Tag: News

  • အာဏာသိမ်းပြီးနောက်ပိုင်း ကျားဖြန့်စင်တာ ပိုများလာဟု စစ်ကောင်စီဝန်ခံ

    အာဏာသိမ်းပြီးနောက်ပိုင်း ကျားဖြန့်စင်တာ ပိုများလာဟု စစ်ကောင်စီဝန်ခံ

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်တဲ့ နေရာတွေ ပိုများလာတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    အဲဒီလို ပိုများလာတဲ့အကြောင်းကို ဒီကနေ့ထုတ် စစ်တပ်လက်အောက်ခံသတင်းစာတွေမှာ ဂြိုဟ်တု ဓာတ်ပုံနဲ့ ဖော်ပြထားပါတယ်။

    ဒါအပြင် အဲဒီအဆောက်အအုံတွေ တိုချဲ့ဆောက်လုပ်နေကတည်းက သူတို့သိရှိခဲ့ကြောင်းလည်း သတင်းစာတွေမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီး ဒီဒေသတွေမှာ တရားမဝင် အဆောက်အအုံတွေကို တိုးချဲ့ဆောက်လုပ်နေကြောင်း သိရှိခဲ့ရပါတယ်။”

    ဒါပေမဲ့ အဲဒီအဆောက်အအုံတွေ များလာတာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) မှာပဲ တာဝန်ရှိပြီး စစ်တပ်အနေနဲ့ ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့ပဲ လုပ်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    နိုင်ငံတကာကတော့ ကျားဖြန့်လုပ်ငန်းတွေကနေ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့က အကျိုးအမြတ်ရနေပြီး အရေးယူ ပိတ်ဆို့တာတွေ လုပ်ထားသလို စစ်တပ်ကလည်း ကျားဖြန့်လုပ်ငန်းကနေ အကျိုးအမြတ်တွေရနေတယ်လို့ ဆွေးနွေးပြောဆို၊ ထုတ်ပြန်တာတွေ ရှိပါတယ်။

  • စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ  ပယ်ချ

    စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချ

    စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရန် တောင်းဆို

    အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ဥရောပ ပါလီမန်က တောင်းဆိုလိုက်သည်။

    စစ်တပ်က လာမည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီ အတွင်း တစ်ဖက်သတ် စီစဉ်ထားသည့် တရားမဝင် ရွေးကောက်ပွဲများကို ပယ်ချကြောင်း၊ ရှင်းလင်းသော ဒီမိုကရေစီ စံနှုန်းများနှင့် အခြေခံ လွတ်လပ်ခွင့်များ ကင်းမဲ့ခြင်း၊ မဲပေးရန် မဖြစ်နိုင်သော အခြေအနေများ၊ ဆက်လက်ဖြစ်ပွားနေသော နှိပ်စက်ဖိနှိပ်မှု၊ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းခံရမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ လုံးဝမရှိခြင်းတို့ကြောင့် စစ်အာဏာရှင်အဖွဲ့၏ လက်ရှိလုပ်ဆောင်မှုများမှာ တရားမဝင်ကြောင်း ဥရောပသမဂ္ဂပါလီမန်က ကြေညာသည်။

    ရွေးကောက်ပွဲက စစ်အာဏာသိမ်းမှုကို တရားဝင်မှု ဖန်တီးရန် စစ်အာဏာရှင်အဖွဲ့၏ လှည့်ဖြားမှုကို ဖော်ပြနေကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားဝင်မှု၊ အာဏာကို ပြန်လည်ယူဆောင်ရန်နှင့် တရားဝင်ရွေးကောက်ခံ အရပ်သားအစိုးရကို ပြန်လည်ထူထောင်ရန် လိုအပ်ကြောင်း ၊ထို့ကြောင့် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲများကို ပယ်ချကြောင်း ဥရောပသမဂ္ဂပါလီမန်က ဆိုသည်။

    နိုင်ငံရေးနှင့် လူမှုရေး ဖိနှိပ်မှုများ ထင်ရှားစွာ ကျူးလွန်နေသည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ နှင့် မျိုးစုံသော ရွေးကောက်ပွဲများဆိုင်ရာ ဥပဒေ ကို ပြစ်တင်ရှုတ်ချလိုက်ပြီး ပြန်လည် ရုပ်သိမ်းရန် ဥရောပသမဂ္ဂက တောင်းဆိုသည်။

    ယင်းအပြင် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား စွဲဆိုထားသော သို့မဟုတ် နိုင်ငံရေးရည်ရွယ် ချက်ဖြင့် စွဲဆိုထားသော စွပ်စွဲချက်များဖြင့် အကျဉ်းချခံထားရသည့် ရွေး ကောက် ခံ အရာရှိများနှင့် ခေါင်းဆောင်များအားလုံးကို ချက်ချင်းနှင့် အခြေ အနေမရှိဘဲ လွှတ်ပေးရန် တောင်းဆိုသည်။

    ဥရောပသမဂ္ဂအနေဖြင့် တရားဝင်ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်းတို့ကို ထောက်ခံသော ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့တို့ကို အသိအမှတ်ပြုထားကြောင်း ထပ်လောင်း ကြေညာလိုက်သည်။

    အကြမ်းဖက်မှု ကျူးလွန်သူများကို တရားဥပဒေအရ စစ်ဆေးအရေးယူနိုင်ရေးအတွက် စစ်တပ်နှင့်ကျူးလွန်ခဲ့သည့် ကြီးလေးသော ချိုးဖောက်မှုများအားလုံးကို လွတ်လပ်သော၊ ခိုင်မာသောနှင့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုကြောင်း၊ စစ်အာဏာရှင်အဖွဲ့၏ မြန်မာပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများနှင့် အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းနေထိုင်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ဥရောပသမဂ္ဂက ကြေညာထားသည်။

  • မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွား

    မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွားဟု ဒေသခံများပြော

    တအာင်းတပ် TNLA ထိန်းချုပ်မှု နောက်ဆုံးအချိန်အထိ မြို့၏ အဖိုးတန်သယံဇာတများကို “အလွန်အကျွံ” ထုတ်ယူခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများ သိမ်းယူခြင်းတို့ကြောင့် မြို့၏ အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် “ပြင်းထန်စွာ” ထိခိုက်ပျက်စီးခဲ့ရကြောင်း မြို့ခံများက ပြောသည်။

    စစ်ရေးအရ သိမ်းယူထားသော မြို့ကို စွန့်ခွာချိန်တွင် မိုးကုတ်မြို့သည် ‘အခွံသက်သက်’ သာ ကျန်ရှိတော့မည့် အခြေအနေကို “ရင်နာစရာ” မြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

    TNLA က မိုးကုတ်မြို့ကို သိမ်းယူထားသည့် ကာလတစ်လျှောက်လုံး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသော တရုတ်ကုမ္ပဏီများနှင့် မဟာမိတ် ကိုးကန့်ဒေသမှ လုပ်ငန်းများကို ပတ္တမြားမြေတွင် ကျောက်တူးဖော်ခွင့်များ ချထားပေးခဲ့သည်။

    ယခင်က တူးဖော်ခြင်းမရှိသည့် မြို့ရှိ ဂေါက်ကွင်းနှင့် ပတ်ဝန်းကျင် ဒေသများတွင်ပင် ကျောက်တူးဖော်မှုအား “အရှိန်အဟုန်ဖြင့်” ပြုလုပ်ခဲ့ခြင်းကို ဒေသခံများက ထောက်ပြကြသည်။

    အပစ်အခတ်ရပ်စဲရေးအရ တအာင်းတပ် TNLA က မြို့မှ ဆုတ်ခွာရန် နီးကပ်လာသော နောက်ဆုံးအချိန်အထိ တရုတ်ကုမ္ပဏီများက ဂေါက်ကွင်းတွင် ကျောက်တူးဖော်မှု အရှိန်မြှင့်တင် လုပ်ကိုင်ခဲ့သည်။

    မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “ကျမတို့ မြို့ရဲ့ ဂေါက်ကွင်းလည်း ကုန်ပြီ ရစရာကို မရှိတော့ဘူး။ ကျမတို့ရဲ့ ဒီဂေါက်ကွင်းကြီးကိုပါ ကျောက်တူးခွင့် ပေးခဲ့တာက ကျမတို့ ဒေသခံတွေရဲ့ မျက်နှာကို လုံးဝ မထောက်ခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်ပဲ။ ဒီလိုဆုံးရှုံးမှုက ငွေနဲ့ ပြန်ဝယ်လို့ မရနိုင်ဘူး” ဟု ပြောသည်။

    ဒေသခံကျောက်တူးသမားများကိုပါ ထုတ်ယူခွင့်ပေးမှု အနည်းငယ်ရှိခဲ့သည် ဆိုသော်လည်း အများစုမှာ တရုတ်ကုမ္ပဏီများကသာ လုပ်ကွက်ရရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကျောက်တူးဖော်ရေး လုပ်ကွက် များတွင်လည်း ဒေသခံများကို ခေါ်ယူငှားရမ်းခြင်းပင် မရှိခဲ့ဟု ဆိုသည်။

    တအာင်းတပ် TNLA ဆုတ်ခွာချိန်တွင် သဘာဝသယံဇာတများ အပြင် မြို့လယ်ရှိ ပြည်သူပိုင်ပစ္စည်းများ၊ ဌာနဆိုင်ရာ ပရိဘောဂများနှင့် သစ်တောထွက် ပစ္စည်းများကိုပင် ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ထောက်ပြသည်။

    မြို့၏ စိမ်းစိုသော အမွေအနှစ်များကိုပါ ထိခိုက်ခဲ့သည့်အပေါ် ပြည်သူများက ရင်နာနေရသည်ဟု ဆိုသည်။

    မိုးကုတ်မြို့ခံ တစ်ဦးက “နောက်ဆုံး ကုန်ကုန်ပြောရရင်‌တော့ သစ်တောဆို သစ်တောဌာနမှာစိုက်တဲ့ ကျွန်းပင်ကအစ ခုတ်လှဲပြီး ယူသွားတာမျိုး ဒါကျတော့ ရုပ်ဆိုးတဲ့ အပိုင်းတွေဖြစ်ပါတယ်” ဟု ပြောသည်။

    အခြားဒေသခံတစ်ဦးကလည်း “ဒီလိုမျိုးကြီး ပေးလိုက်တယ်ဆိုတာ ပြည်သူလည်း အခုလက်ရှိ မိုးကုတ်၊ မိုးမိတ် ကို ပေးလိုက်တဲ့ ပြည်သူလူထုတွေလည်း မျက်နှာမထောက် သူတို့ရဲ့လူမျိုးအတွက်ပဲ သူတို့လုပ်သွားတယ်လို့ ထင်တယ်” ဟု ပြောသည်။

    TNLA ၏ လုပ်ဆောင်မှုများကို တားမြစ်၍ မရနိုင်သောကြောင့် “ရင်နာနာဖြင့်” လက်ပိုက်ကြည့်နေရသည် ဟုလည်း မြို့ခံများက ပြောသည်။

    နိုဝင်ဘာလ နောက်ဆုံးပတ်ထိ မြို့ခံလူဦးရေ ထက်ဝက်ကျော်သည် စစ်ကော်မရှင်၏ ထိုးစစ်အသစ်နှင့် ဗုံးကြဲ တိုက်ခိုက်မှုများကို စိုးရိမ်သဖြင့် ဆက်လက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    မြို့ကို ပြန်လည်လွှဲပြောင်းပေးခြင်းကြောင့် လုံခြုံရေး မတည်ငြိမ်မှုများအပြင် သယံဇာတ ထုတ်ယူမှုကြောင့် ပျက်စီးသွားသော ပတ်ဝန်းကျင်နှင့် စီးပွားရေးအခက်အခဲများကိုပါ ရင်ဆိုင်ကြုံတွေ့နေရသော မိုးကုတ် ဒေသခံများသည် မျှတမှုရှိသော အုပ်ချုပ်မှုနှင့် လုံခြုံရေးကိုသာ အဓိက မျှော်လင့် တောင်းဆိုနေကြသည်။

  • နေအောင်က စစ်တပ်အနေဖြင့် တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်သူမှန်သမျှ အကုန်သတ်ရမည်ဟု ပြော

    နေအောင်က စစ်တပ်အနေဖြင့် တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်သူမှန်သမျှ အကုန်သတ်ရမည်ဟု ပြော

    ကြံ့ဖွတ်ပါတီကို မဲပေးရေး မဲဆွယ်နေသည့် သရုပ်ဆောင် နေအောင်က စစ်တပ်အနေဖြင့် တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်သူမှန်သမျှ အကုန်သတ်ရမည်ဟု ပြော

    ကြံ့ဖွတ်ပါတီကို မဲပေးရေး မဲဆွယ်နေသည့် သရုပ်ဆောင် နေအောင်က စစ်တပ်အနေဖြင့် တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်သူမှန်သမျှ အကုန်သတ်ရမည်ဖြစ်ကြောင်း ပြည်တွင်း စစ်လော်ဘီတယ်လီဂရမ်ချန်နယ်တစ်ခုသို့ ထုတ်ဖော်ပြောဆိုသည်။

    သရုပ်ဆောင်နေအောင်က ၎င်းအနေဖြင့် စစ်သားသားသမီးဖြစ်၍ ယူနီဖောင်းမြင်လျှင်ပင် ချစ်ကြောင်း၊ ကြံ့ဖွတ်ပါတီသည် စစ်တပ်မှ လာသော ပါတီဖြစ်၍ ကြံ့ဖွတ်ပါတီကို ချစ်ခင်ကြောင်း၊ ပါတီမဲဆွယ်စည်းရုံးရေးများတွင် ကြံ့ဖွတ်ပါတီကို ချစ်၍ ကြံ့ဖွတ်အင်္ကျီ၊ ဦးထုပ်ကို မိမိဆန္ဒအရ ဝတ်ဆင်လာခြင်းဖြစ် ကြောင်း၊ စစ်တပ်အနေဖြင့် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်သူမှန်သမျှကို အကုန်သတ်ရမည်ဖြစ် ကြောင်း၊ ကြံ့ဖွတ်ပါတီအာဏာရလာပါက တိုင်းပြည်တည်ငြိမ်အေးချမ်းသွားမည်မှာ အသေအချာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

    “နိုင်ငံရေးအခင်းအကျင်းကတော့ တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်တဲ့ကောင်မှန်သမျှ အကုန်သတ်။ ကျနော်က စစ်သားသားသမီးလေ။ ယူနီဖောင်းမြင်ရင်ချစ်တယ်လေ။ ဆဲတဲ့ကောင်တွေ သေပေါ့။ သေကြပေါ့။ “ကျနော်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကိုချစ်တယ်။ လူများဝတ်ခိုင်းလို့မဟုတ်ဘူး ချစ်လို့ဝတ်တာ။ ကျနော်က နိုင်ငံရေးခံယူချက်မရှိဘူး။ ကျနော်က စောနကပြောသလို ပြည်ခိုင်ဖြိုးသည် come from the military ။ တပ်မတော်က လာတဲ့အဖွဲ့အစည်းများ၊ လူတွေပဲ။ တပ်မတော်မကာကွယ်ရင် အခုဆိုရင် လူတွေ ဘ၀ပျက်ကုန်ပြီ။ နိုင်ငံတကာမှာ တပ်မတော်မရှိတဲ့နိုင်ငံရှိလား” ဟု သရုပ်ဆောင် နေအောင်က ဆိုသည်။

    သရုပ်ဆောင် နေအောင်မှာ ရန်ကုန်တိုင်းအတွင်းရှိ ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲများ၊ ဆိုင်းဘုတ်ဖွင့်ပွဲများတွင် မကြာခဏ ဆိုသလို တက်ရောက်လေ့ရှိပြီး ပွဲတိုင်းတွင် ကြံ့ဖွတ်ပါတီဝတ်စုံကို အပြည့်အစုံ ဝတ်ဆင် မဲဆွယ်လေ့ရှိသည်။

    နေအောင်က ကြံ့ဖွတ်ပါတီအတွက် မဲဆွယ်၍ ၎င်းကို ဆဲဆိုလာပါကလည်း ဂရုမစိုက်ကြောင်း၊ လူလူချင်း မကြောက်ဘဲ စင်ပေါ်တွင် တစ်ယောက်ချင်း ​တွေ့နိုင်ကြောင်း၊ ချောင်း၍ လုပ်ကြံမည်ဆိုလျှင် အခြောက်သာဖြစ်ကြောင်း ပြောဆိုသည်။

    ယင်းအပြင် သရုပ်ဆောင် နေအောင်က မွတ်စလင်များသည် ဧည့်သည်များဖြစ်ပြီး အိမ်ရှင်ဖြစ်သူများနှင့်အဆင်ပြေအောင် နေထိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ မနေလျှင် အဆင်မပြေကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မည်သူမဆို အ သက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲရုံသို့သွား၍ မဲပေးရမည်ဖြစ်ကြောင်း သရုပ် ဆောင် နေအောင်က ပြောဆိုသည်။

    ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်ကမူ ရုပ်ရှင်သရုပ်ဆောင်များကို မဲဆွယ်စည်း ရုံးမှုတွင် အသုံးပြုနေရာတွင် ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးပွဲများအတွက် ငွေကြေးတိုက်ရိုက် ပေးချေကြောင်း၊ သက်ဆိုင်ရာ တိုင်းနှင့် မြို့နယ်များအလိုက်လည်း သရုပ်ဆောင်နှင့် အနုပညာရှင်များများကို ခေါ်ယူ ဝန်းရံခိုင်းရန် ဘတ်ဂျက်များ ချထားပေးကြောင်း ပြောဆိုသည်။

    “မဲဆွယ်ပွဲနဲ့ ဆိုင်းဘုတ်ဖွင့်ပွဲ တက်ပေးဖို့ ဖိတ်တာမှာ သူတို့အတွက် သွားလာခနဲ့ တက်ရောက်ခ အဲဒါတော့ စီစဉ်ပေးရတယ်။ တစ်ပွဲဘယ်လောက်ဆိုတာမျိုးမဟုတ်ဘူး။ ရက်ပေါင်း ၆၀ မဲဆွယ်ပွဲကာလတစ်ခုလုံး အတွက် တစ်ခါတည်း ငှားလိုက်တာပါ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။

    ယင်းအပြင် စစ်တပ်ကလည်း စစ်တပ်ထောက်ခံသော သရုပ်ဆောင်စိုးမြတ်သူဇာ၊ ကျော်ရဲအောင် အပါအဝင် သရုပ်ဆောင်များကို သံချောင်း တင်သွင်းခွင့်သွင်းကုန်ပါမစ်များ ချထားပေးပြီး စစ်တပ်နှင့်ဆိုင်သော ပွဲများသို့ တက်ရောက်ရန် စစ်တပ်က ဖိတ်ကြားကြောင်း သိရှိရသည်။

    အောက်တန်းစား လူယုတ်မာ မင်းသားနေအောင် အခုရက်ပိုင်း ပြည်သူ နဲ့ တော်လှန်ရေးအုပ်စုတွေအပေါ် ကမ်းကုန်အောင် စော်ကားမိုက်ရိုင်းပြီး ဇောင်းကြွနေသည်ကို မြင်တွေ့နေရသည်။

    ထိုအောက်တန်းစား လူယုတ်မာ ကျွန်တော် နေထိုင်ရာ ဖလော်ရီဒါပြည်နယ်ကို သီတဂူဆရာတော်ကို ဖားယားပြီး ခွေးတိုးပေါက်ကနေ ဘယ်လို လိုက်လာခဲ့တဲ့အကြောင်း နဲ့

    ကျွန်တော်နဲ့ တွေ့သည့်အခါ အချောင်သမား စိတ်နဲ့ စောက်ရှက်မရှိ ဘယ်လို ဂုန်းဆင်းပြီး အမြတ်ထုတ်သွားခဲ့သည့် အကြောင်းတွေကို တချိန်က ကျွန်တော် စာတစ်ပုဒ်ရေးတင်ခဲ့ဘူးသည်။

    ယခု ထိုအောက်တန်းစား လူယုတ်မာ အသိတရား နောင်တ မရဘဲ ပြည်သူနဲ့ တော်လှန်ရေးဘက်တော်သားတွေကို ဆက်ပြီး စော်ကား ဇောင်းကြွနေသောကြောင့် တချိန်က ကျွန်တော်ရေးတင်ခဲ့ဖူးသော သူ့အကြောင်းကို ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။

    ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အခွင့်ရေးသမား မင်းသား နေအောင် အကြောင်း။

    ကျွန်တော်သည် ပုဂ္ဂိုလ်ရေးဆန်သည့် စာများကို မရေးလို။ ရေးခဲ့လျှင်လည်း ထူးထူးခြားခြား လေးစားရသည့် မိတ်ဆွေများ၏ ကောင်းကွက် အကြောင်းများကိုသာ ရေးဖြစ်သည်။

    သို့သော် မအလ အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံနေကြသည့် လူများကိုတော့ မိတ်ဆွေရင်း ဖြစ်နေပါစေ ဘာမျက်နှာမှ မထောက်ဘဲ ရေးသင့်တာကို ရေးမည်ဖြစ်သည်။

    သူတို့သည် အကြမ်းဖက်စစ်အုပ်စုကို အသက်ဆက်ပေးနေကြသော ဒေါက်တိုင်များဖြစ်ကြသည်။

    ထိုလူများနဲ့ မိတ်ပျက်သွားလည်း ကိစ္စမရှိ။ သူတို့နဲ့ ထိုက်တန်သော ပြစ်ဒဏ်ကို ပေးရမည်ဖြစ်သည်။

    ရုပ်ရှင်မင်းသားနေအောင်သည် နှစ်ပေါင်းများစွာကထဲက အကြမ်းဖက်စစ်အုပ်စုကို အရိုးစွဲအောင် အားပေးထောက်ခံ ကူညီခဲ့သောလူဖြစ်သည်။

    ပြည်တွင်းရှိ အနုပညာသမားများ ထဲတွင် စစ်အုပ်စု နဲ့ပတ်သက်၍ ၃ မျိုး ၃ စားရှိသည်။

    ၁- စစ်အုပ်စုကို ကြိုက်၍ အားပေးထောက်ခံပြီး စစ်အုပ်စုအလိုကျ ဖိတ်သမျှ ပွဲတိုင်း တက်တက်ကြွကြွ တက်၍ အားပေးကူညီနေကြသူများ။

    ၂- စစ်အုပ်စုကို ကြိုက်တော့မကြိုက်။ သို့သော် ဖိတ်သမျှ ပွဲတိုင်းကို ကြောက်လို့ တက်ရောက်နေကြသူများ။

    ၃- စစ်အုပ်စုကို လုံးဝမကြိုက်သလို ပွဲတက်ဘို့ ဖိတ်ကြားလာခဲ့လျှင်လည်း အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆန်ပြီး မတက်ရောက်ကြသူများ။ ( ထိုလူများကို လေးစားသည် )

    ထိုအုပ်စု ၃ စုထဲတွင် နေအောင် သည် နံပတ် ၁ အုပ်စုဝင် ဖြစ်သည်။

    သူနဲ့ တစ်အုပ်စုထဲ ခံယူချက်တူ လူတွေက စိုးမြတ်သူဇာတို့ညီအမ၊ ရန်အောင် ၊ ခန့်စည်သူ ၊ မေသဉ္စာဉီး ၊ ဒိန်းဒေါင် ၊ အောင်ခိုင် ၊ငြိမ်းချမ်း ၊ ခင်လှိုင် ၊ မိုးဒီ ၊ ယုန်လေး တို့ဖြစ်သည်။ အခြားလူတွေလည်း များစွာရှိကြသေးသည်။

    စစ်အုပ်စုကို ကြောက်လို့ ဆက်ဆံ နေရသူ နဲ့ ကြိုက်လို့ဆက်ဆံနေကြသူများ ထဲတွင် နေအောင်သည် ကြိုက်လို့ကို အားပေးထောက်ခံ ကူညီနေသူဖြစ်သည်။

    အရင်ရက်က ကြံ့ဖွတ်ပါတီခေါင်းဆောင် ခင်ရီ နဲ့ နေအောင်ဉီးဆောင်တဲ့ ဖက်ခွက်စား ရေပေါ်စီ ရုပ်ရှင်အုပ်စုတွေ တွေ့ခဲ့ကြသည်။

    ရွှေးကောက်ပွဲမှာ ကြံံဖွတ်ပါတီ အောင်နိုင်ရေးအတွက် ကူညီပေးရန် တွေ့ဆုံကြခြင်းဖြစ်သည်။

    အရင်က နေအောင့်စိတ်ဓါတ် ဘယ်လိုအောက်တန်းကျကျ ရေးဘို့အစီအစဉ်မရှိ။

    အခုနောက်ပိုင်း မအလ စစ်အုပ်စု နဲ့ ခပ်စိတ်စိတ် ပူးတွဲပြီး ပွဲတိုင်းကျော် လုပ်လာသောကြောင့် ပြည်သူကို ဒုက္ခပေးမည့် ဆူးတစ်ချောင်း ဟုမြင်လာ၍ ယခုစာကို ရေးခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ်ကသီတဂူဆရာတော် ဖလော်ရီဒါပြည်နယ်ရှိ သီတဂူဘုန်းကြီးကျောင်းသို့ ကြွလာသည်။

    သူနဲ့အတူ မြန်မာပြည်မှ လုပ်ငန်းရှင် အမာခံ ဒကာအရင်းများကို ခေါ်လာခဲ့သည်။

    ထိုခရီးစဉ်၌ မြန်မာပြည်မှ ပါလာကြသည့် ဒကာ အုပ်စုက လူတော်တော်များသည်။

    ပါလာကြသည့် လူများကို တိတိကျကျ ပြောရလျှင် –

    အောင်သောင်း ကုမ္ပဏီ နှင့် ရန်ကုန် ထရန်စဖေါ်မာ ကုမ္ပဏီပိုင်ရှင် ဉီးမောင်သောင်း နှင့် ဇနီး နဲ့ သမီး အပါအဝင် ၃ ဉီး။

    ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဉီးတင်အေး။

    ရုပ်ရှင်မင်းသား နေအောင် ။

    ထိုစဉ်က ရန်ကုန် သီတဂူအဖွဲ့ အတွင်းရေးမှုး လှဆန်းယဉ် ကိုမြင့်အောင် ( ရုပ်ရှင်မင်းသမီး စိုးမိုးကြည် ၏ ခင်ပွန်း ) ။

    ရန်ကုန် သီတဂူ အဖွဲ့ ဘဏ္ဏာရေးမှုး ကိုဘာဘူ ( ရွှေဘုံသာလမ်းရှိ ဆင်းဘရားသား ဆေးဆိုင်ပိုင်ရှင် ) ။

    သီလရှင် ဆရာလေး တစ်ပါး အပါအဝင် စုစုပေါင်း ၈ ဉီးကို သီတဂူက အမေရိကသို့ ရောက်ဘူးစေရန်အတွက် မြန်မာပြည်မှ အလည်ခေါ်လာခဲ့ခြင်းဖြစ်သည်။

    ထိုစဉ်က သီတဂူဆရာတော် နှင့်ကျွန်တော်သည် ဆရာ / ဒကာ ထက်ပိုသော ချစ်ခင် ရင်းနှီးသည့် ဆက်ဆံရေးမျိုးဖြစ်သည်။

    ယခုတော့ နိုင်ငံရေး ခံယူချက် မတူမှု့ကြောင့် ဆရာ တပည့် လမ်းခွဲခဲ့သည်။

    ထိုအဖွဲ့ကြီး ဖလော်ရီဒါသို့ စရောက်လာသောနေ့တွင် ကျွန်တော်က လေဆိပ်သို့ သွားကြိုသည်။

    သီတဂူဆရာတော်အပါအဝင် ပါလာသည့် လူအုပ်စုက များသည့်အတွက် ကျွန်တော်အပါအဝင် နယ်ခံမိတ်ဆွေ ၃ ဉီးက ကား ၃ စီးဖြင့် သွားကြိုသည်။

    တည်းခိုမည့် ဘုန်းကြီးကျောင်းသို့ ရောက်သည့်အခါ သီတဂူဆရာတော်က ကျွန်တော့်အား

    “ စိန်မြင့်အောင် မြန်မာပြည်က ပါလာတဲ့ ငါ့တပည့်တွေကို မင်းတို့ဖလော်ရီဒါမှာ နေရာစုံ ရောက်အောင် မင်း တာဝန်ယူ လိုက်ပို့ပေးလိုက်ကွာ “

    ဟု ပြောသည်။

    လေယဉ်ကွင်းမှ ကြိုဆိုလာပြီး တည်းခိုမည့် ဘုန်းကြီးကျောင်းရောက်သည်နှင့် အခွင့်ရေးသမား ကိုနေအောင်က ဇာတိ စပြတော့သည်။

    “ ညီလေး မြန်မာပြည်က အကို့အိမ်နဲ့ စကားပြောချင်လို့ ဖုန်းခေါ်ပေးပါလား “

    “ ရပါတယ်အကို ဘိုက်ဗာနဲ့ လား ? နံပတ်ပြောလေ “

    “ ဘိုက်ဘာနဲ့ မဟုတ်ဘူး အကို့အိမ်က ကြိုးဖုန်းနံပတ်ကို ခေါ်ချင်တာ “

    “ ဟာ – မြန်မာပြည်က ကြိုးဖုန်းကို ကျွန်တော့် ဒီကဖုန်းနဲ့ တိုက်ရိုက်ခေါ်ရင် တစ်မိနစ်ကို ၂ ဒေါ်လာလောက် ယူတယ်အကို စျေးအရမ်းကြီးတယ် “

    ထိုစဉ်က အမေရိကမှ မြန်မာပြည်ရှိအိမ်ဖုန်း ကြိုးဖုန်းများကိုတိုက်ရိုက်ခေါ်လျှင် ယူသည့်စျေးဖြစ်သည်။

    “ ခဏလေးဘဲ ပြောမှာပါ ညီလေးရာ လုပ်ပါ။ ဖလော်ရီဒါကိုရောက်ပြီဆိုတာ မြန်မာပြည်က မိသားစုတွေကို အသိပေးရုံလေးပါ ။ အလွန်ဆုံးကြာ ၁ မိနစ် ၂ မိနစ်လောက်ပါဘဲ “

    “ OK အဲဒါဆို အကို့အိမ်ဖုန်းနံပတ်ပေး “

    ကျွန်တော့်ဖုန်း နဲ့ ခေါ်ပေးလိုက်သည်။

    သူ့မိန်းမ နဲ့ ပြောသည်။ သူ့သမီးနဲ့ပြောသည်။ သူ့သမက် နဲ့ပြောသည်။ သူ့မြေး နဲ့ ပြောသည်။

    စုစုပေါင်း ၂၅ မိနစ်ခန့်ကြာအောင်ပြောသည်။ လုံးဝ အားနာမှု့မရှိ။

    နောက်ဆုံး ဘေးမှာရှိနေသည့် အကိုကြီး ကိုမြင့်အောင်က

    “ ဟေ့လူ တော်ပြီလေ – သူများဖုန်းကို အားနာ မှပေါ့ “ ဟု ဝင်ပြောလိုက်တော့မှ ရပ်သွားသည်။

    ကျွန်တော် ဒေါ်လာ ၅၀ ခန့်ထွက်သွားသည်။

    ဖုန်းပြောပြီးသည့်အခါ နောက်ထပ် အခွင့်အရေးတစ်ခု ဆက်ပြီးတောင်းဆိုလာပြန်သည်။

    “ ညီလေး အကို့ရဲ့ Cross ဘောပင် မှင်ချောင်းလဲချင်လို့ ဝယ်လို့ရမယ့်ဆိုင် လိုက်ပို့ပေးပါလား ။ မြန်မာပြည်မှာ အဲဒီ Cross မှင်ချောင်းက ဝယ်လို့မရလို့ “

    “ ရပါတယ် အကို ကျွန်တော်လိုက်ပို့ပေးမယ် “

    Cross မှင်ချောင်းရနိုင်မည့် Office Depot ဆိုင်သို့ ကားမောင်း၍ လိုက်ပို့ပေးလိုက်သည်။

    သူလိုချင်သည့် မှင်ချောင်းရပြီး၍ ငွေရှင်းကောင်တာသို့ ရောက်သည့်အခါ ဟိုလိုလို ဒီလိုလို နဲ့ မယောင်မလည်လုပ်၍ ငွေကို ချက်ချင်းမထုတ်ဘဲ ကျွန်တော့်အပေးကို စောင့်နေသည်။

    ငွေရှင်းကောင်တာမှ အမျိုးသမီးက ဘာလုပ်မှာလဲ ဆိုသည့်အကြည့်နဲ့ စောင့်နေသည်။

    သူ့အစား ကျွန်တော်ရှက်သွားသည်။ နောက်ဆုံး မနေနိုင်သည့် ကျွန်တော်က ဝင်ရှင်းပေးလိုက်ရသည်။

    Cross မှင်ချောင်း ဘယ်လောက်တန်မှာလဲ ? ၄/၅ ဒေါ်လာပေါ့။

    ဒါပေမယ့် သူ စီးပိုးသည်။ ရသမျှ အခွင့်အရေးအကုန်ယူသည်။

    မှင်ချောင်း ဝယ်ပြီး၍ ဘုန်းကြီးကျောင်း ပြန်ရောက်လာသည့်အခါ

    “ ညီလေး အကို ဗိုက်ဆာလာလို့ စားစရာ တစ်ခုခု ကျွေးပါလား “

    “ ရတယ် အကို “

    ဟု ပြောပြီး ဘုန်းကြီးကျောင်း ရှိ ကွက်ကီး မုန့်ထုပ် တစ်ထုပ်ကို ယူပေးလိုက်သည်။

    ခဏနေလျှင် သူတို့ဧည့်သည်အုပ်စုအားလုံးကို စားသောက်ဆိုင်တွင် ညစာ လိုက်ကျွေးရန် ကျွန်တော်တို့နယ်ခံတွေက စီစဉ်ထားပြီးဖြစ်သည်။

    ကျွန်တော်ပေးလိုက်သည့် ကွက်ကီးမုန့်ကို စားပြီးသည့်အခါ ကိုနေအောင်က

    “ ညီလေး အဲဒီမုန့် အရမ်းကောင်းတယ်ကွာ အကို မြန်မာပြည်ကို ယူသွားချင်လို့ နည်းနည်းလောက် ထပ်ပေးပါအုံး လား “

    ကျွန်တော် တော်တော် အံ့ဩသွားသည်။

    “ အကို အဲဒီမုန့်တွေက ကျောင်းက ဘုန်းကြီးတွေ အတွက် သူများ လာလှုထားတာ ။ အကို ဗိုက်အရမ်းဆာနေတယ်ဆိုလို့ ကျွန်တော်က အဆာပြေစားရအောင်လို့ တစ်ထုပ် ယူပေးလိုက်တာ ။
    မြန်မာပြည်သယ်သွားဘို့အထိတော့ ပေးလို့မရဘူး။ မုန့်အလှု့ရှင် သိရင် မကောင်းဘူးလေ “

    “ အေးပါကွာ အဲဒါဆိုလည်း ဝယ်လို့ ရမယ့်ဆိုင်ကို ပြန်ခါနီးကြရင် လိုက်ပို့ပေးနော် “

    ဟု အရှက်ပြေစကားပြန်ပြောသည်။

    ရုပ်ရှင်မင်းသားနေအောင်ဆိုတာ ဒီလိုမျိုးပါလား ဟု ကျွန်တော် မှတ်မှတ်ထင်ထင် သိလိုက်ရသည်။

    အခုမှ စရောက်လာပြီး အခုမှ စတွေ့ဘူးသည့် လူတွေအပေါ်တွင် သူမျက်နှာမပူ။ အားမနာတတ်။

    ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းသည်။

    သီတဂူဆရာတော်၏ တာဝန်ပေးမှု့အရ နောက်တနေ့ မနက်ပိုင်းမှစပြီး ကျွန်တော်၏ ဆိုင်အလုပ်များကို အလုပ်သမားများနှင့် ထားခဲ့ပြီး ဧည့်သည်များကို ဖလော်ရီဒါ ဒေသန္တရ ပို့ဆောင်ရေးကို အကျိုးဆောင်ရသည်။

    ပထမဆုံး လိုက်ပို့မည့်ခရီးက ဖလော်ရီဒါ ပြည်နယ်ရှိ နာမည်ကြီး Key West ကျွန်းမြို့ လေးသို့ဖြစ်သည်။

    ဘုန်းကြီးကျောင်းကနေ ကား ၄ နာရီခန့် မောင်းရမည်ဖြစ်သည်။

    ဧည့်သည်များကို ခေါ်ရန် မနက် ၆ နာရီခန့် အိမ်ကနေ ဘုန်းကြီးကျောင်းသို့ပြန်ရောက်သည်။

    ဧည့်သည်များသည့်အတွက် SUV ကား ၂ စီး ဖြင့် ပို့သည်။

    တစ်စီးက ကျွန်တော့်ကား ကျွန်တော်မောင်းသည်။ နောက်တစ်စီးက ဘုန်းကြီးကျောင်းပိုင်ကား ။ ကျောင်း ရှိ ဉီးဇင်း တစ်ပါးက မောင်းသည်။

    ကျွန်တော့်ကားပေါ်တွင် ကိုမြင့်အောင် ကိုဘာဘူ နဲ့ ကို နေအောင် တို့က လိုက်ကြမည်ဖြစ်သည်။

    ကျန်သည့်လူများက ဘုန်းကြီးကျောင်း ကားပေါ်တွင် လိုက်ကြမည်။

    ဘုန်းကြီးကျောင်းမှ စထွက်ခါနီးအချိန် ကျွန်တော့်ကား ခေါင်းခန်းတံခါးကို နေအောင်က စဖွင့်သည်။ သူခေါင်းခန်းမှာထိုင်မည်ပေါ့။

    ထိုအခါ ကိုမြင့်အောင်က ခေါင်းခန်းတံခါးကို ဖွင့်နေသည့် နေအောင့် လက်ကို တွန်းဖယ်လိုက်သည် ။

    “ သွား ခင်ဗျား နောက်ခန်းမှာ သွားထိုင် “

    ကျွန်တော် မျက်နှာပူသွားသည်။

    နေအောင် ခပ်ကုတ်ကုတ် နဲ့ ထွက်သွားပြီး ကျွန်တော့်ကား နောက်ခန်းတွင် ကိုဘာဘူ နဲ့အတူ သွားထိုင်သည်။

    နောက်မှ ကျွန်တော် သဘောပေါက်သွားသည် ။ သူတို့ မြန်မာပြည်က စထွက်လာကထဲက နေအောင်ရဲ့ အခွင့်အရေးယူမှု့ အမြတ်ထုတ်မှု့ စီးပိုးမှု့ အားမနာတတ်မှု့ အလိုက်မသိမှု့တွေကို ရက်ရှည် အတူထွက်လာကြသည့် ကိုမြင့်အောင် ကိုဘာဘူ နဲ့ အခြားလူများက မြင်ပြင်းကတ် ကြည့်မရ ဖြစ်နေကြခြင်း ဖြစ်သည်။

    Key West သို့သွားရန် ကား စထွက်သည်နှင့် ပြဿနာက စပါတော့သည်။

    ကိုမြင့်အောင်က စကားကို ဘွင်းဘွင်းရှင်းရှင်းပြောတတ်သည်။ သူမှန်သည်ထင်လျှင် ဘယ်မျက်နှာမှမထောက်။ ဒဲ့ဒိုးအိုးပေါက် ပြောတတ်သည်။ အားမနာတတ်။

    “ ကိုနေအောင် ခင်ဗျား အချောင်နှိုတ် ဒိုင်ပင်ထိုး ဂုန်းဆင်းနေတာ များနေပြီ။

    အစကထဲက ဒီခရီးစဉ်မှာ ခင်ဗျားပါတာမဟုတ်ဘူး။ သီတဂူ အဖွဲ့ နဲ့ ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး။ US ဗီဇာ တင်တုန်းကလည်း ခင်များနာမည် ပါတာမဟုတ်ဘူး။

    သွားခါနီးကြတော့မှ ဆရာတော်ကို ခင်ဗျား အတင်း ဝင်လုံးပြီး အမေရိကကို ရောက်ဖူးချင်လို့ပါဆိုပြီး ခွေးတိုးပေါက်က လိုက်လာတာ ။

    ပြီးတော့ ဖလော်ရီဒါ ဘုန်းကြီးကျောင်း မရောက်ခင် တခြားပြည်နယ်တွေက ဘုန်းကြီးကျောင်းတွေ ရောက်ခဲ့စဉ်တုန်းကလည်း ပြန်ခါနီးမှာ လူတွေအားလုံးက နိုင်သလောက်လှုခဲ့ကြတယ်။

    ခင်ဗျားတစ်ယောက်ထဲဘဲ အရှုးကွက်နင်းပြီး တစ်ပြားမှ မလှုခဲ့ဘူး။

    စားစရာရှိတော့ ဘုန်းကြီးကျောင်းက ဟာတွေကို အားမနာတမ်း နင်းကန် စားတယ် ။

    ခင်ဗျား မရှက်ပေမယ့် ခင်ဗျား အစား ကျုပ်ရှက်တယ် “

    ဒဲ့ဒိုး အိုးပေါက် အားမနာတမ်း ပြောတတ်သည့် ကိုမြင့်အောင်သည် နေအောင့် အပေါ် တစ်လမ်းလုံး အစာမကြေဖြစ်ခဲ့သည်များကို ပေါက်ကွဲ ရင်ဖွင့်ပါတော့သည်။

    ကိုဘာဘူကလည်း ကိုမြင့်အောင်ဘက်က ဝင်၍ ထောက်ခံသည့်စကားများဝင်ပြောသည်။

    နေအောင်ကလည်း ဒီလိုမဟုတ်ပါဘူး။ ဟိုလိုမဟုတ်ပါဘူး ဆိုပြီး လေပျော့လေးနဲ့ ပြန်ရှင်းပြသည်။

    နေအောင်က ဆင်ချေတွေပေးပြီး ပြန်ရှင်းလေ ကိုမြင့်အောင် နဲ့ ကိုဘာဘူ တို့က ပိုပေါက်ကွဲပြီး ပိုပြောလေ ဖြစ်နေကြသည်။

    ကားထဲမှာ သူတို့၏ အခြေအတင် ငြင်းခုန် သံများက ပွက်လောရိုက် ဆူညံနေသည်။

    ကားမောင်းနေသည့် ကျွန်တော့်ကို နေအောင်က အားကိုးသည့် မျက်နှာလေးနဲ့ စစ်ကူလှမ်းတောင်းသည်။

    ဝင်တား ဝင်ဟန့်ပေးဘို့ ဖြစ်သည်။

    ထိုစဉ်က နေအောင် ဖြစ်နေသည့် မျက်နှာငယ်လေးကို ကျွန်တော် ဘယ်တော့မှ မမေ့။ ယခုအချိန်ထိ မှတ်မိနေဆဲဖြစ်သည်။

    သူတို့ ဖလော်ရီဒါ မရောက်ခင်က ဖြစ်လာခဲ့ကြသည့် ပြသနာ အတိမ်အနက် အစ အဆုံးကို ကျွန်တော်လည်း လိပ်ပတ်လည်အောင် နားမလည်။ မသိပါ။

    ကျွန်​တော် သိလိုက်သည်က​တော့ နေ​အောင်သည် အ​မေရိကကို သီတဂူအဖွဲ့နဲ့ အတူလိုက်ရလျှင် အ​မေရိကမှာ ဟိုတည်ခ စားစရိတ် သွားလာစားရိတ် ပြန်သည်အထိ အားလုံး Free ဖြစ်မည်။ သူ့အိပ်ထဲက တစ်ပြားမှ ကုန်စရာမလို ။

    ဒီအကွက်ကို မြင်သည့်အတွက် ဂုန်းဆင်းသမားပီပီ သီတဂူအဖွဲ့နဲ့ အတူ အပါ လိုက်လာခဲ့ခြင်းဖြစ်သည်။

    ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ အားကိုးတကြီး ကြည့်၍ စစ်ကူတောင်းနေသော နေအောင် ထွက်ပေါက်ရ သက်သာ စေရန်အတွက်

    “ အကိုတို့ရာ တော်ကြပါတော့ — နားတွေလည်းငြီးလှပါပြီ– ပျော်စရာခရီးက ပျော်စရာ မကောင်းဘဲ စိတ်ညစ်စရာတွေဖြစ်နေပြီ “

    ဟု ကျွန်တော်က ဝင်ပြောလိုက်သည့်အခါ ကိုမြင့်အောင် နဲ့ ကိုဘာဘူတို့လည်း ကျွန်တော့်ကို အားနာသောကြောင့် ဆက်မပြောတော့ပါ ။

    ကျွန်တော်လည်း သူတို့ အာရုံ ပြောင်းစေရန်အတွက် တခြားအကြောင်းအရာများကို စကားမရှိ စကားရှာပြီး ပြောရပေတော့သည်။

    ထိုအခါမှ ဂုန်းဆင်းကြီး နေအောင်လည်း စိတ်သက်သာရာ ရသွားပြီး ကျွန်တော့်ကို ကျေးဇူးတင်သည့် မျက်နှာငယ်လေး နဲ့ နောက်ခန်းကနေ လှမ်းကြည့်နေတာကို ကား ဘက်မှန်ထဲက လှမ်းမြင်နေရသည်။

    နေအောင် ၏ အချောင် ဂုန်းဆင်းမှု့တွေများမှု့ကြောင့် ကားပေါ်မှာ တစ်
    လမ်းလုံး ပြသနာတွေ ဖြစ်လာလို့မှ မကြာခင် ဗီဇစွဲနေသည့် နေအောင် ၏ ဇာတိရုပ်က ထပ်ပေါ်လာပြန်သည်။

    သူတို့ စကားတွေများပြီးမကြာခင် လမ်းဘေး ဓါတ်ဆီဆိုင် တစ်ဆိုင်သို့ ဝင်၍ ကျွန်တော့်ကားကို ဆီဝင်ဖြည့်သည်။

    သူတို့လည်း ခြေဆန့် လက်ဆန့် အပေါ့အပါး သွားကြသည်။

    ထိုစဉ် နေအောင်က ဓါတ်ဆီဆိုင်အတွင်းရှိ ကော်ဖီဘားမှ ကော်ဖီတစ်ခွက် သွားယူသည်။ မုန့်တစ်ခုယူသည်။

    ငွေပေးကောင်တာ အရောက်တွင် သူယူထားသည့် ကော်ဖီခွက်နဲ့ မုန့်ကို ကျွန်တော့်လက်ထဲသို့ လာထိုးပေးသည်။

    ဆိုလိုသည်က ကျွန်တော် ငွေ ပေး ပေါ့။

    ဪ ဒီလူနဲ့တော့ ဒုက္ခပါဘဲ။

    ကော်ဖီတစ်ခွက် ၂ ဒေါ်လာလောက်ကိုတောင် ဂုန်းလာဆင်းနေပြန်ပြီ။

    စောစောကမှ ဒီအပြုအမူတွေကြောင့် ဟိုလူတွေနဲ့ ပြသနာဖြစ်ထားကြတာ ပူပူနွေးနွေး ။ ဒါလည်း မမှတ်သေးပါလား ။

    ထိုမြင်ကွင်းကို ဟိုလူတွေမမြင်လို့ပေါ့ ။ မြင်ရင် ပြသနာတွေ ထပ်ဖြစ်ကြလိမ့်အုံးမည်။

    ကိုမြင့်အောင်တို့ ကိုဘာဘူတို့ မမှားပါလား ဆိုတာ ကျွန်တော် ပို၍ သိလိုက်ရသည်။

    Key West ရောက်သည့်အခါ ကိုနေအောင်က ကျွန်တော့်ကို

    “ ညီလေးရယ် အကို့ကို ကာကွယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွာ ။

    ညီလေးရဲ့ ကူညီ စောင့်ရှောက် ကျွေးမွေး မှု့တွေကို အကို ဘယ်တော့မှ မမေ့ပါဘူး “

    ဟု ပြောသည်။

    ထိုစကား ကြားတော့ ကျွန်တော် ပြုံးမိသည်။

    ရုပ်ရှင်လောက လူတွေ ။ အထူးသဖြင့် နာမည်ကြီး ဆယ်လီဆိုသည့် လူတွေအကြောင်းကို ကောင်းကောင်းသိနေလို့ဖြစ်သည်။

    တော်တော်များများက စားပြီး နားမလည်တွေ များသည်။

    ရောက်တဲ့ နေရာတိုင်းမှာ မင်းသား မင်းသမီး ဆိုပြီး လူတွေက သူတို့ကို ဝိုင်းမ ။ ဝိုင်းဖား ။ ကျွေးချင် ပေးချင်ကြတဲ့ လူတွေကများသည်။

    ဒီနေရာမှာ စားပြီး ၍ နောက်နေရာ ရောက်ရင် နောက်ထပ် မ မယ့် ဖားမယ့် ကျွေးချင်တဲ့ လူတွေများစွာက စောင့်နေကြအုံးမည်။

    ထိုအခါ အရင် ဖားခဲ့ မ ခဲ့ ကျွေးခဲ့တဲ့လူတွေဆိုတာ သူတို့ခေါင်းထဲမှာ မရှိတော့ပါ ။

    မင်းသား/ မင်းသမီးရှုး တွေကသာ ဒီသဘောတွေကိုမသိ၍ ဖားနေ မ နေ ကြခြင်းဖြစ်သည်။

    ဒီသဘော ဒီအထာတွေကို သိနေသည့်ကျွန်တော့်အတွက် ကိုနေအောင် ပြောလာသည့်

    “ ညီလေး ကျေးဇူး ဘယ်တော့မှ မမေ့ပါဘူး “ ဆိုသည့်စကားကို စိတ်ထဲက ပြုံးမိပြီး လေထဲမှာ ဖျောက်ဖျက်ပြစ်လိုက်သည်။

    ကိုနေအောင်သည် မသိမသာ နဲ့ တစ်မျိုး သိသိသာသာတစ်မျိုး အလွန်ကြွားတတ်သည်။

    “ ညီလေး အကိုက ရန်ကုန်မှာ ဆူနီယံပတ်မှာ နေတာကွ ။ သမက်က ဆရာဝန်လေ ။ ကို့ညီ မြန်မာပြည်ပြန်ရောက်ရင် အကို့ဆီဖုန်းဆက်နော် — ကို့ညီ ဘာဖြစ်ချင်လည်းပြော — အကို အကုန်ကူညီပေးမယ် “

    ဆိုသည့်စကားကို ဖလော်ရီဒါက မပြန်ခင် မကြာမကြာ ကျွန်တော့်ကို ပြောခဲ့သည်။

    ဆူနီယံပတ် ဆိုသည့်စကားကိုလည်း အပ်ကြောင်းထပ်အောင်ပြောသည်။

    ကျွန်တော်က ပြုံး၍ဘဲနေလိုက်သည်။

    သူနဲ့တွေ့ပြီး နောက်ပိုင်း ကျွန်တော် မြန်မာပြည်မကြာခဏ ပြန်ရောက်သည်။

    ယနေ့အချိန်ထိ ဘယ်တော့မှ သူ့ဆီ ဖုန်းမခေါ်။ မဆက်သွယ်ခဲ့ပါ။

    သူနဲ့တွေ့စဉ်မှာ သတိထားမိလိုက်သည့် အဓိက အချက်ကတော့

    တပ်မတော်တို့ ။

    နိုင်ငံတော်အကြီးအကဲတို့ ။

    တပ်ချုပ်ကြီး တို့။

    ပြည်ခိုင်ဖြိုးပါတီတို့။

    “ အမျိုးဘာသာ သာသနာ “ ဆိုသည့်စကားလုံးတွေကို သူ့ပါးစပ်ကတွင်တွင်ပြောခြင်းဖြစ်သည်။

    နားကြားပြင်းတော်တော်ကပ်စရာ ကောင်းသည်။

    ထိုစဉ်ကထဲက ဒီလူဟာ အကြမ်းဖက် စစ်တပ်ကို အားပေးထောက်ခံနေတဲ့ ကြံ့ဖွတ်ပါတီဝင် မဘသ လူတစ်ဉီး ဖြစ်ကြောင်း ကောင်းကောင်းသိလိုက်ရသည်။

    နဂိုကမှ ဂုန်ဆင်း အခွင့်အရေးသမားမှန်းသိလိုက်ရ၍ လေးစားမှု့ပျောက်ကွယ်နေသည့်အချိန်တွင်

    အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံနေသည့် ကြံ့ဖွတ်ပါတီဝင် မဘသ တစ်ဉီးမှန်း သိလိုက်ရသည့်အခါ ပို၍ ရွံရှာ မုန်းတီးသွားမိပါတော့သည်။

    နောက်တစ်ရက် ဖလော်ရီဒါရှိ နာဆာ Space Center သို့ သွားသည့်အခါ ကိုမြင့်အောင် နဲ့ ကိုဘာဘူတို့ကို ကြောက်၍ ကျွန်တော့်ကားပေါ်တွင် မလိုက်ရဲတော့ပါ။

    အနှစ်ချုပ် ပြောပါမည်။

    ကျွန်တော့် မိတ်ဆွေများထဲက အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံနေကြသော အောက်တန်းစား စိတ်ဓါတ်ပိုင်ရှင် လူတွေအကြောင်းကို ဆက်လက်ပြီး ဖေါ်ထုတ် ရေးသားသွားမည်ဖြစ်သည်။

    ထိုသို့သော လူများနဲ့ မိတ်ဆွေအဖြစ်လည်း မပေါင်းသင်းလို။ ဘာမျက်နှာမှလည်း ထောက်ထားစရာ အကြောင်းမရှိပါ။

    ဒါသည်ပင် တော်လှန်ရေးအတွက် ဆူးညှောင့် ခလုတ်တွေကို ရှင်းနေခြင်း ဖြစ်သည်ဟု မှတ်ယူသည်။

    Henry Aung ( Florida )

    November, 27, 2025

  • ကြံ့ဖွတ်ပါတီ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍ လဲကျသွားမှုကို ဟားတိုက်ရယ်မောသည့် ပြည်သူ ၁ ဦးကို ဖမ်းဆီး

    ကြံ့ဖွတ်ပါတီ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍ လဲကျသွားမှုကို ဟားတိုက်ရယ်မောသည့် ပြည်သူ ၁ ဦးကို ဖမ်းဆီး

    ပေါင်းတလည်မြို့ လမ်းဆုံတွင် ကြံ့ဖွတ်ပါတီ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍ လဲကျသွားမှုကို ဟားတိုက်ရယ်မောသည့် ပြည်သူ ၁ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီး

    ပဲခူးတိုင်း၊ ပေါင်းတလည်မြို့ လမ်းဆုံတွင် ကြံ့ဖွတ်ပါတီ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍ လဲကျသွားမှုကို ဟားတိုက်ရယ်မောခဲ့သည့် ပြည်သူ ၁ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း မြို့နေ ပြည်သူများက ပြောဆိုသည်။

    ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပေါင်းတလည်မြို့ လမ်းဆုံတွင် ကြံ့ဖွတ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်မှာ လေတိုက်၍ လဲကျသွားခဲ့ကြောင်း၊ ထိုသို့ လဲကျသွားမှုကို ပေါင်းတလည်မြို့ပေါ်မှ ပျူစောထီးခေါင်းဆောင် ဝင်းဇော်က လာရောက်ကြည့်ရှုပြီး အနီးအနားမှ ပြည်သူများကို “ဘယ်သူ တွန်းလှဲသနည်း” ဟု လိုက်လံမေးမြန်းကြောင်း၊ အနီးအနားမှ ပြည်သူတချို့ကလည်း လေတိုက်၍ လဲသွားကြောင်း ရှင်းပြကြကြောင်း၊ ထိုအချိန် လမ်းဖြတ်သွားသော ဦးအုန်းမြင့်က ဆိုင်းဘုတ်မလဲစေလိုပါက လက်ဖြင့် ကိုင်ထားသင့်သည်ဟု စနောက်ပြီး ဟားတိုက် ရယ်မောခဲ့ကြောင်း၊ ပျူစောထီးခေါင်းဆောင် ဝင်းဇော်က ရဲကို ဖုန်းဆက်ခေါ်၍ ဆိုင်းဘုတ်လဲမှု အပေါ် စနောက်ဟားတိုက်ရယ်မောသည့် ဦးအုန်းမြင့်ကို ဖမ်းဆီးခိုင်းခဲ့ကြောင်း သိရှိရသည်။

    “ပေါင်းတလည်မြို့မှာ ဘယ်သူမှ အုပ်ချုပ်ရေးမှူးလုပ်မယ့်သူမရှိလို့ ပျူစောထီးခေါင်းဆောင် ဝင်းဇော်က အုပ်ချုပ်ရေးမှူး တက်လုပ်နေတာ။ ကြံ့ခိုင်ရေးဆိုင်းဘုတ် လေတိုက်လို့ လဲတာကို ဘယ်သူလုပ်လဲ ဆိုပြီး လိုက်မေးတယ်။ လေတိုက်လို့ လဲတာလို့ သိရပေမယ့် သူနဲ့ လူချင်းရင်းနှီးတဲ့ ဦးအုံးမြင့် က “ဆိုင်းဘုတ် မလဲကျစေချင်ရင် လက်နဲ့ကိုင်ထားပေါ့ကွာ” ဆိုပြီး လူချင်းသိတော့ စတာ။ အဲဒါကို ဝင်းဇော်က ဦးအုံးမြင့်ကို ခင်ဗျားဘာပြောတာလဲ။ ဘာဖြစ်ချင်တာလဲဆိုပြီး ပေါင်းတလည်ရဲစခန်းကို ဖုန်းဆက်ပြီး ဦးအုန်းမြင့်ကို ဖမ်းခိုင်းတာ။ အခုတော့ ဦးအုန်းမြင့်ကို ဖမ်းသွားပြီ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ယနေ့ညနေပိုင်း လေတိုက်၍ လဲကျသွားသော ကြံ့ဖွတ်ပါတီ၏ မဲဆွယ်ဆိုင်းဘုတ်ကို ပျူစောထီးခေါင်းဆောင် ဝင်းဇော်က ပြန်လည် စိုက်ထူပြီးနောက် ပျူစောထီးနှင့် ရဲတချို့ ကို အစောင့်ချထားကြောင်း သိရှိရသည်။

    ပျူစောထီးခေါင်းဆောင် ဝင်းဇော်မှာ ရဲတပ်ဖွဲ့မှ တာဝန်ထမ်းဆောင်ရင်း အလုပ်ထုတ်ခံထားရသော ရဲတပ်သားဟောင်းတစ်ဦးဖြစ်ပြီး ပေါင်းတလည်မြို့ပေါ်တွင် ကုန်ကားများကို ငွေညှစ် ဖမ်းဆီးခြင်း၊ လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ အမြဲ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် စိုက်ထူထားသော ကြံ့ဖွတ်ပါတီမဲဆွယ် ဆိုင်းဘုတ်တစ်ခု။