Tag: News

  • မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ

    မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ

    မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းမှာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက အရပ်သားတယောက်က Grade 11 ကျောင်းသား ကျောင်းသူ ၃ ယောက်ကို ဓားနဲ့ထိုးသွားလို့ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ နေ့လယ် ၁၂ နာရီခွဲက အရပ်သားလူငယ်တစ်ယောက်က ညီမဖြစ်သူကို အအေးဘူးပေးမယ်ဆိုပြီး Grade 11 ဘီ ခန်းအတွင်းဝင်ကာ ကျောင်းသူတစ်ယောက်ကို လည်ပင်းညှစ် ဓားနဲ့ထိုးပြီး ဝင်ဆွဲတဲ့ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်ပါ ဓားနဲ့ထိုးခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “မုန့်စားဆင်းချိန် Grade 11 ဘီ ခန်းမှာ ဖြစ်သွားတာ။ အဲဒီကောင်လေးက သူ့ညီမကို မုန့်ပေးမယ် ဆိုပြီး ဝင်လာတာ။ အခန်းထဲရောက်တော့ ကျောင်းသူလေးကို လည်ပင်းကိုညှစ်ပြီး ဓားနဲ့ထိုးတာ။ ဘေးက သူငယ်ချင်းတွေက ဝင်ဆွဲတယ်၊ ဝင်ဆွဲတဲ့ သူငယ်ချင်း ၂ ယောက်ကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတယ်။ ၃ ယောက်စလုံး ဆေးရုံမှာ။”

    ဓားနဲ့ထိုးခံရသူတွေဟာ Grade 11 ဘီ ဝိဇ္ဇာတွဲအခန်းမှ မစုမြတ်နိုးဦး၊ မရွှေစင်ငြိမ်းနဲ့ မောင်ဝင်းထွန်းမျိုး တို့ဖြစ်ပြီး မန္တလေးဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ဓားနဲ့ထိုးတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် အပြင်လူကို ကျောင်းဝင်းထဲကို ဝင်ခွင့်ပြုတဲ့ ဆရာ၊ ဆရာမတွေမှာပဲ တာဝန်ရှိတယ်။ သူ့ညီမကို ခေါ်ပေးပြီး ကျောင်းအပေါက်ဝမှာ မုန့်နဲ့ အအေး ပေးလို့မရဘူးလား။ ဓားနဲ့ထိုးခံရတဲ့ ၃ ယောက်ထဲမှာ လည်ပင်းကို ဓားနဲ့ထိုးခံရတဲ့ ကလေးမက စိုးရိမ်ရတယ်။ ကျန်တဲ့နှစ်ယောက်က ဝင်ဆွဲတော့ လက်တွေပဲရှပ်ထိတာ။”

    လတ်တလောမှာ ကျောင်းသား၊ ကျောင်းသူ ၃ ယောက်ကို မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပြီး ဓားနဲ့ထိုးခဲ့တဲ့ ဝိုင်းဝိုင်း ဆိုသူ လူငယ်ကို ရဲတွေက ဖမ်းမမိသေးဘူးလို့ သူက ပြောပြပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီနဲ့ မွန်န်ပြည်နယ်က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ရန်ဖြစ်တာတွေကြောင့် ကျောင်းသား ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

  • ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို အမေရိကန် စီးပွားရေး ပိတ်ဆို့ အရေးယူ

    ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို အမေရိကန် စီးပွားရေး ပိတ်ဆို့ အရေးယူ

    ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက် ဖိအားပေးမှု တစ်ခုအဖြစ် ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို အမေရိကန်က အရေးယူ ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

    အိမ်ဖြူတော်မှာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က Rosneftနဲ့ Lukoil ကုမ္ပဏီတွေကို စီးပွားရေး ပိတ်ဆို့ အရေးယူမယ့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ ဒါဟာ ရေနံတင်ပို့မှုတွေကနေ ဝင်ငွေဆက်လက် ရှာဖွေနေတဲ့ ရုရှားအတွက် စီးပွားရေးအရ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

    အောက်တိုဘာ ၂၂ ရက်နေ့တုန်းက ရူတေးနဲ့အတူ သတင်းထောက်တွေကို တွေ့ဆုံချိန်မှာ ထရမ့်က သူနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ ဆွေးနွေး စကားပြောတဲ့ အခါတိုင်း တကယ့်ကို ဖော်ဖော်ရွေရွေ ရှိခဲ့ကြကြောင်း၊ ဒါပေမဲ့ ရလဒ်ကတော့ ဘယ်ကိုမှ ထိထိရောက်ရောက် ဦးတည်သွားလေ့ မရှိခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ သူဟာ ယူကရိန်း ငြိမ်းချမ်းရေးကိစ္စ တွန်းအားပေးမယ့် အစီအမံတွေအတွက် ရူတေးနဲ့ ဆွေးနွေးခဲ့တာပါ။

    ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ မကြေညာခင် တစ်ရက်အလိုမှာလည်း အမေရိကန် အစိုးရဟာ ပူတင်နဲ့ ထရမ့်တို့ကြား ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ညှိနှိုင်းနေတာတွေကိုလည်း အချိန် အကန့်အသတ်မရှိ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထရမ့်က သူ့အနေနဲ့ အချိန်ဖြုန်းရုံသက်သက် ဆွေးနွေးပွဲမျိုးတွေကို မလိုချင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ နီးစပ်သူတွေကတော့ ရုရှားဟာ အပစ်အခတ် ရပ်စဲရေး အဆိုကို လက်မခံတဲ့အပြင် ညှိနှိုင်းဖို့ ခက်လောက်တဲ့ တောင်းဆိုမှုတွေကို တင်ပြခဲ့တဲ့နောက် ထရမ့်က ပူတင်နဲ့ မတွေ့သေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

    ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ထရမ့်က အခုအခါ အချိန်ကျလာပြီလို့ သူယူဆကြောင်း၊ အဲဒီမတိုင်ခင် အကြာကြီး စောင့်ပေးခဲ့ကြောင်း ဆိုပါတယ်။ နောက်ပြီး ရုရှားကသာ စစ်ပွဲကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် အဲဒီ ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်ကလည်း မဆိုင်းမတွ ဖယ်ရှားပေးမှာလို့ ထရမ့်က အာမခံခဲ့ပါတယ်။

    ရူတေးက ရုရှား ရေနံကုမ္ပဏီတွေကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အထူးတလည် ချီးကျူးခဲ့ပြီး ပူတင်အတွက် ဖိအားတွေ အများကြီး တိုးသွားစေလိမ့်မယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရုရှားကို ဖိအားတွေ ပိုပေးဖို့ လိုကြောင်း၊ ဒီနေ့မှာ သမ္မတ ထရမ့်ဟာ အဲဒီ လိုအပ်ချက်ကို လက်တွေ့ လုပ်ဆောင်ခဲ့ကြောင်း ရူတေးက မှတ်ချက်ပေးသွားပါတယ်။

    ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေဟာ ရုရှားရဲ့ အရေးအပါဆုံး မဟာဗျူဟာ ပြည်ပ ပို့ကုန်တွေဖြစ်ပြီး တရုတ်၊ အိန္ဒိယနဲ့ တူရကီလို နိုင်ငံတွေက အဓိက ဝယ်ယူနေပါတယ်။ ထရမ့်က အဲဒီ နိုင်ငံတွေကိုလည်း ရုရှားဆီက ရေနံတွေ ဆက်မဝယ်ဖို့ တောင်းဆိုထားပါတယ်။ တစ်ဖက်မှာလည်း ဥရောပ သမဂ္ဂ (EU)ဟာ လာမယ့် နှစ်အနည်းငယ်အတွင်း ရုရှားဆီက ဓာတ်ငွေ့ တင်သွင်း ဝယ်ယူမှုတွေကို အပြီးတိုင် ရပ်ဆိုင်းဖို့ထိ အစီအစဉ်တွေ ရေးဆွဲ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

    ကိုးကား: BBC

    ဓာတ်ပုံ – Reuters, AP

  • ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေ ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားမှု

    ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေ ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားမှု

    သာကေတတွင် အသက် ၂၁ နှစ်အရွယ် မောင်ကျော်သက်ပိုင်ကို အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေ ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားမှု အချိန်မီ ပြန်လည် ကယ်တင်

    ဖမ်းရောင်းသည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမှုဖွင့်မည်

    ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် အသက် ၂၁ နှစ်အရွယ် မောင်ကျော်သက်ပိုင်ကို သာကေတ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခဲ့မှုကို အချိန်မီ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း မောင်ကျော်သက်ပိုင်၏ မိတ်ဆွေများက ပြောဆိုသည်။

    အောက်တိုဘာလ ၁၉ ရက်နေ့ညပိုင်း မောင်ကျော်သက်ပိုင်ကို သာကေတမြို့နယ် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၂၀ ရက်နေ့ ဧရာဝတီတိုင်း ကျုံပျော်မြို့ရှိ စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်တစ်ခုသို့ ငွေကျပ် ၁၂၅ သိန်းဖြင့်ရောင်းစားခဲ့ကြောင်း သိရှိရသည်။

    “အောက်တိုဘာလ ၁၉ ရက်နေ့ညပိုင်း အပြင်မှာ ပေါ်တာဆွဲ ဖမ်းဆီးပြီးတော့ အောက်တိုဘာလ ၂၀ရက်နေ့မှာချက်ချင်းရောင်းစားခဲ့တာပါ။ လူမဖမ်းခင်ကတည်းက ကြိုတင်ချိတ်ဆက်ထားပြီးသားဆိုတာ ထင်ရှားပါတယ်” ဟု မိတ်ဆွေဖြစ်သူက ပြောဆိုသည်။

    မောင်ကျော်သက်ပိုင်ကို ယင်းကဲ့သို့ စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းချလိုက်ကြောင်း သတင်းရရှိသည်နှင့် မိဘများနှင့် ဆွေမျိုးများက အောက်တို ဘာလ ၂၁ ရက်နေ့ လိုက်လံရွေးထုတ်ရာ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်း၊ ငွေကျပ် ၁၂၅ သိန်းပေး၍ စစ်မှုထမ်းလူစားထိုးအဖြစ် ခေါ်ယူခဲ့သော ကျုံပျော်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ငွေများ ဆုံးရှုံးသွားကြောင်း သိရှိရသည်။

    “ကျော်သက်ပိုင်လေးကို ရောင်းစားတာသိရတော့ မိဘတွေရော ဆိုင်ရာ ပိုင်ရာတွေနဲ့ လိုက်တဲ့အခါမှာ ကျုံပျော်မြို့မှာ ပြန်တွေ့တယ်။ ပြန်ခေါ်လို့ရတယ်။ ဟိုဘက်ကနေ ၁၂၅ သိန်းနဲ့ ဝယ်ထားတဲ့ အုပ်ကြီးကတော့ သူ့ငွေ ဆုံးတာပေါ့” ဟု ဖြစ်စဉ်ကို သေချာစွာ သိရှိထားသော မိတ်ဆွေက ရှင်းပြသည်။

    ယင်းကဲ့သို့ အသက် ၂၁ နှစ်အရွယ် လူငယ် မောင်ကျော်သက်ပိုင်ကို ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးအဖြစ် ငွေကျပ် ၁၂၅ သိန်းဖြင့် ရောင်းစားခဲ့သော သာကေတမြို့နယ် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့်လှစ်တိုင်ကြားသွားရန် စီစဉ်နေကြောင်း သိရှိရသည်။

    ဓာတ်ပုံ- စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခံခဲ့ရသော မောင်ကျော်သက်ပိုင်။

  • နတ်ရေကန်စခန်းကို အင်အားအလုံးအရင်းပို့ရန် စစ်ကော်မရှင်ကြိုးပမ်း

    နတ်ရေကန်စခန်းကို အင်အားအလုံးအရင်းပို့ရန် စစ်ကော်မရှင်ကြိုးပမ်းနေရပြီး တက်လာသည့် စစ်ကြောင်းများပိတ်ဆို့တိုက်ခိုက်ခံနေရ

    ‎နတ်ရေကန်ဗျူဟာကုန်းရှိ ဆုံးရှုံးစစ်စခန်းများကိုပြန်လည်ရယူရန်နှင့် ပိတ်မိပြီး ကစဉ့်ကလျား ပြေးနေရသည့် စစ်ကော်မရှင်တပ်များကိုကူရန် စစ်အင်အား အလုံးအရင်းနှင့်ပို့နေကြောင်း သိရသည်။

    အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ နှင့် အမြောက်တပ် အမတ – ၄၀၉ တို့မှ အင်အား အပြည့်ပါ စစ်ယာဉ်တန်း ငါးစီးသည် ‎ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် ဇင်ပြွန်းမှ တစ်ဆင့် ပျဉ်းဝလမ်းဆုံသို့ ရောက်ရှိလာကြောင်း သိရသည်။

    ‎‎အဆိုပါစစ်ယာဉ်တန်းမှ စစ်ကြောင်းအချို့မှာ တိုက်ပွဲဖြစ်ပွားရာကို ခြေလျင်တက်ကြမည်ဖြစ်ပြီး ရိက္ခာများပါ ပါရှိကြောင်း သိရသည်။

    ‎”စစ်တပ်က အင်အားဆက်တိုက်ပို့နေတယ်။ လမ်းကြောင်းတွေဖြန့်ပြီး ချီတက်ခိုင်းတယ်ပြောတယ်။ တော်လှန်ရေးဘက်က ပိတ်တိုက်တာရော ကြားဖြတ်တိုက်တာရောနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎နတ်ရေကန်ဗျူဟာဘက်ကို စစ်ကော်မရှင်ကပို့လိုက်သည့်စစ်ကြောင်းများနှင့် စခန်းမှထွက်ပြေးသည့် တပ်အချို့ပူးပေါင်းကာ ဂုတ်ကြီးဘက်တွင် AAနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎စစ်ကော်မရှင်က နတ်ရေကန်စခန်းနှင့် စခန်းအနီးရှိ တပ်ဖွဲ့ဝင်များကို လေကြောင်းမှ လက်နက် ခဲယမ်းပို့နေရပြီး မြေပြင်လမ်းကြောင်းများ ပိတ်ဆို့ ခံနေရသည့်အတွက် ပျဉ်းဝလမ်းဆုံမှတဆင့်သာ လမ်းကြောင်းများခွဲ၍ နတ်ရေကန် လမ်းသစ်နှင့် လမ်းဟောင်းကို စစ်ကူပို့နေရသည်။

    နတ်ရေကန်ဗျူဟာမှ ကျန်ရှိသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များမှ တချို့မှာ စခန်းမှစွန့်ခွာထွက်ပြေးနေပြီး တပ်ဖွဲ့ဝင်တချို့မှာ AAထံ အညံ့ခံကြကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ့နှင့် အောက်တိုဘာ ၁၇ရက်နေ့တို့တွင် AA က ထုတ် ပြန်သည်။

    စစ်ကော်မရှင်သည် ‎‎ယနေ့ အောက်တိုဘာ ၂၂ရက်နေ့အထိ လေကြောင်းမှနေ၍ နတ်ရေကန်နှင့် ဂုတ်ကြီး အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ထားကြောင်း သိရသည်။

  • မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

    မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

    မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    “ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ မင်းလက်ပံကျေးရွာထဲကို ပစ်ထည့်တာ အဲတာပြည်သူတွေရှိတဲ့ နေရာကို ကျရောက်ပေါက်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေးတွေက အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်သည် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေး ဒေသတို့ကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အသေခံဒရုန်းများ၊ လက်နက်ကြီးများလည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။