြည့်နေ၍ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီးစစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိခဲ့ဟု အသိပေးသည်။

    ဖေဖော်ဝါရီ ၂၆ရက်က ရေတာရှည်မြို့နယ် ပိတောက်ပင်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ ဘုန်းကြီးကျောင်း ပျက်စီးပြီး သံဃာတပါး ဒဏ်ရာရခဲ့ပြီး ပြည်သူနေအိမ်နှင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ဟုလည်း အသိပေးသည်။

    တော်လှန်ရေးအဖွဲ့များအနေဖြင့် အာဏာရှင် ဆန့်ကျင်ရာ၌ အတူတကွဆန့်ကျင်တိုက်ခိုက်ရန် လိုအပ်ကြောင်းလည်း KNLAတပ်မဟာ(၂) တပ်မဟာမှူးက ပြောသည်။

    KNDF စစ်ဦးစီးချုပ် ကိုမာဝီက နိုင်ငံတဝန်း၌ လေးနှစ်အတွင်း စစ်ကောင်စီတပ်စခန်းကြီးငယ်များ ၊ မြို့ကြီးမြို့ငယ်များ သိမ်းပိုက်နိုင်ခဲ့မှုသည် ပါးစပ်ဖြင့်ပြောဆိုနေခြင်းမဟုတ်ဘဲ လက်တွေ့ အမှန်တကယ်လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

    ” ပြီးရင်ဒီထက်ကြီးမားတဲ့တိုက်ခိုက်မှုတွေ အောင်မြင်မှုတွေကိုလည်း ဆက်လက်ပြီးတေ့ာမှ ရယူနိုင်မှာ ဖြစ်ပြီးတော့ လူထုအတွက် အမှန်တကယ် ငြိမ်းချမ်းရေး တရားမျှတမှု လူထုကို တကယ်အစေခံတဲ့ စစ်တပ်ကောင်း တစ်ခု ပေါ်လာဖို့ရန်အတွက်ကို ကျနော်တို့တွေလျှောက်လှမ်းနေတဲ့ အခြေအနေလို့ ကျနော်ကတော့ တနိုင်ငံလုံး အခြေအနေမှာ သုံးသပ်ပါတယ်။ သို့သော်လည်း ကျနော်တို့ တနိုင်ငံလုံးရဲ့ ဂျိတ်တွေက ချိပ်မိဖို့ရန် အတွက် လိုနေသေးတယ်။ ကရင်နီနဲ့ ရှမ်းတောင်၊ ရှမ်းတောင်နဲ့ မြေပြန့်ဒေသ၊ မြေပြန့်ဒေသနဲ့ အညာဒေသ၊ အညာဒေသကနေပြီးတော့မှ ဟိုးအနောက်ဘက် နယ်စပ်ဒေသတွေ ပြီးလို့ရှိရင် ရက္ခိုင်၊ ဧရာ၀တီ ဒီဘက်မြို့ကြီးတွေဖြစ်တဲ့ ပဲခူး၊ ရန်ကုန် ဒီဟာတွေအားလုံးဟာ အချိတ်အဆက်မိမိနဲ့ လုပ်သွားနိုင်ဖို့ကတော့ နောက်ခြေလှမ်းတလှမ်းလိုနေပါသေးတယ်” ဟု မာဝီက ညီညွတ်ရေး ချိတ်ဆက် ဆောင်ရွက်နိုင်ရေး လိုအပ်မှုကို ပြောပြသည်။

    လက်ရှိတွင် ကိုယ့်ဒေသ၌ စစ်ရေးဆိုင်ရာ တိုးတက်မှုများရရှိရေးကြိုးစားနေရဆဲဖြစ်ပြီး နောက်အဆင့် ရန်သူ့ရှိရာ နေပြည်တော်သို့ ဦးတည်ရမည့် အခြေအနေကိုလည်း ပြောပြသည်။

    ” ကျနော်တို့ မင်းအောင်လှိုင်ရဲ့ခေါင်းကို သေနတ်နဲ့ တေ့ပြီး မင်းလားကွ အာဏာသိမ်းတာလို့ ဆိုပြီးတော့မှ လုပ်နိုင်ဖို့က ကရင်နီကနေအော်နေလို့ မရဘူး။ တပ်မဟာ(၅)ကနေ အော်နေလို့မရဘူး။ ဟိုးထားဝယ်ကနေ အော်နေလို့မရဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဟိုးလိုင်ဇာ ကနေလည်းလှမ်းအော်နေလို့မရဘူး။ ကျနော်တို့အားလုံးက စစ်တောင်းမြစ်ကို ကျော်ပြီးတော့မှ စစ်တောင်းမြစ် အနောက်ဘက်မှာ ရှိတဲ့နေရာကို သွားပြီးတော့မှလုပ်မှရတဲ့အနေအထားဖြစ်တယ်။ အဲဒီနေရာက ဘာနေရာလည်း အားလုံးသိပြီးသားဖြစ်တယ် အဲဒီနေရာက နေပြည်တော်ပဲဖြစ် တယ် “ဟု မာဝီက ပြောသည်။

    လက်ရှိကိုယ့်ဒေသတွင်း စစ်ရေးဖော်ဆောင်ရာ၌ အောင်မြင်မှု ရရန် အခက်အခဲ ကြီးကြီးမားမား ရှိနေသည်မှာ လေကြောင်းဖြစ်ပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ တောင်ငူလေတပ်စခန်း အပါအဝင် စစ်ကောင်စီ၏ အခြေစိုက်စခန်းကြီးများရှိသည်ဟု ပြောပြသည်။

    “တနိုင်ငံလုံးကို ပတ်ပြီးဗုံးကြဲနေတဲ့ ကလေးသူငယ်တွေကိုသတ်ဖြတ်နေတဲ့အမျိုးသမီးတွေကိုသတ်ဖြတ်နေတဲ့ လေသူရဲလို့ သူတို့ဟာ သူတို့ ဂုဏ်ယူမြင့်မားစွာခေါ်နေတဲ့ လူသတ်သမားတွေအားလုံး အခြေစိုက်ရာ ကြီးကြီးမားမား ဘေ့စ်တွေ စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှာရှိတယ်”ဟု မာဝီကပြောသည်။

    ထို့ကြောင့် စစ်တောင်းမြစ်ဝှမ်းတခုလုံးကို တော်လှန်ရေးအင်အားစုများ ထိန်းသိမ်းလိုက်နိုင်ပါက တော်လှန်ရေးအတွက် ကြီးမားသည့်သော့ချက်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

    ကရင်နီက နေပြည်တော်သွားပါက စစ်တောင်းကို ဖြတ်သွားရမည်ဖြစ်၍ စစ်တောင်းမြစ်ဝှမ်းရှိတော်လှန်ရေးအင်အားစုများက ကြီးမားသည့် အင်အားရှိပါက ပိုမိုကြီးမားသည့် အားဖြစ်ကာ ရန်သူကို တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်းလည်း ပြောပြသည်။

    KNDF အကျိုးထက် တနိုင်ငံလုံး၏ အကျိုး ကြီးမားဖို့ရန် စစ်တောင်းမြစ်ဝှမ်းသည် အဓိကသော့ချက်ဖြစ်သည်ကိုယုံကြည်ကြောင်း မာဝီက ပြောသည်။

    (ဓာတ်ပုံ – KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူးတို့အား တွေ့ရစဉ်။)

  • နတ်ရေကန်ဗျူဟာစခန်းကို AA ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက် ၊ စစ်ကောင်စီ ခံစစ်ဖြင့်ခုခံ

    နတ်ရေကန်ဗျူဟာစခန်းကို AA ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက် ၊ စစ်ကောင်စီ ခံစစ်ဖြင့်ခုခံ

    မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်​ရေကန်ဗျုဟာစခန်းကို အာရက္ခတပ်​တော်(AA)က ယ​နေ့ ​မတ်လ ၂ရက်​နေ့ နံနက်အ​စောပိုင်းတွင် ဝိုင်းပတ်ပိတ်ဆို့ကာတိုက်ခိုက်​နေပြီးစစ်​​ကောင်စီဘက်ကလည်း ခံစစ်ဖြင့်ခုခံတိုက်ခိုက်​နေ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်များထံက သိရသည်။

    “ဒီ​နေ့မနက် နတ်​ရေကန်ကိုဝင်တိုက်တာ၊ အရင်ရက်​တွေက အဲ့ဒီနားက ကာကင်းစတိုက်​တွေကိုတိုက်တာ၊ နတ်​ရေကန်အဆင်းနား ပတ်ပတ်လည်ကို AA က ဝိုင်းထားတယ်” ဟုစစ်​ရေးသတင်းရင်းမြစ်က ပြောသည်။

    ထို့​​နောက် နတ်​ရေကန်စခန်းရှိလက်ကျန်တပ်သားများကို AA က လက်နက်ချအညံခံရန် ယခင်ရက်များကသတိ​ပေးထား​သော်လည်း လက်နက်ချအညံ့ခံခြင်းမရှိသဖြင့် ယ​နေ့နံနက်ပိုင်းတွင်စခန်းကိုထပ်မံတိုက်ခိုက်ခြင်းဖြစ်​ကြောင်း ​ဒေသတွင်းစစ်​ရေးသတင်းအရင်းမြစ်ထံက သိရသည်။

    နတ်​ရေကန်ဗျူဟာစခန်းသည်​ တောင်​စောက်​ပေါ်တွင် အခိုင်အမာခံစစ်ပြင်ထားဆင်ထားပြီး မ​ကွေးတိုင်းအတွက် အ​ရေးပါသည့်စခန်းတခုဖြစ်ပြီး ​နတ်​​ရေကန်စခန်းကျသွားပါက အမ်း-ပဒါန်းကားလမ်း​ပေါ်ရှိ ပျဥ်းဝဂိတ်စခန်းကို AA နှင့်ပူး​ပေါင်းမဟာမိတ်တပ်များက အလုံးအရင်းဖြင့်ဝင်​ရောက်တိုက်ခိုက်မည်ကိုစိုးသဖြင့် ပျဥ်းဝဂိတ်တွင်လည်းစစ်ကူအင်အားရာချီထပ်မံဖြည့်တင်းထား​ကြောင်းဆိုသည်။

    ထို့အပြင် မ​ကွေးမြို့အနီးကိုတိုက်ရန် တိုက်စစ်လမ်း​ကြောင်းပွင့်သွားနိုင်သဖြင့် နတ်​ရေကန်က ပထဝီ​မြေပြင်အ​နေအထားနှင့် စစ်​ရေးအရအဓိကကျ​ကြောင်း ၎င်းကယူဆ​ပြောကြားသည်။

    “အဓိက နတ်​ရေကန်စခန်းက အခိုင်အမာ​ပေါ့။ သူတို့က​တော့ မဆုတ်တန်း ခံစစ်စခန်း​ပေါ့။ ပုသိမ်​-မုံရွာလမ်းမမှာရှိတဲ့ ပျဥ်းဝစစ်​ဆေး​ရေးဂိတ်က အရင်တုန်းက​တော့ ပူး​ပေါင်းဂိတ် အဲ့ဒီဂိတ်မှာလည်း အခိုင်အမာခံစစ်ပုံစံမျိုး ပြန်ပြင်လာတဲ့အ​နေအထားမျိုးရှိတယ်။ အဲ့ဒီ​တော့နတ်​ရေကန်နဲ့ပျဥ်းဝရရင် ပုသိမ်​-မုံရွာလမ်း​ပေါ်​ရောက်ရင် သရက်ဘက်ကတပ်ရင်း​တွေ ကပစကိုတိုက်မလားပြီးရင်ပဒါန်းတပ်နယ်အ​မြောက်တပ်နဲ့ကပစ​တွေကိုတိုက်မလား အဲ့ဒီလိုနှစ်ဖက်လုံးကိုစစ်​ရေးအရခြိမ်း​ခြောက်နိုင်တဲ့အ​နေအထားဖြစ်သွားပြီ”ဟု CDM ဗိုလ်ကြီးဇင်​ယော်က ပြောသည်။

    တဆက်တည်းမှာပင် သရက်မြို့နယ်ရှိ ကာကွယ်​ရေးပစ္စည်းစက်ရုံ(ကပစ ၁၂) အပါအဝင် အဆိုပါနယ်​မြေတွင်းရှိ အ​ခြေစိုက်​ခြေလျင်တပ်ရင်းကိုလည်း အာရက္ခတပ်​တော်နှင့်ပူးပူး​ပေါင်းမဟာမိတ်တပ်ဖွဲ့​များက တိုက်ပွဲငယ်များဖြင့် တပြိုင်နက်ထိုးစစ်ဆင်နေပြီး အမ်း-ပဒါန်း-​စေတုတ္တရာလမ်းပိုင်းတပ်နယ်ကိုအလုံးအရင်းဖြင့်ဝင်တိုက်ခိုက်နိုင်​ကြောင်း ၎င်း၏အမြင်ကိုသုံးသပ်​သည်။

    မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ရှိ ပြီးခဲ့သည့် ​ဇန်နဝါရီလ ၂၇ ရက်ကစပြီး ငဖဲမြို့နယ်၊ ဂုတ်စီးရိုး​ကျေးရွာအနီးတိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ်သားများကိုလိုက်လံရှင်းလင်းခဲ့​ကြောင်း အာရက္ခတပ်​တော်(AA)ကထုတ်ပြန်ထားသည်။

    ​ဖေ​ဖော်ဝါရီလဆန်းပိုင်းတွင် ကံမြင့်ကန်၊နတ်​ရေကန်ဗျူဟာစခန်း၊ကာကင်းစခန်းများကို AA ကထိုးစစ်ဆင်တိုက်ခိုက်ရာ ထိ​တွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအာရက္ခတပ်တော်(AA)နှင့်ပူး​ပေါင်းမဟာမိတ်တပ်များက အမ်း-ပဒါန်းလမ်းမပိုင်းကိုပိတ်ဆို့ထားသည်။

    လက်ရှိတွင် ရခိုင်ပြည်နယ်နှင့်ထိစပ်​နေ​သော မ​​​​ကွေးတိုင်း၊ဧရာဝတီတိုင်းတို့တွင်သာမက ရခိုင်ပြည်နယ်ရှိ​ကျောက်ဖြူမြို့နယ်ရှိဓညဝတီ​ရေတပ်ဌာနချုပ်တွင်လည်း တိုက်ပွဲမျာပြင်းထန်လျက်ရှိသည်။

  • နယ်စပ်အား ထိုင်းဘက်မှ ပိတ်ဆို့ဖြတ်တောက်မှု ဖယ်ရှားပေးရန် BGF တောင်းဆို

    နယ်စပ်အား ထိုင်းဘက်မှ ပိတ်ဆို့ဖြတ်တောက်မှု ဖယ်ရှားပေးရန် BGF တောင်းဆို

    ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီမြို့အား ထိုင်းအစိုးရမှ လျှပ်စစ်မီး၊ လောင်စာဆီနှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းများကို ဖယ်ရှားပေးရန် ကရင်နယ်ခြားစောင့်တပ် (BGF)က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုလိုက်သည်။

    BGFအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ မျှော်လင့်မထားသော နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များကို နှိမ်နင်းတိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက် အတိုင်း လုပ်ငန်းများကို ဝင်ရောက်စီးနင်း၍ တရားခံများ ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများ ကယ်တင်ခြင်းတို့ကို ဆောင်ရွက်၍ သက်ဆိုင်ရာ အာဏာပိုင်များသို့ လွှဲပြောင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသား ၇၀၀၀ ကျော်အား အခက်ခဲများကြားမှ ယနေ့တိုင် ကူညီစောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။

    လက်ရှိတွင် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိသော်လည်း နယ်စပ်မြို့ ဖြစ်သည့် မြဝတီမြို့အား တဖက်နိုင်ငံမှ လျှပ်စစ်မီး၊ စက်သုံးဆီ နှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းတို့ကြောင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာစွာ ကူညီစောင့်ရှောက်မှုလုပ်ငန်းများတွင် အခက်အခဲဖြစ်ပေါ်နေသည်ဟု BGF က ပြောသည်။

    ထို့ကြောင့် ကမ္ဘာအရပ်ရပ်မှ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံးလာရောက်ခေါ်ယူကြပါရန်နှင့် မြန်မာနိုင်ငံနယ်စပ်ရှိ အပြစ်မဲ့ ပြည်သူများ၏ နေ့စဉ်နေထိုင်မှုဘဝကို ထိခိုက်စေသော လူသားချင်းစာနာမှုကင်းမဲ့သော ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် BGF က တောင်းဆို ထုတ်ပြန်ထားသည်။

    ထိုင်းအစိုးရက ကျားဖြန့်နှိမ်နင်းရေးအတွက် တာချီလိတ်၊ ဘုရားသုံးဆူ၊ မြဝတီမြို့ အပါအဝင် နယ်စပ်ဒေသ ၅ နေရာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ လျှပ်စစ်မီး၊ လောင်စာဆီ အစရှိသည်တို့ကို ဖြတ်တောက်ထားသည်။

    ပုံစာ- မြဝတီသို့ တင်ပို့မည့် ဆီကားများ ထိုင်းဘက်ခြမ်းတွင် ပိတ်မိနေပုံ/ The Reporters

  • AA နှင့် တိုက်ပွဲတွင် မဘသအစွန်းရောက်မိသားစုမှ  စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး

    AA နှင့် တိုက်ပွဲတွင် မဘသအစွန်းရောက်မိသားစုမှ စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး

    ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာတွင်ဖြစ်ပွားသည့် AA နှင့် တိုက်ပွဲတွင် မဘသအစွန်းရောက်မိသားစုမှ စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုး တိုက်ပွဲတွင် AA နှင့် တိုက်ခိုက်ရင်း မဘသအစွန်းရောက်မိသားစုအသိုင်းအ၀ိုင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးသွားကြောင်း မိခင်ဖြစ်သူ A 1 သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်ခင်ညိုညို က လူမှုကွန်ရက်မှတစ်ဆင့် ကြေညာထားသည်။

    ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပဲခူးတိုင်း ၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး သန့်ဇော်ဟိန်း အပါအဝင် အကြမ်းဖက်စစ်သားအများအပြား သေဆုံးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။

    ဒုတပ်ရင်းမှူး သန့်ဇော်ဟိန်း သည် ကသာ ဇာတိဖြစ်ပြီး မိဘများမှာ လက်ရှိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်ကာ A-1 သင်္ကန်းတိုက် ဖွင့်လှစ် လုပ်ကိုင်နေကြကြောင်း၊ အကြမ်းဖက်စစ်တပ်ကို အပြည့်အဝ ထောက်ခံသူများဖြစ်ကာ ကသာမြို့တွင် စစ်အာဏာသိမ်းပြီးကာစ တပ်ထောက်ခံပွဲများ လုပ်ဆောင်ချိန်တွင် ဗိုလ်မှူး သန့်ဇော်ဟိန်း ၏မိခင်ဖြစ်သူက လူတစ်ဦးလျှင် ကျပ် နှစ်သောင်းပေး၍ တပ်ထောက်ခံပေးပွဲ တက်ပေးရန် စည်းရုံးခဲ့သူဖြစ်ကြောင်း၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက် အမာခံများဖြစ်ကြောင်း သိရှိရသည်။

    “ဒုတပ်ရင်းမှူးအဆင့်နဲ့ ညောင်ကျိုးတိုက်ပွဲမှာ ကျတာ။ သူ့မိဘတွေက အစိမ်းတွေ။ သူ့အမေက ကသာဇာတိ။ ၂၀၂၃ လောက်မှ နေပြည်တော်ကို တိမ်းရှောင်တာ။ အရင်တုန်းက တပ်ထောက်ခံပွဲတွေကို ကသာမှာ ကမက ထ လုပ်ခဲ့တဲ့ တကယ့် ဘောမ အစစ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

    ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးမှုကို မဘသအစွန်းရောက် ဘုန်းကြီးများနှင့် အမျိုးသားရေးအစွန်းရောက် နောင်တောင်လေး၏ Myanmar National Post တို့က ဝမ်းနည်းကြေကွဲရသော ကဗျာများ ပေးပို့ခဲ့ကြပြီး ယင်းကဗျာများကို မိခင်ဒေါ်ခင်ညိုညိုက လူမှုကွန်ရက်တွင် တင်ထားသည်။

    A 1 သင်္ကန်းတိုက်ပိုင်ရှင် မိခင် ဒေါ်ခင်ညိုညိုက ညောင်ကျိုးတိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်မှူး သန့်ဇော်ဟိန်း၏ အလောင်းကို နေပြည်တော်အထိ သယ်ယူ၍ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။

    ဗိုလ်မှူးသန့်ဇော်ဟိန်းသည် သေဆုံးချိန်တွင် အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၅၀ ကျောင်းဆင်းဖြစ်ကာ သားသမီး ၃ ဦး ကျန်ရစ်ခဲ့သည်။

  • ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို  စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့်  ထောင်ချမည်

    ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်

    ပုသိမ်တွင် စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်ဟု ဗိုလ်မှူးဇော်နိုင် ခြိမ်းခြောက်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို စစ်မှုစာရင်းသွင်းရန် လက်မှတ်ရေးထိုးခိုင်းပြီး စစ်မှုထမ်းရမည့်အချိန်တွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် မြန်မာနိုင်ငံသို့ ပြန်မလာခြင်းများ ဖြစ်ပေါ်ပါက မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင် ၁ နှစ်ချမှတ်မည်ဟု ဗိုလ်မှူးဇော်နိုင်က ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ထိုသို့ ခြိမ်းခြောက်သူ ဗိုလ်မှူးဇော်နိုင်မှာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဖြစ်ပြီး ပုသိမ်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ တာဝန်ခံတစ်ဦးလည်းဖြစ်သည်။

    ပုသိမ်မြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ စစ်မှုထမ်းမည့် အသက် အရွယ်ပြည့်ပြီးသော လူငယ်များကို မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရုံးများသို့ ဆင့်ခေါ်ပြီး စစ်မှုထမ်းရန် သဘောတူပါသည်ဆိုသော လက်မှတ်များ ထိုးခိုင်းနေကြောင်း ၊ စစ်မှုထမ်းစာရင်းသွင်း မှတ်ပုံတင်ထားသည့် လူငယ်များ ပြည်ပရောက်နေပါကလည်း မိဘဆွေမျိုးများက ပြန်လည်ခေါ်ယူထားရန်၊ စစ်မှုထမ်းချိန် လူငယ်များ မရှိပါက မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ဖမ်းဆီးအရေးယူ၍ ထောင် ၃ နှစ်ချမှတ်သွားမည်ဟု ၎င်းက ဆိုသည်။

    “စစ်မှုထမ်း အသက်အရွယ်ရောက်သူတွေကို စာရင်းသွင်းဖို့ဆိုပြီး မြို့နယ် ထွေ/အုပ် ရုံးကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းနေတာ အဲလိုလက်မှတ်ထိုးတဲ့ လူငယ်တွေကို ဗိုလ်မှူး ဇော်နိုင်က ခြိမ်းခြောက်ပြောဆိုတာ ထိုင်း‌တို့ အခြားနေရာတို့မှာ အလုပ်သွားလုပ်နေရင် ပြန်ခေါ်ထားဖို့နဲ့ စစ်မှုထမ်း မဲပေါက်လို့ လူမရှိရင် မိသားစုဝင်တစ်ဦး ကိုယ်စားလိုက်ရမယ်။ လူစားလိုက်မယ့်သူ မရှိရင် မိဘကို ဖမ်းဆီးအရေးယူပြီး ထောင် ချမယ်။ မိဘကို ထိရင် သားသမီးက ပြန်လာမှာပဲ။ အဲ့ဒီတော့မှ စစ်မှုထမ်းဖို့ ပြန်လာရင်လည်း ပြန်လာမယ့်လူငယ်ကို ထောင် ၂ နှစ်ချမယ်။ ပြီးရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက် ပြောဆိုနေတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ တွင် မည်သူမဆို ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့နယ်၊ စမ်းကျေးရွာမှ လူငယ် ၃ ဦးနှင့် စိမ့်ထဲကျေးရွာမှ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်ထဲထိ ဝင်ရောက်၍ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “လေးမျက်နှာမြို့နယ် စမ်းကျေးရွာမှ နေတဲ့ လူငယ် ၃ ဦးကို ဒီနေ့ မွန်းလွဲပိုင်းက စစ်ခွေးတွေ နေအိမ်ပေါ်ထိတက်ပြီး စစ်မှုထမ်းဖို့ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ စိမ့်ထဲကျေးရွာက လူငယ် ၃ ဦးကိုလည်း နေအိမ်ပေါ်ထိ တက်ပြီး စစ်မှုထမ်းဖို့ ဆိုပြီး အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အခု မိသားစုတွေ စိုးရိမ်သောကရောက်နေကြရပြီ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ဗိုလ်မှူးဇော်နိုင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း။