မုံရွာ နမခ အနီးမှာ စစ်ကောင်ရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး နှစ်ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်မှ နှစ်ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၉ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၇ နာရီကျော်ခန့်မှာ မင်းတဲရွာ ဘုန်းကြီးကျောင်းအတွင်း အထိုင်ချထားတဲ့ ကာကင်းစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မင်းတဲနဲ့ သပြေတော ဖောက်လမ်းပေါ် နမခ နဲ့ ၁ မိုင်ကျော်ခန့်သာဝေးတဲ့ နေရာမှာ ကင်းဝပ်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ နှစ်ပွင့်ဗိုလ် ၁ ဦးနဲ့ ရှေ့ပြေးကင်းထောက် ဆိုင်ကယ်သမား ၂ ဦး နေရာမှာတင် သေဆုံးခဲ့သလို၊ ထော်လာဂျီပေါ်ပါလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ၄ ဦးလည်း ထပ်မံသေဆုံးခဲ့ကာ MA-1 သေနတ် ၂ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ Black Falcon တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နမခ စစ်ဌာနချုပ်နဲ့ ကျောက်စစ်ပုံ အမှတ် (၅၀၅) အမြှောက်တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို၊ နမခ အတွင်းမှ အင်အား ၂၀၀ ခန့်အပြင် တင့်ကား ၁ စီး၊ သံပြားကာကား ၃ စီးနဲ့ စစ်ကူတက်လာခဲ့ပြီး အဆိုပါစစ်ကူတွေဟာ သေဆုံးဒဏ်ရာရသူတွေကို နမခ စစ်ဆေးရုံသို့ အရေးပေါ်ကား ၂ စီးနဲ့ ပို့ဆောင်ခဲ့ရာမှာ နောက်ထပ် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒုတပ်ကြပ်ကြီး ၁ ဦးလည်း စိုးရိမ်ရဒဏ်ရာနဲ့ သတိလစ်နေတယ်လို့ သိရပါတယ်။

လက်တလောအရ အဆိုပါ ဒုတပ်ကြပ်ကြီး သေဆုံးသွားပါက အနီးနားရှိ ကျေးရွာမှ ရွာသား ၁၀ ဦးကို သတ်ဖြတ်ပစ်မယ်လို့ စစ်ကော်မရှင်ဘက်က ခြိမ်းခြောက်ထားတဲ့အပြင် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က အင်အား အများအပြားနဲ့ ပတ်ပတ်လည် လုံခြုံရေးတွေချထားပြီး ကျေးရွာအတွင်းမှ လူငယ်တွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကာ ရွာသားတွေကိုလည်း ရွာအပြင်ထွက်ခွင့် ပိတ်ပင်ထားသလို အပြင်လူတွေကိုလည်း ရွာထဲအဝင်မခံဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Black Falcon တပ်ဖွဲ့နဲ့အတူ ပြည်သူ့လွှတ်မြှောက်ရေးတပ်မတော် PLA၊ မုံရွာခရိုင် အမှတ်(၂၄)တပ်ရင်း တပ်ခွဲ(၃)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF – SRA တပ်ပေါင်းစုအဖွဲ့ဝင်၊ တိုက်နယ်(၅) ပလဖ ၊ ကနောင်မင်းသားကြီးတပ်ဖွဲ့၊ သွေးသောက်ညီကိုတပ်ဖွဲ့၊ Three Star တပ်ဖွဲ့နဲ့ နယ်မြေခံ အမေ့သားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့လို့ သိရပါတယ်။

စစ်ကော်ရှင်ဘက်ကတော့ တပ်တွင်းမှာ သတင်းတွေ ဖုံးဖိနိုင်ဖို့ ကြိုးစားနေပြီး နမခ ဌာနချုပ်အတွင်း တပ်မ (၃၃) က လုံခြုံရေး အထူးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *