Tag: News

  • စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး

    စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး

    ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး

    လွတ်မြောက်နေသူ စီးပွားရေးသမား ရဲမင်းလွင်မှာ အေးနေဝင်း အပါအဝင် စစ်တပ်ဘက်တော်သားများနှင့်ရင်းနှီးသူဖြစ်ပြီး နွေဦးတော်လှန်ရေးကို ဝေဖန်ပုတ်ခတ်နေသူဖြစ်

    စစ်တပ်က ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိ၍ ဟုဆိုကာ ပို့ကုန်တင်ပို့သူ လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီးလိုက်ပြီး တချို့မှာ လွတ်မြောက်သွားကြောင်း စစ်တပ်က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

    ရန်ကုန်အခြေစိုက် Maha Nadi International Co.,Ltd. မှ ဒါရိုက်တာများဖြစ်သော ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့မှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၄၂ သန်း ကျော်တန်ဖိုးရှိ မတ်ပဲများတင်ပို့ခဲ့ပြီး စစ်တပ်လက်အောက်ခံဘဏ်များထံသို့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိကြောင်း၊ ထို့အတူ ဦးဟင်နရီခင်မောင်နှင့် ဒေါ်ဖြူဖြူဇင်တို့ နှစ်ဦးအမည်ဖြင့် တည်ထောင်ထားသည့် RK Shipping and Trading Co.,Ltd. အနေဖြင့်လည်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော်တန်ဖိုးရှိ မတ်ပဲများ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ သန်းကျော်မှာ စစ်တပ်ထံသို့ ပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

    ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ ဦးဟင်နရီခင်မောင်သည် သားဖြစ်သူ ဦးရဲမင်းလွင်နှင့် ခင်မင်ရင်းနှီးသည့် ဦးဗိုဗိုသန့်၏ Taw Thar Gyi Co.,Ltd. အမည်ခံ၍ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးရှိ မတ်ပဲနှင့် ပဲစင်းငုံများကို တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းကျော်မှာ စစ်တပ်ထံသို့ ပြန်လည်ပေးသွင်းရန်ကျန်ရှိနေကြောင်း၊ ထို့အတူ ဦးရဲမင်းလွင်သည် Ocean Lion King Co.,Ltd. အမည်ကိုအသုံးပြု၍ ပဲမျိုးစုံတင်ပို့လျက်ရှိကြောင်း သတင်းရရှိသဖြင့် ထပ်မံစိစစ်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်း ပြည်ပသို့အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် တန်ဖိုးရှိ မတ်ပဲများကို တင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိကြောင်း သိရှိရသည်။

    ထို့အပြင် ဦးရဲမင်းလွင်က နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းမှုမရှိသောကြောင့် ၎င်း၏ကုမ္ပဏီများအား ပို့ကုန်/သွင်းကုန် လိုင်စင်ပိတ်သိမ်းခံရမှုအပေါ် ကျေနပ်မှုမရှိသဖြင့် ပဲမျိုးစုံရောင်းဝယ်သည့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုန်သည်များ၊ ပွဲစားများ၊ တောင်သူများ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် Online Pulses Myanmar Association အမည်ရှိ Viber Group ၌ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့် စာသားများ ရေးသားဖော်ပြခြင်းများ ဆောင်ရွက်ခဲ့သည်ဟု စစ်တပ်က ဆိုသည်။

    ပြည်ပသို့ပို့ကုန်များတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ခြင်းမရှိခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများဖြစ်သည့် ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်ကွန်သီ (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်ဖြူဖြူဇင် (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်မြင့်မြင့်လှိုင် (ဖမ်းမိ)၊ ဒေါ်ခင်စန်းသီ (ဖမ်းမိ)၊ ဦးဟင်နရီခင်မောင် (ဖမ်းမိ)၊ ဦးဗိုဗိုသန့် (ဖမ်းမိ) နှင့် ဦးဌေးကို (ထွက်ပြေးတိမ်းရှောင်) တို့ ၈ ဦးနှင့် အသင်းမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သူ ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်) တို့အပေါ် ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအလိုက် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်သည်။

    “ရဲမင်းလွင်က အေးနေဝင်းတို့ ကျော်နေဝင်းတို့နဲ့ ရင်းနှီးတယ်။ မကြာခဏ ဆုံနေသူလည်းဖြစ်တယ်။ ရဲမင်းလွင်က သူ့ဖေ့ဘုတ်စ်ကနေ နွေဦးတော်လှန်ရေးကို အမြဲတမ်းဝေဖန်နေတဲ့သူလည်းဖြစ်တယ်။ သူ့ကို ဒေါ်လာ ၇ သန်းလိမ်သွားလို့ ဆိုပြီး ဇော်ဇော်လေး ခေါ် ဇော်မင်းသန့်ကို သူ့ဆီခေါ်လာဖို့ သာကေတလူမိုက် ဝင်းထွဋ်ဝင်းနဲ့ ကြည့်မြင်တိုင် ငါးစျေးက လူမိုက်ကျော်ကျော်ကို သိန်းရာထောင်ချီပေးပြီး ခေါ်ခိုင်းတယ်။ ဟိုလူမိုက်တွေက အဲဒီပိုက်ဆံတွေဘုန်းသွားပြီး သူခေါ်ခိုင်းတဲ့သူကိုလည်း မခေါ်ပေးလို့ Live တွေလွှင့်၊ ပို့စ်တွေတင်နေတာ။ သူက အခု ဘန်ကောက်မှာ ရှောင်နေတာ” ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူ စီးပွားရေးအသိုင်းအ၀ိုင့်နှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။

    အကြမ်းဖက် စစ်တပ်က ပို့ကုန်ရငွေ နိုင်ငံ ခြားငွေ မပေးသွင်းသည့် ပို့ကုန်/သွင်းကုန် ကုမ္ပဏီ ၁၉၇ ခုနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်းသွင်းကြောင်း ယခုနှစ် ဇွန်လအတွင်း ကြေညာခဲ့သည်။

    NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ပို့ကုန်များ တင်ပို့ခဲ့ကြသော ပို့ကုန်သွင်းကုန်ကုမ္ပဏီများကို အကြမ်းဖက်စစ်ကောင်စီက ၎င်းလက်အောက်ခံဘဏ်များအတွင်းသို့ နိုင်ငံခြားသုံးငွေများ ပြန်လည် ထည့်သွင်းရန် ဖိအားပေးခဲ့ကြောင်း၊ သို့ရာတွင် ကုမ္ပဏီများက ပို့ကုန်ရငွေ နိုင်ငံခြားငွေများကို ထည့်သွင်းခြင်းမရှိသည့်အတွက် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း ၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ပူးတွဲပါကုမ္ပဏီ ၁၉၇ ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာ ခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ကြေညာခဲ့သည်။

  • ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ချ

    ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ချ

    ယနေ့ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချသတ်သေခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းကနေ သိရပါတယ်။

    ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေ 17:52 နာရီအချိန်ခန့်က မဟာဗန္ဓုလတံတား၊ဒေါပုံဘက်အဆင်းမှ အမျိုးသမီးတစ်ဦး ရေထဲခုန်ချခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

    အဆိုပါ အမျိုးသမီးကို ရှင်သန်ရေးကူညီမှုအသင်းမှ လူနာတင်ယာဥ် ၂ စီးဖြင့် သွားရောက်၍ ရေထဲမှ Dead Body ကိုဆယ်ရန် ငါးဖမ်းလှေအား အကူအညီတောင်း၍ ရေထဲမှ အမျိုးသမီးအလောင်းအား ဆယ်ယူခဲ့ရလို့ သိရပါတယ်။

    အမျိုးသမီးရဲ့ Dead Body ကို ရန်ကုန်ဆေးရုံကြီးသို့ ရှင်သန်ရေးကူညီမှုအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လမှာလည်း မိမိကိုယ်ကိုအဆုံးစီရင်မှု ၅ မှုနဲ့အထက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိမိကိုယ်ကိုအဆုံးစီရင်မှုပိုများလာတာပဲဖြစ်ပါတယ်။

    AAMIJ

  • ဝန်ကြီးဟောင်း စိုးသိန်း၏သား အေးချမ်း လှိုင်သာယာ အရှေ့ပိုင်း ကြံ့ဖွတ် အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်သော်လည်း လုံခြုံရေးကြောင့် မဲမဆွယ်ရဲ

    ဝန်ကြီးဟောင်း စိုးသိန်း၏သား အေးချမ်း လှိုင်သာယာ အရှေ့ပိုင်း ကြံ့ဖွတ် အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်သော်လည်း လုံခြုံရေးကြောင့် မဲမဆွယ်ရဲ

    စစ်အာဏာသိမ်းမှုကို အားပေးခဲ့သော ဝန်ကြီးဟောင်း စိုးသိန်း၏သား အေးချမ်း လှိုင်သာယာ အရှေ့ပိုင်း ကြံ့ဖွတ် အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်သော်လည်း လုံခြုံရေးကြောင့် မဲမဆွယ်ရဲဘဲ အောက်ခြေပါတီဝင်များနှင့်လည်း အဆင်မပြေ

    NLD အစိုးရ နှင့်ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချခဲ့သူ၊ စစ်အာဏာသိမ်းမှုကို အားပေးခဲ့သော ဝန်ကြီးဟောင်း စိုးသိန်းသား အေးချမ်း လှိုင်သာယာမြို့နယ် အရှေ့ပိုင်း ကြံ့ဖွတ် အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်သော်လည်း မဲမဆွယ်ရဲဘဲ အောက်ခြေပါတီဝင်များနှင့်လည်း အဆင်မပြေ ဖြစ်နေကြောင်း ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    သတင်းမီဒီယာကောင်စီတွင် အတွင်းရေးမှူးရာထူး ထမ်းဆောင်နေသည့်ကြားမှ ကြံ့ဖွတ်ပါတီ၏ လှိုင်သာယာမြို့နယ် အရှေ့ပိုင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီကိုယ်စားပြု၍ အေးချမ်းက ဝင်ရောက်ယှဉ်ပြိုင်ကြောင်း၊ သို့ရာတွင် လုံခြုံရေး စိုးရိမ်ချက်ကြောင့် အေးချမ်းမှာ ပေါ်ပေါ်တင်တင် မဲမဆွယ်ရဲဘဲ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအများစုတွင် ခိုးကြောင်ခိုးဝှက် လိုက်ပါကြောင်း၊ ယင်းအပြင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းမှ အောက်ခြေ ကြံ့ဖွတ်ပါတီဝင်များနှင့်လည်း အဆင်မပြေကြောင်း၊ အေးချမ်းက အောက်ခြေ ပါတီဝင်များနှင့် သဟဇာတမဖြစ်ဘဲ ခွဲခြားဆက်ဆံမှုများရှိနေကြောင်း သိရှိရသည်။

    “သူက ဝန်ကြီးဟောင်း ဦးစိုးသိန်းသားဆိုပြီး ဗဟိုက သူ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ချပေးတာ။ တကယ်က လှိုင်သာယာအရှေ့ပိုင်းမှာ ဝင်ပြိုင်မယ့် ပြည်သူ့လွှတ်တော်အမတ်လောင်းက ရှိပြီးသား။ သူ့ကို ဗဟိုက ချပေးတော့ အောက်ခြေမှာ ငြင်းမရဘူး။ သူက သူရဲ့ မဲဆွယ်ဆိုင်းဘုတ်တင် တာတွေ၊ နောက်ပြီး မဲဆွယ်လှုပ်ရှားမှုတွေမှာ ဓာတ်ပုံ မရိုက်ခိုင်းဘူး။ တင်ထားတာတွေလည်း အကုန်ဖျက်ခိုင်းတယ်။ သူ့ လုံခြုံရေးဆိုပြီး အဲဒီလိုတွေ လုပ်ခိုင်းတာ။ သူက စကားပြောတော့လည်း အထက်စီးက ဖြစ်တော့ အောက်ခြေပါတီဝင်တွေက သူ့ကို သဘောမကျဘူး” ဟု ကြံ့ခိုင်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အေးချမ်းမှာ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းအတွင်း မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများတွင် လိုက်ပါခြင်းမပြုဘဲ နဝဒေးအိမ်ရာ၊ FMI အိမ်ရာကဲ့သို့သော နေရာမျိုးတွင်သာ မဲဆွယ်ကြောင်း၊ မဲဆွယ်ဆိုင်းဘုတ်ဖွင့်ပွဲများတွင်လည်း ၎င်း၏ လုံခြုံရေးအဖွဲ့ဖြင့် လာရောက်ကြောင်း သိရှိရသည်။

    အေးချမ်း၏ ဖခင်ဖြစ်သူ စိုးသိန်းမှာ ၂၀၁၁ ခုနှစ်အစောပိုင်းမှ ၂၀၁၆ ခုနှစ်အထိ သိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းရန် အမျိုးသားရေး လှုပ်ရှားမှုများနှင့် လှုံ့ဆော်မှုများကို နောက်ကွယ်မှ ပံ့ပိုးပါဝင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် စိုးသိန်းက စစ်အာဏာသိမ်းမှုကို လွန်စွာကောင်းမွန်သည့် လုပ်ရပ်အဖြစ် “ကျနော်တို့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွတ်လပ်ရေးရတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

    ယင်းအပြင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သော ဝန်ကြီးဟောင်း စိုးသိန်းနှင့် သားဖြစ်သူ အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့်ပါ ငွေကျပ် သိန်းထောင်ချီလျှော်ကြေးတောင်းနေသည်။

    ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့် သား အေးချမ်းတို့က ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် စစ်အာဏာသိမ်းမှုကို ထောက်ခံသော မိသားစုအဖြစ် ဝေဖန်သော ပြည်သူမှန်သမျှကို မြို့နယ်ရဲတပ်ဖွဲ့များတွင် အမှုဖွင့်ခြင်း၊ မြို့နယ်တရားရုံးများတွင် တရားစွဲခြင်းနှင့် ခရိုင်တရားရုံးများတွင် သိန်းထောင်ချီ လျှော်ကြေးတောင်းမှုများ လုပ်ဆောင်နေခြင်းဖြစ် ကြောင်း၊ စိုးသိန်းသားအဖ၏ တရားစွဲခံရသူများတွင် သာမန်ပြည်သူမှစတင်၍ လုပ်ငန်းရှင်များအထိ ပါဝင်သည်။

    စစ်တပ်အသိုင်းအ၀ိုင်းလည်း ဖြစ်သည့်အပြင် သားဖြစ်သူ အေးချမ်းမှာ မင်းအောင်လှိုင်က ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားသည်။

    ဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းသည် သမ္မတသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး အေးချမ်းမှာမူ လုပ်ငန်းရှင်လည်းဖြစ်ကာ မင်းအောင်လှိုင်ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီတွင် အတွင်းရေးမှူး ရာထူးဖြင့် စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ပေးနေသူလည်းဖြစ်သည်။

    ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏ သား အေးချမ်းက သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူးအဖြစ် နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံများသို့ တက်ရောက်ကာ NLD က မဲခိုးမဲလိမ်၍ စစ်တပ်က အာဏာထိန်းရကြောင်း၊ လူမှုကွန်ရက်မှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို မီဒီယာများက ဖြန့်ဝေနေကြောင်း စသည်ဖြင့် စစ်ကောင်စီကို ကာကွယ်သော ဝါဒဖြန့်မှုများကို အကြီးအကျယ် လုပ်ဆောင်ခဲ့သည်။

  • နေပြည်တော်အနီးဗဟိုပြု ငလျင်ကြောင့် ဒေသခံများ လန့်နိုးကြ

    နေပြည်တော်အနီးဗဟိုပြု ငလျင်ကြောင့် ဒေသခံများ လန့်နိုးကြ

    ယနေ့ နိုဝင်ဘာ ၂၂ရက် နံနက်အစောပိုင်း လူအများအိပ်မောကျနေချိန် နေပြည်တော်အနီးဗဟိုပြု၍ ပြင်းအား ၃ဒဿမ၁ ရှိ ငလျင်တခုလှုပ်ခတ်သွားခဲ့သည်။

    မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယင်းငလျင်သည် ယနေ့နံနက် ၁နာရီ၂၉မိနစ်တွင် လှုပ်ခတ်ခြင်းဖြစ်ပြီး အနက် ၁၂ ကီလိုမီတာနှင့် ဗဟိုချက်တည်နေရာ ဇမ္ဗူသီရီမြို့နယ်၏ အရှေ့မြောက်ဘက် (၄) မိုင်ခန့်တွင် ဖြစ်သည်။

    ငလျင်ဆိုင်ရာ ဆော့ဝဲလ်တချို့ကမူ ပြင်းအား ၃ဒဿမ၄ဟု ဖော်ပြကြသည်။

    အဆိုပါငလျင်လှုပ်ခတ်မှုကို နေပြည်တော်ရှိ‌ ဒေသခံအများစု သိရှိခံစားခဲ့ရပြီး အိပ်ပျော်ရာမှ လန့်နိုးသည်အထိ ဖြစ်ခဲ့ရပါသည်။

    “အသံကြီးနဲ့မြည်ပြီးမှ လှုပ်တာပါ။ အိပ်နေရာကနေ လန့်နိုးလာရတယ်။ ထပ်လှုပ်မှာကိုကြောက်တာကြောင့် ပြန်တောင် မအိပ်ရဲတော့ဘူး”ဟု နေပြည်တော်ဒေသခံတဦးက ဆိုသည်။

  • ဖယ်ခုံအနောက်ခြမ်းတိုက်ပွဲတွေမှာ PNO/PNA ပြည်သူ့စစ်က ဗိုလ်မှူးတွေအပါအဝင် သေဆုံးမှုများနေ

    ဖယ်ခုံအနောက်ခြမ်းတိုက်ပွဲတွေမှာ PNO/PNA ပြည်သူ့စစ်က ဗိုလ်မှူးတွေအပါအဝင် သေဆုံးမှုများနေ

    ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)တပ်က ဗိုလ်မှူးတွေအပါအဝင် သေဆုံးမှုများနေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။

    ဖယ်ခုံမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းက ဘောရန်နဲ့ တောင်စလုံးကျေးရွာတွေဘက်မှာ နိုဝင်ဘာ ၂၁ ရက်အထိ တိုက်ပွဲတွေ နေ့စဥ်ဖြစ်နေတာလို့ ဆိုပါတယ်။

    “ရက်တိုင်းထိတွေ့မှုဖြစ်နေတယ်။ခေါင်းအိအုပ်စုထဲက ဘောရန်ရော တောင်စလုံးရော အဲဒီတကြောလုံးမှာ”လို့ ဖယ်ခုံမြို့နယ်တိုက်ပွဲအတွင်းရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

    တိုက်ပွဲတွေအတွင်းမှာ PNO ဘက်က ဗိုလ်မှူးသုံးဦး အပါအဝင် တပ်သားအဆင့်တွေ ဆယ်နဲ့ချီသေဆုံးနေတယ်လို့လည်း ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “လူသားဒိုင်းအနေနဲ့ တက်ရတာလေ။နောက်ပြန်ဆုတ်ပေးတဲ့လူက စကစ ရဲ့နောက် ကျည်စာတွေဖြစ်ကုန်တာ။ သွားတိုက်တဲ့သူတွေက တချို့ဆို ရွာသားတွေပဲ သင်တန်းမှမတက်ရတာ။စံကားဒေသဖက်က ရွာတွေ နဲ့ အင်းလေးတောင်ပိုင်းက ထီခိုး ညောင်လေးပင် နမ့်ဗွန် စတဲ့ရွာသားတွေပါတယ်”လို့ ၎င်းက PNO တပ်သားတွေသေဆုံးမှုနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။

    ဒါ့အပြင် ဘောရန်ကျေးရွာ အနီးတိုက်ပွဲတွေမှာ နိုဝင်ဘာ ၁ ရက်ကနေ ၁၅ရက်အတွင်း PNO ဘက်က ဗိုလ်မှူးအဆင့်သုံးဦး သေဆုံးတယ်လို့ သိရပါတယ်။

    “ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာကို မီးဝင်ရှို့တဲ့ PNOစစ်ကြောင်းမှူး ဗိုလ်မှူးခွန်စိုးအောင် စနိုက်ပါထိပြီး သေသွားတယ်။ဗိုလ်မှူးသုံးယောက် သေတယ်။ ဗိုလ်မှူးဖေနဲ့နောက်တယောက်က ၁၅ ရက်တိုက်ပွဲမှာ သေတယ်”လို့ PNO တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

    PNO အရာရှိနဲ့ တပ်သားတွေ သေဆုံးမှုစျာပနကို PNO ဘက်က တိတ်တဆိတ် လုပ်ခိုင်းပြီး လူသစ် စုဆောင်းမှုတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။

    အောက်တိုဘာ ဒုတိယပတ်ကစလို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်က အင်အား ၅၀၀ ဝန်းကျင် အသုံးပြုပြီး ပင်လောင်းကနေ ဖယ်ခုံမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

    “ရွေးကောက်ပွဲ နဲ့ ကရင်နီဝင်ပေါက်ဖြစ်နေတာကြောင့်”လို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ် စစ်အုပ်စု စစ်ကြောင်းထိုးမှုနဲ့ပတ်သက်လို့ သုံးသပ်ပါတယ်။

    တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က တောင်မဲသင်း ၊မြောက်စလုံး နဲ့ ဘောရန်ကျေးရွာတွေကို အောက်တိုဘာလဆန်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ PNO က ထိုးစစ်ဆင်ခဲ့ပြီး ဒေသခံပြည်သူနေအိမ်တွေ ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ ရုပ်သံမှတ်တမ်းအချို့ လည်း ထွက်ပေါ်ထားပါတယ်။

    ကရင်နီပြည်နယ်နဲ့ ပြည်နယ်တလျှောက်စစ်ရေးအခြေအနေအရ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲနဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီက စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတယ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားပါတယ်။

    (ဖယ်ခုံမြို့နယ်အနောက်ခြမ်းတိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ PNO/PNAတပ်အရာရှိနဲ့ တပ်သားတွေရဲ့ စျာပနမြင်ကွင်း။ ဓာတ်ပုံ – ပေးပို့)