Tag: News

  • ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို သုညမှတ်ထိ လျှော့ချဖို့ EU နိုင်ငံတွေ သဘောတူ

    ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို သုညမှတ်ထိ လျှော့ချဖို့ EU နိုင်ငံတွေ သဘောတူ

    ရုရှားဆီက ဓာတ်ငွေ့ တင်သွင်း ဝယ်ယူမှုတွေကို အပြီးတိုင် ရပ်စဲတဲ့အထိ တစ်ဆင့်ချင်းစီ လျှော့ချဖို့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ စွမ်းအင် ဝန်ကြီးတွေ ညှိနှိုင်း သဘောတူခဲ့ပါတယ်။

    အောက်တိုဘာ ၂၀ ရက်နေ့က လူဇင်ဘာ့ဂ် နိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေး အပြီးမှာတော့ ရုရှားဆီကနေ EU နိုင်ငံတွေဆီ ပိုက်လိုင်းတွေနဲ့ တင်ပို့နေတဲ့ ဓာတ်ငွေ့တွေကိုရော၊ သဘာဝဓာတ်ငွေ့ အရည် (LNG)ကိုပါ ဆက်တိုက် လျှော့ချသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

    LNG တင်သွင်းမှုကိုလည်း မူလ လျာထားတာထက် တစ်နှစ်စောပြီး ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှာ အပြီးတိုင် ရပ်စဲဖို့ထိ EU နိုင်ငံတွေက သဘောတူ လက်ခံခဲ့ပါတယ်။ ရုရှားဆီက စွမ်းအင်ရင်းမြစ်တွေကို မှီခိုစရာ မလိုဘဲ EU အနေနဲ့ ပိုပြီး လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ရေးအတွက် ဒီဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာတယ်လို့ EUရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒိန်းမတ် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး လားစ်အားဂတ်က ပြောပါတယ်။

    EUဟာ ရုရှားဆီက စွမ်းအင်ရင်းမြစ်တွေ တင်သွင်းမှု မှန်သမျှကို အဆုံးသတ်ဖို့အထိ ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာ စီမံကိန်း တစ်ရပ်ကိုလည်း အကောင်အထည် ဖော်ဖို့ ကြိုးစားနေပါတယ်။

    ဥရောပဖက်ကို ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေ လုံးဝ ဝင်ရောက်လာစရာ မလိုတော့တဲ့ အဆင့်ထိ ရောက်နိုင်အောင် အားထုတ် ကြိုးစားနေပေမယ့် အဲဒီ ရည်မှန်းချက် အထမြောက်တဲ့ အထိတော့ မအောင်မြင်သေးကြောင်း အားဂတ်က ဆိုပါတယ်။

    EUက တင်သွင်းတဲ့ သဘာဝ ဓာတ်ငွေ့တွေရဲ့ ၁၂ ရာခိုင်နှုန်းဟာ ရုရှားဆီက ဝယ်ယူနေတာပါ။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် မဆင်နွှဲခင် EUရဲ့ ရုရှားဓာတ်ငွေ့ ဝယ်ယူမှုဟာ စုစုပေါင်း တင်သွင်းမှုရဲ့ ၄၅ ရာခိုင်နှုန်းထိ များပြားခဲ့ပါတယ်။ ဟန်ဂေရီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယမ်တို့ဟာ လက်ရှိ အချိန်ထိ ရုရှားဆီက ဝယ်ယူတင်သွင်းတဲ့ ဓာတ်ငွေ့ကို မှီခိုနေရဆဲ နိုင်ငံတွေ ဖြစ်နေပါတယ်။

    ရုရှားဆီက ရေနံ ဝယ်ယူနေဆဲ EU နှစ်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့ဟာ ရုရှား စွမ်းအင် ရင်းမြစ်တွေ ဝယ်ယူမှုကို အပြီးတိုင် ဖြတ်တောက်မယ့် အစီအစဉ်ကို အရင်က ကန့်ကွက်ခဲ့ဖူးပေမယ့် ရုရှားရဲ့ ဓာတ်ငွေ့တွေ တင်သွင်းမှု လျှော့ချမယ့် အဆိုကိုတော့ EUက လူဇင်ဘာ့ဂ် ဆွေးနွေးပွဲမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

    EUရဲ့ စည်းမျဉ်းတွေအရ နိုင်ငံတစ်ခုခုအပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်မယ်ဆိုရင် အဖွဲ့ဝင် ၂၇ နိုင်ငံလုံးရဲ့ သဘောတူ ထောက်ခံမှုကို လိုအပ်ပေမယ့် ကုန်သွယ်ရေး ကန့်သတ်မှုတွေ ကျင့်သုံးဖို့ ဆိုရင်တော့ ၁၅ နိုင်ငံဆီက ထောက်ခံချက် ရရှိရင် လုံလောက်ပါတယ်။

    ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတိုကတော့ ရုရှားဆီက စွမ်းအင် ထောက်ပံ့မှုကို အလုံးစုံ ဖြတ်တောက်တာဟာ သူ့နိုင်ငံရဲ့ စွမ်းအင် ဖူလုံမှုကို ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ကုန်းပိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ ဟန်ဂေရီဟာ ပထဝီဝင် အခြေအနေတွေအရ ရုရှားဆီက တင်ပို့တဲ့ ဓာတ်ငွေ့တွေကို ဆက်လိုအပ်နေဦးမယ်လို့ သူက ပြောပါတယ်။

    EU နိုင်ငံတွေက လက်ခံ အတည်ပြုခဲ့တဲ့ အဆိုပြုချက်ကို ဥရောပ လွှတ်တော်မှာလည်း မဲခွဲ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ အဲဒီ အဆိုပြုချက်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရုရှားဆီက ပိုက်လိုင်းတွေနဲ့ တင်သွင်းနေတဲ့ ဓာတ်ငွေ့တွေအပြင် LNGတွေကိုပါ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နောက်ပိုင်းကျရင် မဝယ်ယူတော့ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

    ကိုးကား: France 24

    ဓာတ်ပုံ – Reuters

  • လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

    လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

    ဒီပဲယင်းမှာ လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေ၊ ဆိုင်းပွဲတွေ မထည့်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

    ဒီပဲယင်းမြို့နယ်အတွင်း ပြည်သူများနဲ့တော်လှန်ရေးအင်အားစုများအားလုံးအနေနဲ့ လက်ရှိအချိန်ဟာ စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်ပြီး ပြည်သူလူထုတရပ်လုံးက ပြင်းပြင်းထန်ထန် တော်လှန်နေကြတဲ့အချိန်ဖြစ်ကြောင်း၊ စစ်တပ်ကလည်း ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်ရေးလေယာဥ်များအပြင် အနီးကပ် ဗုံးကျဲတိုက်ခိုက်နိုင်တဲ့ ပါရာမိုတာ စက်တပ်လေထီးများနဲ့လည်းကောင်း၊ ဂျိုင်ရိုကော်ပတာများနဲ့လည်းကောင်း၊ အချိန်နေရာမရွေး တိုက်ခိုက်နေကြောင်း ဒီပဲယင်းပအဖအဖွဲ့က အောက်တိုဘာ ၄ ရက်က အသိပေးပါတယ်။

    ဒါ့ကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရလို့ လုံခြုံရေးသတိထားရမယ့်အပြင် ဒီနှစ် အလှူပွဲ၊ မင်္ဂလာပွဲများမှာ ဧည့်ခံဖျော်ဖြေရေးပွဲများ၊ ဆိုင်းဝိုင်းများ ပါဝင်ခြင်း လုံးဝမပြုလုပ်ကြဖို့ ဒီပဲယင်းပအဖအဖွဲ့က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

    “သူတို့(ဆိုင်းဝိုင်း)တွေက စစ်တပ်ဂိတ်တွေကို ဖြတ်ပြီး လာကြတာ။ ဘယ်သွားတီးမှာလဲမေးမှာပဲ။ မေးရင်ဖြေရမှာပဲ။ အဲခါကျ အန္တရာယ်ကများသွားပြီ”လို့ ဒီပဲယင်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

    သက်ဆိုင်ရာ ရပ်ကျေးပကဖ၊ ပအဖ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူလူထု ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ကြပ်မက်ဆောင်ရွက်သွားကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်ထွန်းထားပါတယ်။

    အာဏာသိမ်းကာလအတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စစ်တပ်က အလှူမင်္ဂလာပွဲတွေပါမကျန် လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

  • ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာ

    ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာ

    ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာသွားပြီး စစ်တပ်က ထောင်ထားခဲ့သောမိုင်းများနှင့် ဖျက်ဆီးခဲ့မှုများကို ဝင်ရောက်ရှင်းလင်း

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာသွားပြီး အကြမ်းဖက် စစ်တပ်က ထောင်ထားခဲ့သောမိုင်းများနှင့် ဖျက်ဆီးခဲ့မှုများကို ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောကြားသည်။

    အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေးဘီလူးတပ်ဖွဲ့မှ ရဲဘော်များက ဝါရဟိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်သားများ ထောင်ထားခဲ့သည့် မိုင်းများကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများသည် ဝါရဟိုင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က လိုက်လံ ပိတ်ဆို့ထားမှုကြောင့် စစ်ကြောင်းတစ်ခုလုံးရှေ့ဆက် မတိုးနိုင်ဘဲ ဝါရဟိုင်းကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားသောကြောင့် ရေးဘီလူး အဖွဲ့က ဝင်ရောက် ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ဝါရဟိုင်း ကျေးရွာထဲကို စစ်ကြောင်းထိုးပြီး ရွာသား ၃၀ ကျော်ဖမ်းသွားတယ်။ ကျွန်တော်တို့ စစ်ကြောင်းလိုက်ပိတ်တော့ ပြန်ပြေးဆင်းသွားတယ်။ ကျေးရွာထဲ သူတို့တွေ ထောင်သွားတဲ့ မိုင်းတွေ၊ လိုက်လံဖျက်ဆီးခဲ့တဲ့ နေရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပြန်လည်ထူထောင်ဖို့ ကျွန်တော်တို့ ဒီကျေးရွာထဲကို ဒီနေ့ ဝင်ရောက်ရှင်းလင်းခဲ့တယ်” ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးကပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်၏ ဖျက်ဆီးခဲ့မှုကြောင့် ဝါရဟိုင်းကျေးရွာ စာသင်ကျောင်းပျက်စီးခဲ့ပြီး ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသည့် နေရာများ ရှိနေကြောင်း၊ အကြမ်းဖက် စစ်သားများ၏ ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများမှာလည်း ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရှိရသည်။

    ရေးမြို့နယ်၊ အာယုတောင်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်မှ စစ်သား ၁ ဦး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လာရောက် ထောက်လှမ်းစဉ် ရေးဘီလူးအဖွဲ့က အရှင်ဖမ်းမိ

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်ဖက် စစ်တပ်မှ စစ်သား ၁ ဦးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လာရောက် ထောက်လှမ်းစဉ် အရှင်ဖမ်းမိခဲ့ကြောင်း ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် လင်းဦး၏ လက်အောက်ခံ ရုံးပိုင်းဆိုင်ရာ တာဝန် ထမ်းဆောင်နေသော စစ်သား ၁ ဦးဖြစ်သူ မျိုးဇော်ကို ရေးဘီလူးတပ်ရင်းက အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

    အဆိုပါ အကြမ်းဖက် စစ်သား မျိုးဇော်သည် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို လာရောက် စုံစမ်း ထောက်လှမ်းခြင်းကြောင့် လက်နက်ယူဆောင်လာခြင်းမရှိကြောင်း၊ ၎င်းကို စစ်ဆေးမေးမြန်းမှုများ ဆက်လက် လုပ်ဆောင်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    “လက်နက်တော့ပါမလာဘူး။ သတင်းလာထောက်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ ဖမ်းဆီးရမိတယ်နော်။ ဒီနေ့မှာ ဖမ်းဆီးရမိတယ်။ ကျွန်တော်တို့ ဆက်လက်ပြီး အရေးယူဆောင်ရွက်သွားဖို့ရှိတယ်” ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

  • AA ထိန်းချုပ် မြို့နယ်အချို့ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီ ပြင်ဆင်နေ

    ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြင်ဆင်နေသည်ကို တွေ့ရကြောင်း AA က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

    ထို့ကြောင့် သံတွဲနှင့် ဂွမြို့နယ်အတွင်း ပင်လယ် ငါးဖမ်းမှုကို ညနေ ၆ နာရီမှာ နံနက် ၆ နာရီအတွင်း တားမြစ်ကြောင်း ဖော်ပြထားပြီး နေ့အချိန်တွင်လည်း စစ်ကောင်စီ နေဗီများနှင့် ဝေးရာတွင် ငါးဖမ်းကြရန် တိုက်တွန်းထားသည်။

    စစ်ကောင်စီသည် ရခိုင်ကမ်းရိုးတန်း တလျှောက် ရေတပ်အင်အားဖြည့်တင်းမှုနှင့် နေဗီများ သွားလာလှုပ်ရှားများကို အရှိုန်မြှင့်လုပ်ဆောင်လာကြောင်း ပင်လယ်ကမ်းစပ်ကျေးရွာ ဒေသခံများထံမှ သိရသည်။

    စစ်ကောင်စီ၏ တန်ပြန်ထိုးစစ် ပြင်ဆင်မှုများသည် အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များမှ ဒေသခံ အရပ်သားများ၏ လုံခြုံရေး ထိခိုက်လာနိုင်သည့်အပြင် တိုက်ပွဲများ ထပ်မံပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

    “ သူတို့ တန်ပြန်ထိုးစစ်ဆင်မယ်ဆိုရင် အရင်ဆုံး လေကြောင်းတိုက်ခိုက်မှုကတော့ ပြင်းပြင်းထန်ထန် လုပ်အုံးမှာ။ သံတွဲနဲ့ ဂွကတော့ AA ထုတ်ပြောထားတာဆိုတော့ အဲဒီမြို့က ဒေသခံတွေ အထူးစိုးရိမ်ဖို့ လိုပါတယ်။ ကမ်းထိုးပြန် တိုက်မှာကတော့ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေမယ့် ကြာအုံးမယ် ထင်ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း အမျိုးသားတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီက မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ဘက်မှ ရခိုင်ပြည်အတွင်း ပြန်လည် ဝင်ရောက်နိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသော်လည်း အာရက္ခတပ်တော်နှင့် မဟာမိတ် PDF များ၏ ခုခံစစ်များကြောင့် ရှေ့မတိုးနိုင်ဖြစ်နေသည်။

    လက်ရှိ အာရက္ခတပ်တော်သည် မကွေးတိုင်း ငဖဲမြို့နယ်အတွင်းမှ နတ်ရေကန် လေကြောင်းကာကွယ်ရေး စခန်း ဗျူဟာကုန်းကို သိမ်းပိုက်ရန် ကြိုးပမ်းနေပြီး ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းမှ ကပစ စက်ရုံရှေ့ကာကင်း စခန်းများကိုလည်း တိုက်ခိုက်နေသည်။

    ယင်းအပြင် ဧရာဝတီတိုင်း ငသိုင်းချောင်း၊ ရေကြည်မြို့နယ်တို့တွင် နယ်မြေခံ PDF များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ ဆင်နွှဲနေသည်။

    ထို့ကြောင့် စစ်ကောင်စီအနေဖြင့် မကွေး၊ ပဲခူး၊ ဧရာဝတီဖက်မှ ဝင်ရောက်မည် မဟုတ်ဘဲ ကျောက်ဖြူကမ်းခြေမှ တစ်ဆင့် လေတပ်အင်အား၊ ရေတပ်အင်အားဖြင့် ချဉ်းကပ်လာနိုင်ပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာစောင့်ကြည့်နေသူများက သုံးသပ်သည်။

    CDM ဗိုလ်ကြီးဇင်ယော်က “ အမ်းမြို့နယ်ကို မကွေးတိုင်းကလည်း ဝင်လို့ မရဘူး။ ပဲခူးတိုင်း ညောင်ကျိုးဖက်ကနေ ဝင်လာလို့လည်း မရဘူး။ ဧရာဝတီဖက်က ဝင်လာလို့လည်း မရဘူး။ ကျောက်ဖြူကိုတော့ AA က မထိန်းချုပ်နိုင်ဘူးပေါ့။ ဒါကြောင့် ကျောက်ဖြူက တဆင့် လေတပ်ကရော ရေတပ်ကရော ပစ်ကူယူပြီးတော့ ချဉ်းကပ်လာမယ့် သဘောရှိတယ်။ ဒီတော့ လေကြောင်းတိုက်ခိုက်မှုရော ရေထဲကနေပြီးတော့ရော လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာနိုင်ခြေ ရှိတယ် ” ဟု သုံးသပ်သည်။

    လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ ထောက်ခံမှုရသည့် ဒေသများမှ လက်လွှတ်နယ်မြေများကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်မှုများ ပြုလုပ်လာနိုင်ကြောင်း ပြောဆိုကြသည်။

    စစ်ကောင်စီသည် ရခိုင်ပြည်တစ်ခုလုံးကို ထိန်းချုပ်ပြီး ပြည်သူ့ထောက်ခံမှုရယူထားသည့် အာရက္ခတပ်တော်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ရန် ပြင်းထန်စွာ ကြိုးပမ်းနေသော်လည်း အာရက္ခတပ်တော်ထံ တပ်စခန်းများ ထပ်မံ လက်လွှတ်နေရသည်။

  • KK Park တွင် စစ်တပ်က ကျားဖြန့်ဝင်ရောက်စီးနင်းနေသည့်ပုံစံ ဟန်ပြဓာတ်ပုံရိုက် ဝါဒဖြန့်

    KK Park တွင် စစ်တပ်က ကျားဖြန့်ဝင်ရောက်စီးနင်းနေသည့်ပုံစံ ဟန်ပြဓာတ်ပုံရိုက် ဝါဒဖြန့်

    ကရင်ပြည်နယ်၊ မြဝတီမြို့အနီး KK Park ဝင်းအတွင်းရှိ အဆောက်အအုံတခုကို လက်နက်အပြည့်အစုံနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းနေပုံ ဓာတ်ပုံရိုက်ပြီး ဒီနေ့ အောက်တိုဘာ ၂၀ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

    KK Park အတွင်းမှာ တရားမဝင် ဆက်သွယ်မှု ဆောင်ရွက်ဖို့ ရည်ရွယ်တပ်ဆင်ထားတဲ့ Star Link စလောင်း အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး အဆောက်အအုံတွေထဲက အလုပ်သမား အမျိုးသား ၁,၆၄၅ ယောက်၊ အမျိုးသမီး ၄၅၅ ယောက်နဲ့ လုံခြုံရေးအမျိုးသား ၉၈ ယောက် စုစုပေါင်း ၂,၁၉၈ ယောက် တွေ့ရှိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီတပ်ဟာ အရင်ကလည်း မကြာခဏ အဖမ်းအဆီးပြကာ သတင်းဖော်ပြမှုတွေ ရှိခဲ့တယ်လို့ ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ဖူးသူတွေဆီက သိရပါတယ်။

    KK Park ကျားဖြန့်လုပ်ငန်းထဲမှာ အလုပ်လုပ်ခဲ့ဖူးသူတယောက်က “ခု စစ်တပ်က ကျားဖြန့်လုပ်ငန်းကို ဝင်ရောက်စီးနင်းတာကတော့ အံ့သြစရာဖြစ်နေတာ ကရင်ပြည်နယ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်း အများစုက BGF တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး လုပ်နေတာ။ ခုမှ စစ်တပ်က ဝင်ရောက်စီးနင်းပြီး အဖမ်းပြတယ် ဆိုတာကတော့ အံ့သြစရာတခု ဖြစ်နေတာပေါ့။ ကျားဖြန့်လုပ်ငန်းတွေထဲမှာတော့ မကြာခဏ အဖမ်းပြနေတာပဲ။ သူတို့ အဖမ်းအဆီးလုပ်တော့မယ်ဆိုရင် အလုပ်သမားတွေ အကုန် နေရာပြောင်းရွှေ့ပေးရတယ်။ ပြီးရင် ထိုင်းနိုင်ငံဘက်အခြမ်းက အသင့်ဝယ်ပြီး သိမ်းထားတဲ့ ကွန်ပျူတာ လက်တော့တွေ၊ အဆိုပါပစ္စည်းနဲ့ ဆက်စပ်တဲ့ မော်ဒယ်နိမ့် ပစ္စည်းအစုတ်တွေကို ဖမ်းဆီးရမိတယ်ဆိုပြီး ပြတယ်။ နောက် မီးရှို့ဖျက်ဆီးပြပြီး သတင်းတွေမှာ ဖြန့်လေ့ရှိတယ်” လို့ ပြောပါတယ်။

    တကယ် ကျားဖြန့်လုပ်ငန်းတွေကို အရေးယူမယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ အများကြီးရှိပေမဲ့ ကရင်ပြည်နယ် တခုတည်းကိုတောင် အရေးယူလို့ ကုန်မှာမဟုတ်ဘူးလို့လည်း ကျားဖြန့်မှာလုပ်ဖို့ ခိုင်းစေခံခဲ့ရသူတယောက်က ပြောပါတယ်။

    “ကရင်ပြည်နယ်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ ၈၀ ရာခိုင်နှုန်းက လက်နက်ကိုင် အဖွဲ့အစည်းတွေချည်းပဲ၊ ကျားဖြန့်လုပ်ငန်းတွေ လုပ်နေတာကလည်း စစ်ကော်မရှင်နဲ့ ပတ်သက်နေတဲ့သူတွေ၊ အလုပ်သမားတွေကို လစာကောင်းကောင်းပေးပြီး ခိုင်းထားတာ၊ တလကို ဖောက်သည် ၃ ယောက် ရှာပေးရတယ်၊ ဝင်ဝင်ချင်း ထိုင်းဘတ်ငွေ ၁၅,၀၀၀ ရတယ်၊ လုပ်သက်ကြာလာတာနဲ့အမျှ လစာကောင်းကောင်း ရလာတယ်၊ နေရာကောင်းကောင်းရလာတယ်၊ အမှားတော့မခံဘူး၊ တခါ နှစ်ခါ အမှားဖြစ်လာရင်တော့ အပြစ်ပေး အရေးယူတာတွေကို ခံရတယ်၊ လစာတွေ အဖြတ်တောက် လုပ်ခံရတယ်၊ သူလည်း အလုပ်ခံခဲ့ရဖူးတယ်၊ နောက် အဆင်မပြေတာနဲ့ အဲဒီအလုပ်ကနေ ထွက်ပြေးလာတာ။”

    KK Park ဟာ မြဝတီမြို့နယ်အတွင်း တည်ရှိကာ စစ်ကောင်စီတပ် အနေနဲ့ လေးကေ့ကော်မြို့သစ်ကို တိုက်ခိုက်သိမ်းပိုက်ရာ အောက်တိုဘာ ၅ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီလို တိုက်ခိုက်စဉ်မှာပဲ KK Park ကိုလည်း တပြိုင်တည်း ဝင်ရောက်ရှင်းလင်းခဲ့တာလို့ စစ်ကောင်စီ သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

    ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းတွေမှာ Star Link အင်တာနက်ကို အသုံးပြု လုပ်ကိုင်နေကြောင်း တွေ့ရှိချက်တွေကြောင့် အမေရိကန်ကွန်ဂရက်လွှတ်တော် စီးပွားရေးဆိုင်ရာ ပူးပေါင်းကော်မတီက Star Link ကုမ္ပဏီကို ဇူလိုင်လမှ စတင်ကာ ကြားနာမှုတွေ ပြုလုပ်လာခဲ့ပြီးနောက် မြဝတီမြို့နယ် နေရာတချို့မှာ Star Link နဲ့ အင်တာနက် အသုံးပြုမှုတွေ ပြတ်တောက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့ ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF) က အဓိက ထိန်းချုပ်ထားတဲ့ ရွှေကုက္ကို ဒေသနဲ့ KK Park ဟာ တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့နေရာ ဖြစ်ပါတယ်။