Author: Admin-501

  • စောချစ်သူကို လမ်းပြခဲ့သူ

    မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုဒေသတွင် တရုတ်မင်းသား ဝမ်ရှင်း လူကုန်ကူးခံရသည့် သတင်းနှင့်အတူ ရွှေကုက္ကိုသတင်းသည် လည်း ဟိုလေးတကျော်ကျော် ဖြစ်လာခဲ့ပြန်သည်။

    ရွှေကုက္ကိုအရေးအား အာဆီယံကပင် ဖြေရှင်းပေးရန် တရုတ်အစိုးရ တောင်းဆိုလာသလို ရွှေကုက္ကိုနှင့်အတူ နာမည်ကြီး လာသူမှာ နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးချုပ် စောချစ်သူ ဖြစ်သည်။ ဗိုလ်မှူးချုပ် စောချစ်သူသည် ကရင်ပြည်နယ် နယ် ခြားစောင့်တပ်များ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

    စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

    နိုင်ငံရေး စစ်ရေး လေ့လာသူ ကရင်တိုင်းရင်းသားတဦးက “ဗိုလ်ချစ်သူက အစက သူ့မှာ အဆက်အသွယ် မရှိဘူး။ ဗိုလ်ချုပ် မောင်မောင်အုန်းကနေ တရုတ်ပြည်ကို အလည်အပတ်ခရီးဆိုပြီး ခေါ်သွားပြီးမှ ဒီလူတွေနဲ့ မိတ်ဆက်ပေးတာ” ဟု ဆိုသည်။

    ဗိုလ်ချုပ် မောင်မောင်အုန်း ချိတ်ဆက်ပေးမှုဖြင့် တရုတ်- မြန်မာနယ်စပ်တွင် မြင်ခဲ့ရသော ကာစီနိုစီးပွားရေးလုပ်ငန်းများမှာ စောချစ်သူအတွက် အထူးစိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

    စောချစ်သူအနေဖြင့် တရုတ်ပြည်မှပြန်လာပြီးနောက် ကွန်ပျူတာအလုံး ၂၀ ခန့်ဖြင့် အလုပ် လုပ်သည့် လုပ်ငန်းတခုမှ ဝင်ငွေ များစွာရကြောင်း သူနှင့် ရင်းနှီးသော KNLA ခေါင်းဆောင်တဦးအား ပြောပြခဲ့သည်။

    ၂၀၁၂ ခုနှစ်၊ ဩဂုတ်လက တွေ့ရသည့် BGF အရာရှိ ဗိုလ်မှူး မုတ်သုန်နှင့် နယ်ခြားစောင့်တပ် ညွှန်မှူး ဗိုလ်ချုပ် မောင်မောင်အုန်း

    စောချစ်သူသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်တွင်ရှိသော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကွန်မန်ဒိုတပ်ရင်း၌ တပွင့်ဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူ့အနေဖြင့် တိုက်ခိုက်ရေးတပ်တွင်သာ တာဝန်ထမ်းဆောင်ခဲ့ရသည့်အတွက် ပြည်ပအချိတ်အဆက် မရှိ။ ထို့ပြင် စီးပွားရေးလုပ်ငန်းအကြောင်း လည်း သိသူ မဟုတ်ပေ။

    သို့သော် နဝတခေတ် စစ်ထောက်လှမ်းရေးများ၏ သွေးခွဲမှုဖြင့် KNLA မှ ဗုဒ္ဓဘာသာစစ်သည်အချို့ KNU/ KNLA မှ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမည်ဖြင့် ခွဲထွက်ခဲ့ကြသည်။ ထိုကဲ့သို့ ခွဲထွက်သူများထဲတွင် စောချစ်သူလည်း ပါဝင်ခဲ့သည်။

    KNLA မှ ခွဲထွက်ကာ DKBA အဖြစ် ရပ်တည်လာသော KNLA စစ်သားများအား စစ်ထောက်လှမ်းရေးများမှ စီးပွားရေး လုပ်ကွက်များ တရားမဝင်လုပ်ငန်းများ လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ထို့ကြောင့် အချိန်တိုအတွင်း DKBA အနေဖြင့် ကြီးပွားချမ်းသာလာခဲ့ပြီး DKBA စစ်သားများအား လစာနှင့်ရိက္ခာ ပေးနိုင်လာခဲ့သည်။ ဒေသခံ ကရင်လူငယ်များစွာ DKBA ထဲ ဝင်ရောက်လာခဲ့ကာ အင်အားကြီးထွားလာခဲ့သည်။

    DKBA တဖြည်းဖြည်း အင်အားကြီးလာသည်ကို စစ်တပ်က မလိုလားခဲ့ပေ။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ခွဲထုတ်ရန် နဝတ အစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့ဖွဲ့စည်းရန် ဖိအားပေးခဲ့သည်။ DKBA ထဲမှ စောချစ်သူ၊ ဗိုလ်မုတ်သုန်နှင့် ဗိုလ်တင်ဝင်း တို့သည် DKBA မှ ခွဲထုတ်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ၂၀၁၀ တွင် ဖွဲ့စည်းရန် သဘောတူခဲ့သည်။ BGF သည် စစ်တပ်လက်အောက်ခံအဖွဲ့အစည်း တခုဖြစ်သည်။ BGF တပ်ဖွဲ့အား ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခွန်ကောက်ရန် ဂိတ်ဖွင့်ခွင့်ပေးခဲ့သည်။

    ထိုအချိန်က နယ်ခြားစောင့်တပ်ဖွဲ့များ၏ ပထမဆုံးညွှန်ကြားရေးမှူးမှာ ဗိုလ်ချုပ် မောင်မောင်အုန်း ဖြစ်သည်။ BGF တပ်များ၏ တပ်မှူးချုပ်ဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်း ဗိုလ်ချုပ်မောင်မောင်အုန်းသည် ၂၀၀၇ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ အဆိုပါဌာနတွင် တာဝန်ယူစဉ် မြဝတီမီဒီယာ၏ ကြော်ငြာကိစ္စများဖြင့် ပြဿနာတက်ပြီးနောက် နယ်ခြားစောင့်တပ်များ၏ ညွှန်ကြားရေးမှူးအဖြစ် ၂၀၀၈ ခုနှစ်၌ ပြောင်းရွှေ့ခံခဲ့ရသည်။

    ၂၀၀၀ ပြည့်နှစ်က ဗိုလ်ချုပ် မောင်မောင်အုန်း (ယာ) ကို အခမ်းအနားတခုတွင် တွေ့ရစဉ်

    ထို့နောက် ၂၀၁၁ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ဒုဝန်ကြီးဖြစ်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၎င်းမှာဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး၊ ထိုမှတဆင့် ပြန်ကြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ် မောင်မောင်အုန်း၏ သမီးဖြစ်သူ ဒေါက်တာ အိမို့မို့အောင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်၏ သမီးတို့မှာ အလွန် ခင်မင်ရင်းနှီးသူများ ဖြစ်သည်။

    နယ်ခြားစောင့်တပ်များ၏ တပ်မှူးဖြစ်လာသော ဗိုလ်ချုပ်မောင်မောင်အုန်းသည် လောက်ကိုင်မြို့ရှိ ကိုးကန့်နယ်ခြားစောင့် တပ်များမှတဆင့် ကာစီနို ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများနှင့် အဆက်အသွယ် ရခဲ့သည်။ ထို့နောက် ဗိုလ်ချုပ် မောင်မောင်အုန်းသည် စောချစ်သူနှင့်အဖွဲ့အား လေ့လာရေးခရီး ခေါင်းစဉ်ဖြင့်ခေါ်ကာ ကာစီနို ကျားဖြန့် လုပ်ငန်းများ ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်း လုပ်ကိုင်နေသူများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်။

    ထို့နောက် ဗိုလ်ချစ်သူဦးဆောင်သော BGF တပ်မှူးများသည် မြဝတီရွှေကုက္ကိုဒေသတွင် ကာစီနိုလုပ်ငန်းများ စတင်ရန် ပြင်ဆင်ခဲ့သည်။ ထို့အချိန်က မြဝတီမြို့၌ မဲဆောက်မြို့တပ်ခရိုင်ရဲမှူးကြီး၏ဇနီး ဖွင့်ထားသော မြဝတီ Complex လောင်း ကစားရုံတခုသာ ရှိသည်။

    ရွှေကုက္ကိုတွင် လုပ်ကိုင်မည့် လောင်းကစားရုံများ စတင်သည့်အချိန်က အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ရန်ပုံငွေအဖြစ် လုပ်ဆောင်ရန် ဖြစ်သည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လက်အောက်ခံ လုပ်ငန်းတခုအဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချစ်သူတို့ နယ်ခြားစောင့်တပ်မှ အကျိုးအမြတ်၏ ရာခိုင်နှုန်း အနည်းငယ်သာရပြီး စစ်ဗိုလ်ချုပ်များက အများဆုံးရခဲ့ သည်ဟု ဒေသခံ စစ်ရေးနိုင်ငံရေး လေ့လာသူတဦးက ဆိုသည်။

    ရွှေကုက္ကိုစီမံကိန်းများ စတင်သည့်အချိန်တွင် အရှေ့တောင်တိုင်းစစ်ဌါနချုပ်တိုင်းမှူးမှာ နဝတ ခေတ် ဒုတိယအကြီး အကဲဖြစ်သူ ဗိုလ်ချုပ်မောင်အေး၏ တူဖြစ်သူ ဗိုလ်ချုပ် မျိုးမိုးအောင် ဖြစ်သည်။

    ရွှေကုက္ကို စတင်တည်ဆောက်သည့်အချိန်တွင် စစ်ထောက်လှမ်းရေးဟောင်းများထဲမှာ ဗိုလ်မှူး ခင်မောင်ဝင်းနှင့် ဗိုလ်မှူး သန့်ဇင်တို့ အဓိကပါဝင်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး သန့်ဇင်သည် မြဝတီမြို့၏ ထောက်လှမ်းရေး အကြီးအကဲတာဝန်ယူခဲ့သူဖြစ်ပြီး ဗိုလ်မုတ်သုန်နှင့် နီးစပ်သူဖြစ်သည်။ ဗိုလ်မှူး ခင်မောင်ဝင်းမှာ စောချစ် သူနှင့် အနီးကပ် လုပ်ကိုင်သူဖြစ်သည်။ ရွှေကုက္ကိုတွင် စစ်တပ်မှ အငြိမ်းစား ယူထားသည့် ဗိုလ်မှူးအဆင့်နှင့် အထက်အရာရှိများစွာ ရှိသည်။

    NLD အစိုးရလက်ထက်မှစ၍ နာမည်ဆိုးဖြင့် စတင်ကျော်ကြားလာသော ရွှေကုက္ကိုကိစ္စအား NLD အစိုးရက စုံစမ်းစစ်ဆေးရန် ဆောင်ရွက်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏အစီရင်ခံစာတွင် ရွှေကုက္ကိုလုပ်ငန်းတွင် စစ်ဗိုလ်ချုပ်များ ပါဝင်ပတ်သက်နေသည်ကို ဖော်ပြထားသည်။ ရွှေကုက္ကိုကိစ္စ ပတ်သက်သူများထဲတွင် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ယင်းအစီရင်ခံစာကို သိရှိထားသူ တဦးက “ပါဝင်ပတ်သက်တယ်ဆိုတာ ခွဲတမ်းပေးနေရတာကို ပြောတာ” ဟု ဆိုသည်။

    ဗိုလ်ချုပ် မောင်မောင်အုန်းအနေဖြင့် စစ်တပ်မှ အနားယူသွားသည်တိုင် စောချစ်သူအပေါ် အထိုက်အလျောက် သြဇာရှိနေသည်။ ထို့ကြောင့်လည်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စောချစ်သူတို့ နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတို့အဆင်မပြေ ဖြစ်သည့်အခါ စစ်ခေါင်းဆောင်မှ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းအား စောချစ်သူနှင့် သွားရောက် ညှိနှိုင်း ရန် တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးတို့မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့အထိ လာရောက်၍ စောချစ်သူနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။

    ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး စောချစ်သူတို့ ဆွေးနွေးခဲ့စဉ်က မည်သည့်ရလာဒ် ထွက်ခဲ့သည်ကို မသိရှိရပေ။ သို့သော် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး စောချစ်သူတို့ တွေ့ဆုံပြီးနောက်ပိုင်း ဗိုလ်ချစ်သူ၏ BGF မှ ကရင် အမျိုးသား ကာကွယ်ရေးတပ်မတော် (KNA) ပြောင်းမည့်အစီအစဉ်မှာလည်း ကြန့်ကြာနေခဲ့ရသည်။

    စစ်ကောင်စီနှင့် လမ်းခွဲမည်ဟု ကြွေးကြော်ခဲ့သော BGF တပ်များမှာ အခုထိ ပြတ်ပြတ်သားသား မရှိသေးပေ။ သို့သော် ဗိုလ်မှူးကြီး စောချစ်သူမှာ ကမ္ဘာကျော်တယောက် ဖြစ်လာခဲ့လေပြီ။

  • အကြမ်းဖက်စစ်အုပ်စုက ဗုံးသီးတွေ မိုင်းတွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ပြီးတော့ အသုံးပြုနေ

    အကြမ်းဖက်စစ်အုပ်စုက ဗုံးသီးတွေ မိုင်းတွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ပြီးတော့ အသုံးပြုနေ

    အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ၊ မိုင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဆိုပူဇော်လေ့ရှိတဲ့ ပဋ္ဌာန်းစာသားတွေကို ကပ်ပြီးတော့ အသုံးပြုနေတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News – ABN က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

    Arakan Bay News – ABN က ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ အကြမ်းဖက်စစ်အုပ်စုက လက်ပစ်ဗုံးတွေ ၊ မြေမြှပ်မိုင်းတွေ ၊ ဒုံးကျည် တွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ထားတာကို တွေ့မြင်ရပါတယ်။

    အာရက္ခတပ်တော် (AA) က ရက္ခိုင်ပြည်မှာ ၁၄ မြို့ နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် မြို့ပေါင်း ၁၃ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။ ရက္ခိုင်ပြည်မှာ တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင် မြို့တွေပဲ ကျန်ရှိပါတော့တယ်။

    လက်ရှိအချိန်မှာလည်း အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့လည်း အသိပေး ထားပါတယ်။

    စစ်ကောင်စီတပ်က ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သည့် လူသတ်လက်နက်များတွင် ဗုဒ္ဓတရားတော်များအား လွဲမှားစွာ အသုံးပြုနေ

    အကြမ်းဖက် စစ်ကောင်စီသည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်သည့် လူသတ် လက်နက်များတွင် ဗုဒ္ဓ၏ တရားတော်များအား လွဲမှားစွာ အသုံးပြုနေသည်ကို AA ထိန်းချုပ်ထားသည့် စစ်ကောင်စီ တပ်စခန်းများတွင် တွေ့ရသည်။

    ဗုံးသီး၊ ဒုံးကျည်၊ မိုင်း များတွင် ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်များထဲမှ အတ္ထိပစ္စယော၊ နတ္ထိပစ္စယောစာများအား ရေး၍ ကပ်ထားသည်ကို တွေ့ရသည်။

    “အတ္ထိပစ္စယော” ဟူသည်မှာ ထင်ရှားရှိခြင်းဟု အဓိပ္ပါယ်ရသည်။ အကြောင်းတရားက အကျိုးတရားများကို ထင်ရှားရှိခြင်းဖြင့် ကျေးဇူးပြုသည်ကို ဆိုလိုပြီး “နတ္ထိပစ္စယော” ဟူသည်မှာ ထင်ရှားမရှိခြင်းဟု အဓိပ္ပါယ်ရသည်။ အကြောင်းတရားက အကျိုးတရားများကို မရှိခြင်းဖြင့် ကျေးဇူးပြုခြင်းကို ဆိုလိုသည်။

    ဗုဒ္ဓဝါဒသည် သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းစသော အကြမ်းဖက်မှုကို လုံးဝ လက်မခံသော ဝါဒ တစ်ခု ဖြစ်ပြီး အကြမ်းမဖက် ငြိမ်းချမ်းသော ဝါဒ ဖြစ်သည်။

    အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်လက်နက်များဖြင့် နိုင်ငံအနှံ့ အပြစ်မဲ့ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် ဗုဒ္ဓတရားတော်များကိုလည်း လက်နက်များတွင် တလွဲ အသုံးချနေသည်ကို ကန့်ကွက်ကြောင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပြောဆိုနေကြသည်ကို တွေ့ရသည်။

    ဓာတ်ပုံ-အကြမ်းဖက် စစ်ကောင်စီတပ်က ဗုဒ္ဓတရားတော်စာများအား လက်ပစ်ဗုံးသီး၊ ၆၀ ဗုံးသီး၊ မြေမြှုပ်မိုင်းများတွင် ကပ်ထားသည်ကိုတွေ့ရစဥ်/ABN

  • စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

    စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

    စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံး

    မကွေးတိုင်း ၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက စလင်းမြို့နယ်၊ ဆင်းကျုံးကျေးရွာထိပ်ရှိအကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးခန့်ဖြင့် တပ်စွဲပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နံနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ ၈ နာရီခန့်တွင် တစ်ကြိမ်နှင့် ၉ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “အင်အားက ၁၀ ယောက်လောက်ပဲရှိတာ၊ မနက် ၆ နာရီလောက်တစ်ကြိမ်၊ ၈ နာရီခွဲလောက်တစ် ကြိမ်နဲ့ ၉ နာရီကျော်ကျော်လောက်တစ်ကြိမ် ၃ ကြိမ်ချခဲ့တာ၊ ၅ ဦးသေတယ်၊ ၄ ဦးဒဏ်ရာရရတယ်၊ အဲဒီသေဆုံးထိခိုက်စာရင်းက အတည်ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ရှိတယ်၊ ရဲဘော်တွေထိခိုက်မှုမရှိခဲ့ပါဘူး။ တိုက်ခိုက်ခံရပြီးတော့ အင်အားတွေထပ်တိုး ထားတာရှိတယ်။” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်

    မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်

    ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ

    ပဲခူးတိုင်းနှင့်ရခိုင်အစပ် ပန်းတောင်းမြို့နယ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်တိုးချဲ့နေပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ပြည်မြို့နှင့် ဥသျှစ်ပင်မြို့ဘက်မှ စစ်ကား ၂၅ စီးထက်မနည်း အင်အားအပြည့်ဖြင့် ပန်းတောင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာသို့ ဝင်ရောက်လာကြောင်း ၊ အဆိုပါ စစ်ကောင်စီ တပ်သားများသည် ညောင်ခြေတောက်ရွာရှိ ကပစ ၆ နှင့် အမြှောက်တပ်တို့တွင် အင်အားစုဖွဲ့များ လုပ်ဆောင်ထားပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ထို အင်အားစုဖွဲ့မှုတွင် ကွန်မန်ဒိုများလည်း ပါဝင်ပြီး လူအင်အား ၁၀၀၀ ဝန်းကျင် ခန့်ရှိကြောင်း သိရှိရသည်။

    ” ဇန်နဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့ ညပိုင်းတွေမှာ ပြည်မြို့ဘက်ကနေပြီး စစ်ကား ၂၂ စီးနဲ့ ကွန်မန်ဒိုတွေလည်းပါတယ်။ ညောင်ခြေတောက်ရွာကို ပို့ဆောင်လိုက်တယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာလည်း ဥသျှစ်ပင်မြို့ကနေ အရပ်သား ဖောကား ၂ စီးပေါ်မှာ စစ်ခွေး အင်အားအပြည့်နဲ့ ကျန် ၁ စီးကတော့ လက်နက်ခဲယမ်း တင်ဆောင်ပြီး ညောက်ခြေတောက်ရွာကို ထပ်ဝင်ရောက်လာတယ်။ စစ်ခွေးတွေကို ကပစ ၆ နဲ့ အမြှောက်တပ်ထဲမှာ အင်အားစုဖွဲ့ထားတယ်။ စစ်ခွေး အင်အား ၁၀၀၀ လောက်ရှိတယ်။ ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်” ဟု ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။

    ရခိုင်ရိုးမ တောင်တန်း အထက်ရှိ အကြမ်းဖက် စစ်တပ်၏ မိုးထိတောင် စခန်းကို AA က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်များ၊ လက်နက်ခဲယမ်းများနှင့် စစ်သား မသာ အလောင်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း AA က ထုတ်ပြန်ပြီးနောက် စစ်တပ်က ယင်းနေရာကို ပြန်လည် သိမ်းပိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက် စစ်တပ်က ဖွဲ့စည်းထားသော ပျူစောထီးများကိုလည်း လက်နက်များ၊ ငွေကြေးများနှင့် စစ်ယူနီဖောင်းများ ပေးအပ် ထောက်ပံ့နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖွဲ့စည်းထားသော ပျူစောထီးများကို အကြမ်းဖက် စစ်တပ်က တစ်ဦးလျှင် ငွေကျပ် ၂ သိန်း၊ ယူနီဖောင်းများနှင့်လက်နက်ခဲယမ်းများ ပေးအပ်ထောက်ပံ့မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထိုသို့ လုပ်ဆောင်ခြင်းသည် အကြမ်းဖက် စစ်တပ်က ဥသျှစ်ပင်မြို့နှင့် ပန်းတောင်းမြို့တို့တွင် တိုက်ပွဲများ ပြင်းထန်လာပါက စစ်ကူပို့ဆောင်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။

    ” စစ်ခွေးတွေက ဥသျှစ်ပင်နဲ့ ပန်းတောင်းအတွက် ကြိုပြင်နေတဲ့ ပုံစံပဲ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့ ပျူစောထီးတွေကို တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနဲ့ ယူနီဖောင်းတွေ ထောက်ပံ့ပေးနေတာတွေရှိတယ်။ လက်နက် တပ်ဆင်ပေးတဲ့ ပျူစောထီးတွေလည်းရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဓာတ်ပုံ- AA က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ မိုးထိတောင် တပ်စခန်းကို သိမ်းပိုက်ထားစဉ်။

  • ကန့်ဘလူရှိ ကျေးရွာများသို့  စစ်ယာဉ်တန်း၊ စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်း

    ကန့်ဘလူရှိ ကျေးရွာများသို့ စစ်ယာဉ်တန်း၊ စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်း

    ကန့်ဘလူရှိ ကျေးရွာများသို့ စစ်ယာဉ်တန်း၊ စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်းပြီး စစ်မှုထမ်းခိုင်းရန် လူငယ် ၁၀၀ နီးပါးကို စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီး

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နယ်ရှိ ဇီးကုန်းမြို့၊ နဂါးပေါ်ရွာ နှင့် ပုပ္ပါးရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကားများဖြင့် ဝင်ရောက် စီးနင်းပြီး လူငယ် ၁၀၀ နီးပါးကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့မှ မြို့နယ်ရဲမှူးအပါအဝင် ရဲကား ၃ စီးနှင့် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းမှ စစ်ကား ၆ စီးက ဇီးကုန်းမြို့ပေါ် ရောက်ရှိလာပြီး မြို့ပေါ် ရပ်ကွက်အတွင်းရှိ လူငယ်များကို အတင်းအဓမ္မလိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်ကလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်မှ စစ်ကောင်စီ တပ်သားများကလည်း စစ်ကား ၄ စီးဖြင့် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာ အတွင်းကို ကားများဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ငွေနဲ့ ရွေးခိုင်းတာတော့ မကြားသေးဘူး။ လူငယ် လူလတ်ပိုင်းတွေချည်းဆွဲသွားတာ”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ပို့ဆောင်မည်ကို မသိရှိရသေးကြောင်း၊ သားသမီးများ ပါသွားသည့် မိသားစုဝင်များမှာ အရူးတစ်ပိုင်း ဖြစ်နေပြီး မည်သို့ လုပ်ဆောင်ရမည်ကို မသိရှိဖြစ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ကန့်ဘလူမြို့နယ် အတွင်း ပျူစောထီး ခေါင်းဆောင် ဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများကို ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ ကျေးရွာတချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် စတင်လုပ်ဆောင်လာခြင်းဖြစ်ပြီး ကန့်ဘလူမြို့ ဗျူဟာမှူးပင် မသိရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

    ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၉ တွင် တက်ရောက်ရန် စုဆောင်းခံရသည့် လူငယ်များ။