Author: Admin-501

  • AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာ

    AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာ

    AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာပြီး နောက်ထပ် ပွိုင့်စခန်းကုန်းများကို ဆက်လက်ထိုးစစ်ဆင်နေ

    ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်နှင့် ရခိုင်ရိုးမတောင်ကြားလမ်းတစ်ဝိုက်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်အရှိန် မြင့်တက်လာနေပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-(၁၆) တည်ရှိရာ မသုန်ကျေးရွာနှင့် ၅ ကီလိုမီတာဝန်းကျင်အကွာအထိ ချဉ်းကပ်နေရာယူထားပြီဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် ကပစ-၁၆ နှင့် ကပ်လျက်ရှိသည့် ပွိုင့် -၅၀၆ စခန်းကုန်းအနီးအထိ AA ၏ ထိုးစစ် ရောက်ရှိလာခြင်းဖြစ်ပြီး စက်ရုံအတွင်းသို့ ရောက်ရှိရန် စခန်းကုန်း နှစ်ခုခန့်သာ ကျန်ရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

    “ပွိုင့်-၅၀၆ စခန်းကုန်းအထိ AA ရောက်လာတဲ့အတွက် မသုန်ရွာကြားမှာ ပွိုင့်-၃၅၃ စခန်းနဲ့ ပွိုင့်-၂၈၈ စခန်းနှစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က စစ်ရေးအခြေအနေကို သုံးသပ် ပြောဆိုထားသည်။

    စစ်ကော်မရှင်ဘက်ကလည်း AA တပ်ဖွဲ့များ အရေးကြီးစခန်းကုန်းများအနီးသို့ ချဉ်းကပ်လာခြင်းကို တားဆီးရန် ဒရုန်းနှင့် လေကြောင်းပစ်ကူများကို အသုံးပြု၍ အသည်းအသန် ခုခံလျက်ရှိသည်။

    ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်က စစ်ကြောင်းတစ်ကြောင်းလုံး ပြုတ်သွားခဲ့သည့် ပွိုင့်-၆၆၆ စခန်းအနီးသို့ အင်အား ၅၀၀ ခန့်ပါသော စစ်ကြောင်းများဖြင့် ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်း နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

    ပန်းတောင်းတပ်နယ်အတွင်းရှိ မသုန်ကျေးရွာနှင့် ညောင်ကျိုးဘက်သို့ စစ်ကော်မရှင်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ကာ စစ်ကြောင်းများ တိုးမြှင့်စေလွှတ်နေသဖြင့် တိုက်ပွဲ သုံး နေရာထက်မနည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

    အလားတူ စစ်ကော်မရှင်သည် ပဲခူးတိုင်းအနောက်ခြမ်း စစ်ရေးအခြေအနေကို ထိန်းသိမ်းရန်အတွက် ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာအခြေစိုက် ခမရ-၁၀ တပ်အတွင်းသို့ ရန်ကုန်တပ်နယ်မှ အင်အား ၇၀ ခန့်ပါသော စစ်ယာဉ်တန်း သုံး စီးကို ယနေ့တွင် ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။

    ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

  • မုံရွာတွင် စစ်ရေးတင်းမာနေ

    မုံရွာတွင် စစ်ရေးတင်းမာနေ

    မုံရွာတွင် စစ်ရေးတင်းမာနေ၍ မြို့တွင်းမြို့ပြင် လမ်းများ ညပိုင်း သွားလာမှု တော်လှန်ရေးတပ်များက ပိတ်ပင်

    မုံရွာမြို့ပေါ်တွင်မူ စစ်တပ်က ၆ ရက်ဆက်တိုက် လူငယ် ၃၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် သွားလာလှုပ်ရှားနေ၍ မြို့တွင်းမြို့ပြင် လမ်းပိုင်းများကို ညအချိန် သွားလာခြင်းများကို တော်လှန်ရေးတပ်များက ပိတ်ပင်လိုက်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ အတွင်း၊ မြို့အပြင်သို့ လမ်းပိုင်းများကို မည်သည့်ယာဉ် အမျိုးအစားမဆို ည ၇ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကို တော်လှန်ရေးတပ်များက ရက်အကန့်သတ်မရှိ ခေတ္တယာယီ ပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် မုံရွာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက် စစ်ရေးတင်းမာနေပြီး အကြမ်းဖက် စစ်တပ်က အိမ်စီးကားများကို အသုံးပြု၍ ညအချိန် သွားလာခြင်းများ ပြုလုပ်နေကြောင်း၊ ထိုသို့ သွားလာနေခြင်းကြောင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါက ပြည်သူများ ထိခိုက်မှုမရှိစေရန် ကြိုတင် အသိပေး ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    “အဲလမ်းပိုင်းတွေက ကျနော်တို့ အစောပိုင်းတည်းက သွားခြင်းမပြုလုပ်ဖို့ ထုတ်ပြန်ထားတာပေါ့။ မိုင်းကွင်းနေရာတွေလည်း အများအပြားရှိတယ်။ အခုနောက်ပိုင်းက စစ်ရေးလည်း တင်မားနေတာရော စစ်ခွေးတွေက အိမ်စီးကားတွေ အသုံးပြုပြီး ညအချိန် သွားလာနေတာတွေကြောင့် ပြည်သူတွေကို ထပ်မံ အသိပေးချင်လို့ ထုတ်ပြန်ရတာဖြစ်တယ်။ နောက်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ခွေးတွေရှိတဲ့ နေရာတွေကို မသွားကြဖို့နဲ့ စစ်ခွေးတွေ သွားလာလှုပ်ရှားတာတွေကိုလည်း သတင်းပေးကြဖို့ ပြောချင်ပါတယ်” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုသို့ ထုတ်ပြန်ပြီးနောက်ပိုင်း စည်းကမ်းလိုက်နာခြင်းမရှိဘဲ မိမိတို့ သဘောဆန္ဒအလျောက် ဖြတ်သန်းသွား လာ၍ တစ်စုံတစ်ရာကိစ္စ ဖြစ်ပေါ်လာပါက တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း မုံရွာမြို့ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိ ကာကင်းစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးအနားရှိ ကျေးရွာများကိုလည်း စစ်တပ်က ပိတ်ဆို့ပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

    လတ်တလော မုံရွာမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က ၆ ရက်ဆက်တိုက် လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ မုံရွာမြို့ပေါ်တွင် စစ်တပ်က အိမ်စီးကား၊ ၁၂ ဘီးကား များဖြင့် လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားများ ဖြစ်ပြီး လက်ရှိချိန်တွင် လူငယ် အားလုံးကို စစ်ကိုင်းမြို့ တပ်မ ၃၃ တွင် ဖမ်းဆီးထားကြောင်း သိရသည်။

    “မိသားစုတွေ ပိုက်ဆံနဲ့ ပြန်ရွေးလို့ မရဘူး။ စစ်ခွေးတွေက တစ်ရက်ကို လူငယ် ၄၀ လောက်ဆွဲတယ်။ စုစုပေါင်း ၆ ရက်ဆက်တိုက်ဆို စစ်ခွေးတွေဆွဲတာ လူငယ် ၃၀၀ ကျော်ရှိတယ်။ ဖမ်းဆီးထားတဲ့ လူငယ်တွေကို မိသား စုနဲ့လည်း တွေ့ခွင်မပေးဘူး။ လက်ရှိမှာသူတို့ အကုန်လုံးကို စစ်ကိုင်း တပ် ၃၃ တပ်ရင်းထဲမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်” ဟု ဖမ်ဆီးခံထားရသော လူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မြို့အဝင်များတွင် ဘန်ကောက်ဆောက် သဲအိတ်ချ လုံခြုံရေး ယူနေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • လှိုင်မြို့နယ် အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်များအား ဆိုးဆိုးရွားရွား ပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းနေ

    လှိုင်မြို့နယ် အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်များအား ဆိုးဆိုးရွားရွား ပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းနေ

    ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က အမှတ်(၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ လူငယ်တွေကို ဆိုးဆိုးရွားရွား စစ်မှုထမ်းစုဆောင်းတာတွေ လုပ်ဆောင်နေ​တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အဆိုပါ အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ လှိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေသူတစ်ဦးဖြစ်သလို အခြားရပ်ကွက်တွေကနေ ပေါ်တာဆွဲခံရသူတွေကိုလည်း သူ့ရုံးမှာထားပြီးမှသာ စစ်တပ်ဆီ အပ်နှံလေ့ရှိတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ရပ်ကွက်ပေါင်းစုံကနေ အတင်းအဓမ္မဖမ်းဆီလာတဲ့ လူငယ် ၁၀ ဦးကို သူ့ရုံးထဲမှာ ဖမ်းဆီးချုပ်ထားပြီး စစ်တပ်ဆီလွှဲ​ပြောင်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ပြောပြချက်အရ သိရပါတယ်။

    “အဲလူက သူ့ရပ်ကွက်ရုံးကို ဘယ်ကပဲပေါ်တာဆွဲလာဆွဲလာ သူတို့ဆီလာထားရင် တစ်ယောက်ကို ၅ သောင်းပေးတယ်။ လှိုင်မှာက ရပ်ကွက်က ၁၅ ခုလောက်ရှိတယ်။ အဲ့ဒါဘယ်ကပဲခေါ်လာခေါ်လာ သူ့ဆီထားခိုင်းတယ်။ ပြီးမှ ဆေးစစ်ဘာစစ်ပြီး စစ်တပ်ကိုအပ်တယ်” လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကလည်း ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို ရပ်ကွက်ရုံးထဲချုပ်နှောင်ထားပြီး အစားအသောက်မကျွေးတာ၊ ရေချိုးခွင့်မပေးတာနဲ့ မိဘအုပ်ထိန်းသူတွေနဲ့ တွေ့ခွင့်မပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    လက်ရှိမှာ အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီး စစ်မှုထမ်းစုဆောင်းနေတဲ့ အဆိုပါ ရက်ကွက် (၁၁) အုပ်ချုပ်ရေးမှူးဟာ အရင်ကရာအိမ်မှူးတစ်ဦးသာဖြစ်‌ပေမဲ့ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း ရက်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်တယ်လို့ သိရပါတယ်။

    “သူက စစ်မှုထမ်းကိစ္စကို စိတ်ပါလက်ပါလုပ်နတာလေ၊ နဂိုကတည်းက ကြံ့ဖွတ်ထောက်ခံသူဆိုတော့၊ အခုလည်း လူဖမ်းရောင်းစားတာတွေ လုပ်တယ်။ လှိုင်မှာ သူ့ရပ်ကွက်အဆိုးဆုံးပဲ” လို့ လှိုင်မြို့နယ်မှာနေထိုင်သူက မောင်းကို ဆက်ပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း အဆိုပါ အမှတ် (၁၁) ရက်ကွက်ရုံးထဲမှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦး ရုံးပေါ်ကနေ ခုန်ချထွက်ပြေးခဲ့တာကြောင့် တစ်ဦးသေဆုံး နောက်တစ်ဦးက ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါသေးတယ်။

    အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်‌နေ့မှာ အပတ်စဥ် ၁၈ စစ်မှုထမ်းတပ်သားသစ် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး လက်ရှိမှာလည်း စစ်မှုထမ်းအပတ်စဥ် ၂၁ အတွက် အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေကို တစ်နိုင်ငံလုံးမှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

    ပုံစာ – လှိုင်မြို့နယ် မြင်ကွင်းတစ်ခု (ပုံဟောင်း)

  • မုံရွာ နမခ အနီးမှာ စစ်ကောင်ရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

    မုံရွာ နမခ အနီးမှာ စစ်ကောင်ရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

    မုံရွာ နမခ အနီးမှာ စစ်ကောင်ရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး နှစ်ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်မှ နှစ်ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၉ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၇ နာရီကျော်ခန့်မှာ မင်းတဲရွာ ဘုန်းကြီးကျောင်းအတွင်း အထိုင်ချထားတဲ့ ကာကင်းစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မင်းတဲနဲ့ သပြေတော ဖောက်လမ်းပေါ် နမခ နဲ့ ၁ မိုင်ကျော်ခန့်သာဝေးတဲ့ နေရာမှာ ကင်းဝပ်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ နှစ်ပွင့်ဗိုလ် ၁ ဦးနဲ့ ရှေ့ပြေးကင်းထောက် ဆိုင်ကယ်သမား ၂ ဦး နေရာမှာတင် သေဆုံးခဲ့သလို၊ ထော်လာဂျီပေါ်ပါလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ၄ ဦးလည်း ထပ်မံသေဆုံးခဲ့ကာ MA-1 သေနတ် ၂ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ Black Falcon တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် နမခ စစ်ဌာနချုပ်နဲ့ ကျောက်စစ်ပုံ အမှတ် (၅၀၅) အမြှောက်တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို၊ နမခ အတွင်းမှ အင်အား ၂၀၀ ခန့်အပြင် တင့်ကား ၁ စီး၊ သံပြားကာကား ၃ စီးနဲ့ စစ်ကူတက်လာခဲ့ပြီး အဆိုပါစစ်ကူတွေဟာ သေဆုံးဒဏ်ရာရသူတွေကို နမခ စစ်ဆေးရုံသို့ အရေးပေါ်ကား ၂ စီးနဲ့ ပို့ဆောင်ခဲ့ရာမှာ နောက်ထပ် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒုတပ်ကြပ်ကြီး ၁ ဦးလည်း စိုးရိမ်ရဒဏ်ရာနဲ့ သတိလစ်နေတယ်လို့ သိရပါတယ်။

    လက်တလောအရ အဆိုပါ ဒုတပ်ကြပ်ကြီး သေဆုံးသွားပါက အနီးနားရှိ ကျေးရွာမှ ရွာသား ၁၀ ဦးကို သတ်ဖြတ်ပစ်မယ်လို့ စစ်ကော်မရှင်ဘက်က ခြိမ်းခြောက်ထားတဲ့အပြင် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က အင်အား အများအပြားနဲ့ ပတ်ပတ်လည် လုံခြုံရေးတွေချထားပြီး ကျေးရွာအတွင်းမှ လူငယ်တွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကာ ရွာသားတွေကိုလည်း ရွာအပြင်ထွက်ခွင့် ပိတ်ပင်ထားသလို အပြင်လူတွေကိုလည်း ရွာထဲအဝင်မခံဘူးလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုကို Black Falcon တပ်ဖွဲ့နဲ့အတူ ပြည်သူ့လွှတ်မြှောက်ရေးတပ်မတော် PLA၊ မုံရွာခရိုင် အမှတ်(၂၄)တပ်ရင်း တပ်ခွဲ(၃)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF – SRA တပ်ပေါင်းစုအဖွဲ့ဝင်၊ တိုက်နယ်(၅) ပလဖ ၊ ကနောင်မင်းသားကြီးတပ်ဖွဲ့၊ သွေးသောက်ညီကိုတပ်ဖွဲ့၊ Three Star တပ်ဖွဲ့နဲ့ နယ်မြေခံ အမေ့သားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့လို့ သိရပါတယ်။

    စစ်ကော်ရှင်ဘက်ကတော့ တပ်တွင်းမှာ သတင်းတွေ ဖုံးဖိနိုင်ဖို့ ကြိုးစားနေပြီး နမခ ဌာနချုပ်အတွင်း တပ်မ (၃၃) က လုံခြုံရေး အထူးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

  • Starlink ရပ်ဆိုင်းလိုက်၍ ဆက်သွယ်ရေး ပြတ်တောက်

    Starlink ရပ်ဆိုင်းလိုက်၍ ဆက်သွယ်ရေး ပြတ်တောက်

    ယူကရိန်းစစ်ပွဲအတွင်း Starlink ဂြိုဟ်တုအင်တာနက်ကို တရားမဝင် အသုံးပြုနေသည့် ရုရှားတပ်ဖွဲ့များမှာ အီလွန်မတ်စ်က ဝန်ဆောင်မှုများကို ရုတ်တရက် ရပ်ဆိုင်းလိုက်သဖြင့် ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

    ရှေ့တန်းစစ်မျက်နှာရှိ ရုရှားတပ်ရင်း ၉၀ ရာခိုင်နှုန်းခန့်မှာ အီလွန််မတ်စ် ပိုင်ဆိုင်သော Starlink ဝန်ဆောင်မှု ရပ်ဆိုင်းခံရပြီးနောက် ဆက်သွယ်ရေး ပြတ်တောက်သွားသည်ဟု ရုရှားလိုလားသည့် စစ်ရေးဘလော့ဂါများက ထုတ်ဖော်ပြောဆိုကြောင်း The Telegraph သတင်းအရ သိရသည်။

    ယခုကဲ့သို့ ရပ်ဆိုင်းခြင်းသည် ယူကရိန်း ကာကွယ်ရေးဝန်ကြီး မီကိုင်လို ဖက်ဒိုရော့ဗ်နှင့် အီလွန်မတ်စ်တို့အကြား ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ရုရှားတပ်ဖွဲ့များက ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်ရန်အတွက် အဝေးထိန်းဒရုန်းများတွင် Starlink စက်များကို တပ်ဆင်အသုံးပြုနေကြောင်း တွေ့ရှိရပြီးနောက် ဖက်ဒိုရော့ဗ်နှင့် အီလွန်မတ်စ်တို့ ပူးပေါင်းတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

    Starlink ကို အစိုးရက ခွင့်ပြုထားသည့် စက်ကိရိယာများကိုသာ ချိတ်ဆက်ခွင့်ပြုသည့် “Whitelist” စနစ်ကို ဖော်ဆောင်ပြီး တနာရီလျှင် ၇၅ ကီလိုမီတာထက် ပိုမြန်သော အရှိန်ဖြင့် ရွေ့လျားနေသည့် စက်ကရိယာများတွင် အင်တာနက် အလိုအလျောက် ဖြတ်တောက်ခြင်း ဖြစ်သည်။ ထို လုပ်ဆောင်ချက်မှာ အရှိန်ပြင်းသော ဒရုန်းများ သို့မဟုတ် ဒုံးကျည်များပေါ်တွင် ရုရှားတပ်ဖွဲ့များက Starlink အသုံးပြုခြင်းကို တားဆီးရန် ရည်ရွယ်သည်။

    ယခင်က ရုရှားတပ်ဖွဲ့များသည် အနောက်အုပ်စု၏ ပိတ်ဆို့မှုများကို ရှောင်လွှဲရန် Starlink စက်များကို တတိယနိုင်ငံများမှတဆင့် မှောင်ခိုသွင်းယူခဲ့ပြီး သိမ်းပိုက်ထားသော နယ်မြေများရှိ ယူကရိန်းကွန်ရက်များကို ခိုးယူအသုံးပြုခဲ့ကြသည်။ ပြီးခဲ့သည့်လက ထွက်ပေါ်လာသော သတင်းများအရ ရုရှားတပ်များသည် မြင်းတပ်မှ မြင်းကုန်းနှီးများပေါ်တွင် Starlink စက်များ တပ်ဆင်ကာ ဒရုန်းများကို အင်တာနက်မှတဆင့် အဝေးမှ ထိရောက်စွာ ထိန်းချုပ်မောင်းနှင်ကြကြောင်း သိရသည်။

    ယူကရိန်းနှင့် အီလွန်မတ်စ်တို့၏ ညှိနှိုင်းမှုကြောင့် ထွက်ပေါ်လာသော ယခု အစီအမံကြောင့် ရုရှားရှေ့တန်းစစ်မျက်နှာများက အကြီးအကျယ် ပရမ်းပတာ ဖြစ်နေပုံရသည်။ “ရှေ့တန်းစစ်မျက်နှာ အားလုံးနီးပါးမှာ စက်တွေ အပိတ်ခံထားရလို့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုတွေ လုပ်လို့မရတော့ဘူး” ဟု ရုရှားစစ်ဘက်ဆိုင်ရာ ဘလော့ဂါတဦးက ပြောကြားပြီး ခေတ်မမီတော့သည့် ဝေါ်ကီတော်ကီ ရေဒီယိုများ ထောက်ပံ့ရန် တောင်းဆိုခဲ့သည်။

    ယခု လုပ်ဆောင်ချက်က ယူကရိန်းအတွက် သိသိသာသာ အကျိုးရှိစေမည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ချသည်။ နိုင်ငံခြားရေးမူဝါဒ သုတေသနဌာန (FPRI) မှ အကြီးတန်းသုတေသနပညာရှင် ရော့ဘ်လီက “ရုရှားရဲ့ မြေပြင်အခြေစိုက် အဝေးထိန်း စက်ရုပ်စစ်ဆင်ရေးတွေနဲ့ အလတ်စားဒုံးကျည် ပစ်ခတ်နိုင်စွမ်းတွေ သိသိသာသာ လျော့ကျသွားလိမ့်မယ်” ဟု မှတ်ချက်ပြုခဲ့သည်။

    ဖက်ဒိုရော့ဗ်ကလည်း X လူမှုကွန်ရက်မှတဆင့် “စနစ်သစ်က ထိရောက်မှုရှိကြောင်း သက်သေပြနေပြီ” ဟု ဆိုကာ အီလွန်မတ်စ်အား ကျေးဇူးတင်စကား ပြောခဲ့သည်။

    The Telegraph မှ Russian Forces Face Communication Paralysis After Starlink Shutdown ကို မိုးသဲ ဘာသာပြန်သည်။