Author: Admin-501

  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    “မင်းတို့မြို့က ဒလန်မြို့ပါကွာ” ဟု တခြားမြို့ရွာများသို့ ပြောင်းရွှေ့သွားကြသော ကျနော့်သူငယ်ချင်းများက ကျနော့်ကို ပြောလေ့ရှိကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း “ဒလန်” ဟူသောစကားလုံး တကျော့ပြန် ခေတ်စား လာခဲ့သည်။

    “ဒလန်” သည် စင်စစ်တော့ မြန်မာ့ရင်းမြစ် မဟုတ်။ ဟိန္ဒီရင်းမြစ်ဖြစ်သည်ဟု ခရီးဆောင်မြန်မာအဘိဓာန်တွင် ဆိုထား သည်။ ဟိန္ဒီအနေဖြင့်လည်း “ဒလန်” ဟူ၍သာခေါ်ဆိုပြီး မြန်မာအက္ခရာဖြင့်အသံဖလှယ်ကာ စာရေးရာတွင် “ဒလာလ်” ဟူ၍ ရေး လေ့ရှိသည်ဟု သိရသည်။ “ဒလန်” ၏အနက်က “တစုံတယောက်၏အကျိုးအတွက် အခြားသူကိုလှည့်ဖြား ၍ ဆောင် ရွက်ပေးသူ” ဟူ၏။ သို့သော် မြန်မာနိုင်ငံတွင်မူ “ဒလန်” ဟူသောစကားလုံးကို “သတင်းပေး” ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြသည်။

    ဒလန်မြို့တဲ့လား

    ကျနော့်မြို့အား “ဒလန်မြို့” ဟု အဘယ်ကြောင့် ခေါ်ဆိုနေကြသနည်း စဉ်းစားကြည့်ရာ မြန်မာစစ်တပ်၏ လေတပ်စခန်း ဌာနချုပ်ရှိသလို တပ်ရင်းတပ်ဖွဲ့ များပြားလွန်းခြင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ကဲ့သို့ အဖွဲ့များပြားခြင်း၊ ထစ်ခနဲ ဆိုပါက စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံများထံသို့ သတင်းပေးသူ များပြားလွန်းခြင်းကြောင့်ဖြစ်မည် ကျနော် ကိုယ်တိုင်လည်း သတင်းပေးများကြောင့် ပြည်ပသို့ ထွက်ပြေးခဲ့ရသည် မဟုတ်ပါလော။

    “ဒလန်မြို့” ဟု တခြားမြို့ရွာများတွင် နေထိုင်ကြသည့် ကျနော့်သူငယ်ချင်းများ ရည်ညွှန်းသော ကျနော့် ဇာတိမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃,၁၆၆ ပေမြင့်သော ရှမ်းပြည်နယ်တောင်ပိုင်းရှိ နမ့်စန်မြို့ ဖြစ်ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ နမ့်စန်မြို့ကို ရံဖန်ရံခါ ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းရှိ နမ့်စန်မြို့ဟုလည်း ရည်ညွှန်းတတ် ကြပါသေး သည်။ ထို့ပြင် ရှမ်းပြည်မြောက်ပိုင်းတွင်လည်း နောက်ထပ် နမ့်ဆန်မြို့တမြို့ ရှိနေသည်။

    နမ့်စန်မြို့လယ်

    ယင်းနမ့်ဆန်မြို့ကိုတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ လူအများအနေဖြင့် နမ့်စန်နှင့် နမ့်ဆန်ကို မကြာခဏဆိုသလို မှားယွင်းလေ့ရှိတတ်သည်။

    ရှမ်းပြည်နယ် တောင်ပိုင်းရှိနမ့်စန်မြို့ကနေ အရှေ့တောင်ဘက်သို့ ဆက်သွားပါက ရှမ်းပြည်အညာဟု တင်စားခေါ်ဝေါ် လေ့ရှိကြသော လင်းခေးမြို့ကို ရောက်ရှိမည်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၉၉၆ ပေမြင့်သော လင်းခေးမြို့ သည် တေးသံရှင် စိုင်းထီးဆိုင်၏ ဇာတိမြို့လည်းဖြစ်ပေသည်။ ရှမ်းနှစ်သစ်ကူးပွဲတော် (ပီမိုင်တိုင်း) ကျင်းပလေ့ရှိခဲ့ သော အတိတ်တချိန်ကာလများတွင် စိုင်းထီးဆိုင်သည် ကျနော်တို့မြို့ကလေးသို့ တခါတရံ ရောက်လာလေ့ရှိပြီး သီချင်းများဖြင့် ဖျော်ဖြေတတ်သည်ကို ကျနော် မှတ်မိနေပါသေးသည်။

    နတ်တော်လဆန်း ၁ ရက်သည် ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးနေ့ဖြစ်သည်။ ၂၀၂၄ ခုနှစ်ကကျ ရောက်ခဲ့ သော နတ်တော်လဆန်း ၁ ရက်သည် ရှမ်းလူမျိုးတို့၏ ၂,၁၁၉ နှစ်မြောက်နေ့ဖြစ်ပြီး “မြွေ”နှစ်ကို ချဉ်းနင်းရောက်ရှိ လာသော နေ့လည်း ဖြစ်ပေသည်။ ခရစ်သက္ကရာဇ်အရဆိုလျှင်တော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ဖြစ်သည်။

    ရှမ်းနှစ်သစ်ကူးနေ့ကို သက်ကြီးရွယ်အိုများအား ဂါရဝပြုခြင်း၊ ရှမ်းသူရဲကောင်းများကို ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း၊ ဂီတ, စာပေ နှင့် အနုပညာရှင်များအား ဆုချီးမြှင့်ခြင်းနှင့် စီးပွားလာဘ်လာဘတိုးပွားအောင် ဆုတောင်းပေးခြင်း စသည့် အစဉ်အလာ များဖြင့် စည်စည်ကားကားကျင်းပလေ့ရှိခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းနှစ် သစ်ကူးပွဲတော်ကိုလည်း ပျော်ပျော်ရွှင်ရွှင် မကျင်းပနိုင်တော့။ စစ်မီးက တစ်နိုင်ငံလုံး ကူးစက်နေခဲ့ပြီ မဟုတ်ပါလော။

    မူးယစ်ဆေးချန်ပီယံမြန်မာ

    အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် အကြီးမားဆုံးဖြစ်လာသည်။ မြန်မာသည် လက်ရှိလည်း ကမ္ဘာပေါ်က ရာဇဝတ်ဂိုဏ်းများခိုလှုံရာ အကြီးမားဆုံးသော အသိုက်အမြုံတခုဖြစ်လာနေသည်ဟု ကမ္ဘာလုံး ဆိုင်ရာ ရာဇဝတ်မှုအညွှန်းကိန်း (Global Organized Crime Index) က ဖော်ပြထားပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၏ အဓိကဇာတ်ဆောင်အဖြစ် ရပ်တည်နေသည့်အပြင် စစ်ဘုရင်များ၊ လက်နက်ရောင်းဝယ်ဖောက်ကား သူများ၊ လူကုန်ကူးသူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် နိုင်ငံတကာတရားရုံးများက အလိုရှိနေသော စစ်ဗိုလ်ချုပ်ကြီး များ နေထိုင်ကျက်စားရာ ကစားကွင်းတကွင်းအဖြစ် အသွင် ပြောင်းသွားခဲ့သည်။

    ဘိန်းထုတ်လုပ်မှုအပြင် မက်သာဖက်တမင်း၊ ကက်တမင်းအပြင် ဓာတုဗေဒနည်းဖြင့် ဖန်တီးထားသော ဖန်တနိုင်း ဆေးရည် အပါအဝင် အခြားဓာတုဆေးဝါးများထုတ်လုပ်သည့် အကြီးမားဆုံးနိုင်ငံ စာရင်းဝင် ဖြစ်လာခဲ့သည်။

    ၂၀၁၉ ခုနှစ်က နမ့်စန်မြို့တွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲတော်

    ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကျပ်ငွေ ၁၄ ဘီလီယံတန်ကြေးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့သည်ဟု စစ်ကောင်စီအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းတို့အနက် ဒီဇင်ဘာ ၂၀ ရက် ပဲခူးမြို့တွင် ဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြားပမာဏက ၅ သန်းရှိပြီး ဒီဇင်ဘာလတလအတွင်း စံချိန်တင်ဖမ်းဆီးရမိခဲ့သော ပမာဏလည်းဖြစ်ခဲ့သည်။

    အဆိုပါ မူးယစ်ဆေးဝါးများအား “ဒလန်မြို့” ဟု ကျနော့်သူငယ်ချင်းများက တံဆိပ်ကပ်ခဲ့သော နမ့်စန်မြို့မှ သယ်ဆောင် လာခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့ကနေတဆင့် ရန်ကုန်၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင်ဖြန့်ဖြူးရန် ဖြစ်သည်ဟု ဖမ်းဆီးခံခဲ့ရသူ များ ထွက်ဆိုခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။ ယင်းပြင် ဒီဇင်ဘာ ၆ ရက်က မန္တလေးမြို့တွင် ကျပ်ငွေ တန်ဖိုး ၉ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ၇၇၀ ဂရမ်၊ မန္တလေးမြို့ကပဲ ဒီဇင်ဘာလ ၁၇ ရက်တွင် ကျပ်ငွေတန်ဖိုး ၂ ဘီလီယံတန်ကြေးရှိ မူးယစ်ဆေးဝါးများ၊ ဒီဇင်ဘာလ ၃ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း ကို တင်ပို့မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ကို ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရွာငံမြို့၌ အသီးသီး ဖမ်းဆီးရမိခဲ့သည်။

    ကဖင်း ၁ တန်နှင့် အခြားသော ဓာတုပစ္စည်းများ ရောစပ်ပါက စိတ်ကြွဆေးပြား ၁၄ သန်းကျော် ထုတ်လုပ်နိုင်သည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများက ထောက်ပြပြောဆိုထားသည်။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နယ်စပ်ဒေသများမှ တရားမဝင်တင်သွင်းခဲ့သော ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂၄ တန်ကျော် ဖမ်းဆီးထား နိုင်ခဲ့ပြီး အဆိုပါပမာဏသည် စိတ်ကြွဆေးပြား ၃၃၆ သန်း ကျော် ထုတ်လုပ်နိုင်သောပမာဏဖြစ်သည်ဟု မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC- Myanmar) ၏ထုတ်ပြန်ချက်အရ သိရသည်။

    ၃၇ မင်း မကတဲ့ နတ်တွေ

    ရှမ်းတောင်အခြေစိုက် MTA အသွင်ပြောင်း မတ်ကျန်းပြည်သူ့စစ်တပ်ဖွဲများ၏ စစ်သင်တန်းဆင်းပွဲ

    မြန်မာနိုင်ငံတွင် ၃၇ မင်းနတ်များကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်လာခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်သည်။ ယင်းနတ် များအနက် အင်းဝမင်းတပါး၏ သားတော် မောင်မင်းဖြူနတ်သည် ဘိန်းဘင်းအရက်ကြူး၍ သေသည်ဟု အမျိုးသား ပညာဝန် ဦးဖိုးကျားရေးသည့် ၃၇မင်း နတ်များအကြောင်း စာအုပ်ကဆိုသည်။ အဆိုပါ ဇာတ်လမ်းကို လေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် ဘိန်းကို မည်သည့်အချိန်ကစ၍ သုံးစွဲကာ မည်မျှအထိ နက်ရှိုင်းခဲ့သနည်း ဆိုသည်ကို အလွယ်တကူ ခြေရာခံနိုင်ပါသည်။ အဆိုပါ ဇာတ်လမ်းပေါ် ပေါက်ပြီး နှစ်ပေါင်း ၅၀၀ ကျော်အကြာ ယနေ့ခေတ် မြန်မာနိုင်ငံသည် ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးကို ကမ္ဘာပေါ်တွင် အကြီးဆုံးသော ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

    “ဒလန်မြို့” ဟု ကင်ပွန်းတပ်ခံရသော ကျနော့်ဇာတိမြို့ကလေးမှာတော့ နတ်မင်းက ၃၇ မင်း မကပါ။ နအဖ စစ်အစိုးရ လက်ထက် ခွန်ဆာငြိမ်းချမ်းရေးယူခဲ့သည့် ၁၉၉၆ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း၌ မဟာဂျာ၊ နားရိုင်း၊ မတ်ကျန်း စသည့် ပြည်သူ့စစ်အဖွဲ့များပေါ်ပေါက်လာခဲ့ပြီး ဒေသကိုလည်း ၎င်းတို့ကပင် ကြီးစိုးထားနိုင်ခဲ့ကြသည်။

    ၎င်းတို့ မြို့ပေါ်မရောက်လာသေးခင်က ယာမ (ယာဘ) သည်လည်း ကျနော်တို့မြို့တွင် ခေတ်မစားသေးပေ။ ကျနော် အလယ်တန်း တက်ရောက်ခဲ့သည့်ခုနှစ်များသည် ထိုကာလဝန်းကျင်တဝိုက်ဖြစ်ပြီး လူငယ်များအတွက် စမ်းသပ်စရာ ဆိုသည်က ဆေးခြောက်နှင့် ဒိုင်ယာဇီပင်န်လောက်သာ ရှိခဲ့ပါသည်။

    လက်နက်မချဘဲ ငြိမ်းချမ်းရေးရယူခဲ့ကြသည့် ၎င်းတို့ကြီးစိုးချိန်ကစ၍ ယနေ့အထိ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် လောင်းကစားပေါင်းစုံ ကျနော်တို့ဒေသအား လွှမ်းမိုး ကြီးစိုးသွားခဲ့တော့သည်။

    စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းတွင်လည်း အဆိုပါအဖွဲ့အစည်းများသည် စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးလျက်ရှိသလို ၎င်းတို့တပ်ဖွဲ့များထံ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ရန်ကိုလည်း လူထုအား ဖိအားပေးလျက်ရှိသည်။

    ကျနော့်သူငယ်ချင်းများ ရည်ညွှန်းခဲ့ကြသော “မင်းတို့မြို့က ဒလန်မြို့ပါကွာ” ဆိုသည်က မြို့နေလူထုအား ရည်ညွှန်းခြင်း ထက် စစ်ဘုရင်ဝါဒ ထူထောင်ကာ ပြည်ဖျက်နေကြသည့် မဟာဂျာ- SSS ကဲ့သို့သော ပြည်သူ့စစ်အဖွဲ့ များအား ရည်ညွှန်းခြင်းသာ ဖြစ်ပါတော့သည်။ ။

    သူတို့က တခြားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များ၊ ဌာနေပြည်သူ့စစ်များကဲ့သို့ နိုင်ငံရေး ဇတ်ခုံပေါ်တွင် ထင်ထင်ရှားရှား ဝင်ရောက်လာခြင်း မရှိဘဲ ရှမ်းကုန်မြေမြင့် တနေရာ၌ နယ်စားပယ်စားများအဖြစ် ငြိမ်သက်စွာ အသုံးတော်ခံနေသူများဖြစ်ရာ သူတို့၏ အကြောင်းကို ရှေ့တွင် ဆက်လက်ဖော်ပြပေးဦးမည်ဖြစ်သည်။

    ဘုန်းမောင်

  • မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူး

    မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူးလို့ NUG ယတိပြတ်ပြော

    မန္တလေးမြို့ကို စစ်ကောင်စီလက်ကနေ သိမ်းပိုက်မယ်လို့ ကြွေးကြော်နေတာ အပြောမဟုတ်ဘဲ တကယ် လုပ်မှာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲမှာ ယတိပြတ်ပြောဆိုသွားတာပါ။

  • ရန်ကုန်နှင့် မန္တလေးတွင် လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေ

    ပေါင်းတည်တွင်လည်း ဈေးလာဝယ်သည့် လူငယ် ၁၀ ဦးကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

    ရန်ကုန်နှင့် မန္တလေးတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေပြီး ပေါင်းတည်မြို့ အာရုံဈေးကို စစ်တပ်က လူငယ် ၁၀ ဦးကျော် ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ ဧရာ ၂ လမ်းတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုအောင်ကောင်းမြတ်သည် ဇန်နဝါ ရီလ ၁၇ ရက်နေ့တွင် အလုပ်မှ နေအိမ်ကို ည ၇ နာရီခန့်၌ ပြန်လာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ မိသားစုဝင်များကလည်း အလုပ်တွင် ညအိပ်သည်ဟု ထင်ကာ လိုက်လံရှာဖွေခဲ့ခြင်းမရှိဘဲ အလုပ်မှ အပေါင်းအသင်းများ နေအိမ်ကို လိုက်လာမှ ပျောက်ဆုံးခြင်းဖြစ်ကြောင်း သိရသည်။

    ရန်ကုန်၊ အင်းစိန်မြို့နယ်မှ ကိုစိုးသူကျော် (ခ) ကိုမောင်ချေသည်လည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး မိသား စုဝင်များနှင့် အဆက်အသွယ် ပျောက်ဆုံးသွားကာ ၃ လနီးပါးကြာသည်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။

    ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုရန်ပိုင်ဦးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မြောက်ဒဂုံ မှ တောင်ဥက္ကလာ နေအိမ်ကို ပြန်လာစဉ် ည ၁၂ နာရီထိ အဆက်အသွယ်ရပြီးနောက်ပိုင်း၌ ပျောက်ဆုံးသွား ခြင်းဖြစ်ကာ ၁ လကျော်ကြာသည်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

    ရန်ကုန်မြို့တွင် နေထိုင်သော ကိုကျောက်ဌေးဦးသည်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘုရင်နောင် ကားဂိတ်မှ မျိုးသိမ်း စျေးပွဲရုံသို့ အသွားတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    ရန်ကုန်မြို့တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုမိုးကျော်ကျော်သည်လည်း ဒညင်းကုန်း ဘူတာဈေး နှင့် CNG (gas) ဆိုင်ကြားတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၉ နာရီခန့်၌ လမ်းလျှောက်၍ ကွမ်းယာ ထွက်ဝယ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ် ကြောင်း သိရသည်။

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ နတ်ပန်းချီပန်းခြံတွင် နေထိုင်သော အသက် ၃၁ နှစ် အရွယ်ရှိ ကိုစံမင်းထူး (ခ) စံကြီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    မန္တလေးတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၈ နှစ်အရွယ် ကိုမျိုးချစ်ခင် (ခ) ကိုလေး သည် ဇန်နဝါရီလ အတွင်း မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

    မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်‌ရွာကြီးကျေးရွာအုပ်စု ညောင်ငါးပင်ရပ်တွင်နေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုကျော်စိုးမင်းသည် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ပျောက်ဆုံးသွားကြောင်း၊ ကိုကျော်စိုးမင်းသည် တခါတရံ စိတ်မမှန်ဘဲ စကား ပြောချင်ရာ ပြောတတ်သူဖြစ်ပြီး စာပေလည်း မတတ်မြောက်သောကြောင့် ဖုန်းလည်းပေးမကိုင်ထားကြောင်း သိရှိရသည်။

    ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့ အာရုံဈေးတွင်လည်း ဇန်နဝါရီလ ၂၅ ရက်နေ့က ဈေးလာဝယ်သည့် လူငယ် ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

    “ပေါင်းတည်မြို့နယ်မှာ အာရုံဈေးလာတဲ့ ‌လူငယ် ၁၀ ဦးကျော်ကို စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ဘယ်ရွာတွေက လူငယ်တွေလည်း ဆိုတာတော့ မသိရသေးပါဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

  • ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

    ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

    ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို KIA ဦး ဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြော ဆိုသည်။

    ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဗန်းမော်လေဆိပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ညနေပိုင်းတွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဗန်းမော်လေယာဉ်ကွင်း Sold out သွားပြီ။ လေယာဉ်ကွင်းနှင့်လေဆိပ်အကုန်လုံးရတာပါ။ လက်နက်ခဲယမ်းတွေလည်း အများကြီးရပါတယ်။ စာရင်းအတိအကျတော့ မသိရသေးပါဘူး” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့ ဗန်းမော်မြို့နယ်၊ အမတ ၃၆၆ နှင့် ၇၀၀၆ သံချပ်ကာတပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ရရှိထားသည့်အပြင် သံချပ်ကာတင့်ကား ၉ စီးကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။

    “ဗန်းမော်မှာက သတင်းကောင်းတွေချည်းပါပဲ။ အချိန်တန်ရင်တော့ သိရမှာပါ။ တချို့ဟာတွေက လုံခြုံရေးအရ လုပ်ရကိုင်ရတာတွေ ရှိနေပါသေးတယ်” ဟု PDF သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

    ဗန်းမော်တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက် နက်ကြီး ပစ်ခတ်မှုများကို အကြီး အကျယ် လုပ်ခဲ့ပြီး ဒရုန်းများပါ အသုံးပြုခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ဗန်းမော်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ KIA ဦးဆောင်သော တော်လှန် ရေး တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

    ဓာတ်ပုံ- ဗန်းမော်လေဆိပ်ပုံအဟောင်းများဖြစ်ပါသည်။

  • ရေးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ဟု  တောင်ပိုင်းစစ်ဒေသ အသိပေး

    ရေးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ဟု တောင်ပိုင်းစစ်ဒေသ အသိပေး

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ ရက်) သတင်းထုတ်ပြန်သည်။

    တောင်ပိုင်းစစ်ဒေသ အမှတ်(၁၈၀၃) SDDF Missile Team နှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများပူးပေါင်း၍ Missile Rocket များဖြင့် ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ် အသုံးပြုသော ကားတစီး မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်ထားသည်။

    တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ယာဉ်တစ်စီးပေါ်တပ်ဇင်ထားသည့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုရုပ်သံကိုလည်း ဖော်ပြထားသည်။

    တောင်ပိုင်းစစ်ဒေသ နယ်မြေ ရေးမြို့နယ်အတွင်း၌ PDF စစ်ကြောင်းများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ မွန်တော်လှန်ရေးတပ်ဖွဲ့များ၊ အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

    ရေးမြို့နယ်အပါအဝင် တောင်ပိုင်းစစ်ဒေသ နယ်မြေ၌ ယခု ဇန်နဝါရီ ၁၈ရက်မှ ၂၄ရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကေငာ်စီတပ်အား ၁၆ကြိမ် တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းရခဲ့ကြောင်းထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် ၇ရက်အတွင်း တိုက်ပွဲများအနက် PDF ဗျူဟာ (၃၃) ဒေါနတပ်ရင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တို့ ပါဝင်သည့် ပူးပေါင်းတပ်သည် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ရှိ ခလရ(၃၁)၏ မီးတိုင်စခန်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသနှင့် မွန်တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

    (တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်အား Missile Rocket များဖြင့် ပစ်ခတ်နေသည့်ရုပ်သံဖိုင်)