Author: Admin-501

  • မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး

    မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး

    မြဝတီကျားဖြန့်ဂိုဏ်းများကိုရှင်းလင်းရန် ကိုးကန့်ကျားဖြန့်ဂိုဏ်းများကိုနှိမ်နှင်းသည့်တပ်များ တပ်ဖြန့်ထားပြီဟုဆို

    တရုတ်သရုပ်ဆောင်များကို ပစ်မှတ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို ခြေရာခံနိုင်ပြီဟု တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှတဆင့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

    ထိုရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးထားသူတို့ကို ကယ်တင်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ထားပြီဟုလည်း ဆင်ဟွာသတင်းကဆိုသည်။

    အဆိုပါတပ်များသည် ပြီးခဲ့သည့်နှစ် အစောပိုင်းက မြန်မာနိုင်ငံအရှေ့မြောက်ဘက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအရာရှိများ၊ ကြံ့ခိုင်ရေးအမတ်ဟောင်းများဦးဆောင်သည့် ကိုးကန့်ဒေသအခြေစိုက် ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းသည့် စစ်ဆင်ရေးတွင် ဦးဆောင်သည့်တပ်ဖွဲ့ဖြစ်သည်။

    တရုတ်အစိုးရအာရုံစိုက်လာသည့် မြဝတီမြို့ကို လက်ရှိအချိန်တွင် စစ်တပ်၏နယ်ခြားစောင့်အရာရှိ စောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်။

    တရုတ်အစိုးရ၏အဆိုအရ မြဝတီအခြေစိုက် လူကုန်ကူးဂိုဏ်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ တရုတ်နိုင်ငံတွင် လူသုံးများသည့် WeChat လူမှုကွန်ရက်ကိုအသုံးပြုပြီး တရုတ်သရုပ်ဆောင်များကို ရိုက်ကူးရေးဝန်ထမ်းအလုပ်ပေးမည်ဟု စည်းရုံးခဲ့သည်၊ ယုံကြည်သူများကိုထိုင်းသို့ခေါ်ကာ ထိုမှတဆင့် မြန်မာဘက်ခြမ်းသို့ပို့ကာ ကျားဖြန့်လိမ်ညာရေးဇုန်များသို့ လူကုန်ကူးခဲ့သည်ဟု ဆိုသည်။

    “ဝမ်” ဟုတရုတ်အစိုးရက ရည်ညွှန်းသည့် သရုပ်ဆောင်သည် ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းသို့ရောက်လာပြီးနောက် ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရသည်။ ထို့နောက် “ဟွမ်ရာ့” “ခိုင်ရွှမ်” စသည့် ဆက်သွယ်ရေး လိမ်ညာမှုဇုန်များစွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရသည်ဟု တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းကရေးသားသည်။

    “ဝမ်” အပါအဝင် လူ ၆ ဦးကို ကျားဖြန့်ဂိုဏ်းများထံမှ ပြန်ကယ်ထုတ်နိုင်ပြီး ထိုအမှုများအတွက် သံသယရှိသူ ၁၂ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့်ပေါင်းကာ ဖမ်းထားသည်ဟုလည်း တရုတ်သတင်းကဆိုသည်။

    မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြမထားပေ။

    ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းများ၏ ခြိမ်းခြောက်မှုသည် တရုတ်ပြည်သူများကြား အထူးအာရုံစိုက်ခံခဲ့ရကြောင်း တရုတ်အစိုးရဘက်က ဝန်ခံထားသည်။

    ထိုဂိုဏ်းနှင့် ရင်းနှီးမြှုပ်နှံသူများ၊ အမာခံအဖွဲ့ဝင်များကို အစွမ်းကုန် ချေမှုန်းပြီး ရာဇဝတ်ဂိုဏ်းများထံ ပိတ်မိနေသူများကို ကယ်ဆယ်သွားမည်ဖြစ်ကြောင်းလည်း တရုတ်အစိုးရကဆိုသည်။

  • နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထား

    နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထား

    မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထားပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဟု တရုတ်က ကြေညာ

    မြ၀တီရှိ ရွှေက္ကိုလ်မြို့ အပါအဝင် ကျားဖြန့်လောင်းကစားဇုန်နေရာများမှာ စစ်ကောင်စီ မိတ်ဖက် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF တပ်ဖွဲ့များက အကာအကွယ်ပေးထား

    မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိရပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလာကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ယမန်နေ့ သတင်းဖော်ပြသည်။

    တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသော တ ရုတ် နိုင်ငံသားများအား အစွမ်းကုန်ကယ်ဆယ်၍ အမှုစုံစမ်းဆေးလျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်သရုပ်ဆောင် ၊ တ ရုတ်မီးအလှပြပညာရှင် အပါအဝင် တရုတ်နိုင်ငံသားများစွာသည် ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေမှုသည် လူမှုအသိုက်အဝန်း၏ အထူးအာရုံစိုက်ခြင်းခံခဲ့ရကြောင်း၊ အဆိုပါ ကိစ္စရပ်အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကများစွာအလေးထားပြီး ပြည်ပသို့ ရောက်ရှိပြီးအဆက်အသွယ်ပြတ်တောက် ၍ ပိတ်မိနေသူများ၏အခြေအနေအား ဘက်စုံခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ရန် သက်ဆိုင်ရာဒေသတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို လျင်မြန်စွာ ဖြန့်ကြက်စီမံထားပြီး ပြည်ပအခြေစိုက် သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး စသည့် သက်ဆိုင်ရာဌာနများနှင့် တက်ကြွစွာတွဲဖက်၍ လူကယ်ဆယ်ရေးနှင့် အမှုစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆင်ဟွာက သတင်းဖော်ပြသည်။

    လက်ရှိတွင် တရုတ်နိုင်ငံသားတချို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဘေးကင်းစွာပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ လတ်တလော တရုတ်သရုပ်ဆောင်တစ်ဦးမှာလည်း ထပ်မံ၍ ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ထို့နောက် “ဟွမ်ရာ့” “ခိုင်ရွှမ်” စသည့် ဆက်သွယ်ရေးလိမ်ညာမှုဇုန်များစွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရကြောင်း ဆင်ဟွာက သတင်းဖော်ပြသည်။

    တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေသူများကို အစွမ်းကုန်ရှာဖွေ ကယ်ဆယ်သည့် တစ်ချိန်တည်းတွင် အမှုစုံစမ်းစစ်ဆေးရေးလုပ်ငန်းကိုလည်းတစ်ပြိုင်နက်တည်း လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံ မြဝတီတွင် ခိုအောင်းနေပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်သည့် ရာဇဝတ်ဂိုဏ်းကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ မြ၀တီအခြေစိုက် အဆိုပါရာဇဝတ်ဂိုဏ်းက ဝီချက်မှတစ်ဆင့် သရုပ်ဆောင်၊ မော်ဒယ်၊ ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းများ အလုပ်ခေါ်သည် ဟူသော အချက်အလက်အတုများ ထုတ်ပြန်ကာ လာရောက်ရန်ဆန္ဒရှိသူများအတွက် လေယာဉ်လက်မှတ်ဝယ်ပေးခြင်း၊ ဟိုတယ်ဘိုကင် လုပ်ပေးခြင်း၊ ကားစီစဉ်ပေးခြင်းစသည့် နည်းလမ်းများဖြင့် အဆိုပါလူများကို ထိုင်းနိုင်ငံပြည်တွင်းသို့ လိမ်လည်ခေါ်ဆောင်ပြီးနောက် မြန်မာနိုင်ငံမြဝတီသို့ ထပ်မံပို့ဆောင်ကာ ဆက်သွယ်ရေးလိမ်ညာမှုဇုန်များသို့ လူကုန်ကူးခဲ့ကြောင်း သိရှိရသည်။

    မကြာသေးမီက အွန်လိုင်းပေါ်တွင် ပေါ်ထွက်လာသည့် သက်ဆိုင်ရာလူပုဂ္ဂိုလ်များပြည်ပတွင် အဆက်အသွယ်ပြတ်တောက်ခြင်း၊ ပိတ်မိခြင်းအမှုများသည် အဆိုပါရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်နေကြောင်း၊ လက်ရှိတွင် ပြည်တွင်းပြည်ပ ပြစ်မှုကျူး လွန်သည်ဟု သံသယရှိသူ ၁၂ ဦးကို တရုတ်-ထိုင်း ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးရမိပြီးဖြစ်ကာ သက်ဆိုင်ရာအမှုစုံစမ်းစစ်ဆေးမှုနှင့် အခြား ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား လိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရသည်။

    မကြာသေးမီက ပြည်ပ၌ အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိသူများ၏ မိသားစုဝင်များက အကူအညီတောင်းခံသောအချက်အလက်များ တင်ပြမှုများနှင့်စပ်လျဉ်း၍ သဲလွန်စများကို ဘက်စုံခွဲခြမ်းစိတ်ဖြာပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်ရန်၊ သက်ဆိုင်ရာဌာနကအဆက်အသွယ်ပြတ်တောက်နေသော၊ ပိတ်မိနေသူများကိုဆောလျင်စွာ ရှာဖွေကယ်ဆယ်ရေးအတွက် ဘက်စုံညှိနှိုင်းလုပ်ဆောင်ရန် တရုတ်နိုင်ငံ ပြည်သူလုံခြုံရေးဝန်ကြီးဌာနကဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ကြက်စီမံထားပြီးဖြစ်ကြောင်း သိရသည်။

    ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများအား ပြင်းထန်စွာ ဖိအားပေး ဆက်လက် တိုက်ဖျက်လျက်ရှိရာ မျက်ခြည်မပြတ်စောင့်ကြည့်၍ အထူးတိုက်ဖျက်ရေးလှုပ်ရှားမှုများကို နက်ရှိုင်းစွာ ဖော်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့ပြင် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ပြီးပြည်ပ ဆက်သွယ်ရေးလိမ်ညာမှု လုပ်ဆောင်သည့်စခန်းများကို အစွမ်းကုန် ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ရာဇဝတ်ဂိုဏ်း “ရင်းနှီးမြှုပ်နှံသူ”၊ အမာခံအဖွဲ့ဝင်များကို အစွမ်းကုန် ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ ပိတ်မိနေသူများကို အစွမ်းကုန်ညှိနှိုင်း ကယ်ဆယ်သွားမည်ဖြစ်ကြောင်း တရုတ်ဆင်ဟွာသတင်းအရ သိရှိရသည်။

    ပြည်ပလူလိမ်ဂိုဏ်းများ၏ “လစာမြင့်အလုပ်၊ နေစားငြိမ်း၊ လေယာဉ်လက်မှတ်ပေးသည်၊ အကြိုအပို့သီးသန့်စီစဉ်ပေးသည်” စသည်တို့ဖြင့် ဆွဲဆောင်ခြင်း၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းလေ့လာမှု၊ အခမဲ့ခရီးသွားလည်ပတ်မှု စသည့်ခေါင်းစဉ်များဖြင့် တရုတ်နိုင်ငံ ပြည်တွင်းမှလူများကို ပြည်ပသို့လိမ်လည်ခေါ်ဆောင်ကာ တရားမဝင်ထိန်းချုပ်၍ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုများကျူးလွန်ရန် ခိုင်းစေမှုများကို သတိထားရန် တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက သတိပေးသည်။​

    တရားမဝင် ပြစ်မှုကျူးလွန်သည့်ထောင်ချောက်တွင်းသို့ ကျရောက်ခြင်းမှ ရှောင်ကြဉ်ရန် အများပြည်သူအနေဖြင့် သတိကြီးကြီးထားကာ လုံခြုံရေးကြိုတင်ကာကွယ်မှုကို မြှင့်တင်ရန်၊ နိုင်ငံခြား လစာမြင့် အလုပ်ခေါ်ယူခြင်း မက်လုံးများကို အလွယ် တကူ မယုံကြည်ကြရန် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက သတိပေးချက်ထုတ်ပြန်သည်။

    မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေက္ကိုလ်မြို့ အပါအဝင် လောင်းကစားဇုန် မြို့နေရာများတွင် ကျားဖြန့် ငွေလိမ်လည်ဂိုဏ်းများမှာ စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် လည်ပတ်လုပ်ကိုင်နေခြင်းဖြစ်သည်။

  • လေတပ်က ပြည်သူ့ဘဝအေးချမ်းတိုးတက်ရေး ဘက်ပေါင်းစုံက များစွာ အထောက် အကူ ပြုနေလို့ လေတပ်ချုပ်ပြော

    လေတပ်က ပြည်သူ့ဘဝအေးချမ်းတိုးတက်ရေး ဘက်ပေါင်းစုံက များစွာ အထောက် အကူ ပြုနေလို့ လေတပ်ချုပ်ပြော

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ယမန်နေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    ဒီပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တက်ရောက်လာတာတွေ့ရပါတယ်။

    လေကြောင်းအာကာသနယ်ပယ်မှာ လေကြောင်းစွမ်းအားစုတွေအနေနဲ့ စစ်ပွဲအောင်နိုင်ရေးအတွက်သာမက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူနေမှုဘဝ အေးချမ်းတိုးတက်ပြည့်စုံရေးအတွက်ပါ ဘက်ပေါင်းစုံက အထောက်အကူ များစွာပြုနေတယ်လို့ နိုင်ငံတဝန်း အရပ်သားပစ်မှတ်တွေကို ဗုံးပတ်ကြဲနေတဲ့ လေတပ်ခေါင်းဆောင်က ပြောပါတယ်။

    တဖန် လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမယ့် သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမယ်လို့ လေတပ်ချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားပါတယ်။

    စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက်/ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ကျင့်တည်ဆောက်သွားကြဖို့လည်း ဗိုလ်ချုပ်ကြီးက မှာကြားသွားပါသေးတယ်။

    တပ်မတော်(လေ)ရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အစဉ်အလာတွေကို နောင်တော်လေတပ်သားတွေနဲ့အတူ ကိုယ်ကျိုးစွန်အနစ်နာခံပြီး စောင့်ထိန်းဖို့ အလေးအနက်ထား မှာကြားလိုတယ်လို့ စစ်ကောင်စီတပ် ထိပ်ပိုင်းအကြီးအကဲက ပြောသွားပါတယ်။

    စစ်ကောင်စီလေတပ်ဟာ ဒီနှစ် ၂၀၂၅ နှစ်စ နှစ်ပတ်ကျော်မှာတင် စစ်ရှုံးဒေသက မြို့တွေအပါအဝင် မြို့ ၂၀ နဲ့အထက်ကို လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူ ၁၀၀ နီးပါးအထိ သေဆုံးခဲ့ရပြီဖြစ်တယ်လို့ သိရပါတယ်။

  • ဝမ်ပေါင်ကြေးနီစီမံကိန်းနေရာတဝိုက် တိုက်ပွဲပြင်းထန်

    ဝမ်ပေါင်ကြေးနီစီမံကိန်းနေရာတဝိုက် တိုက်ပွဲပြင်းထန်

    စစ်ကိုင်းတိုင်းထဲက တရုတ်ကြေးနီထုတ်လုပ်ရေး စီမံကိန်းနေရာတဝိုက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေပါတယ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနားတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ မုံရွာမြို့နယ်ထဲက ထနောင်းဝင်းရွာဘက်မှာဆို တိုက်ပွဲပြင်းထန်နေတာ တပတ်လောက်ရှိပြီလို့ ဒီတိုက်ပွဲမှာ ပါဝင်နေသူတဦးက VOA ကိုပြောပါတယ်။ တိုက်ပွဲတွေပိုပြီး ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေကြောင့် မုံရွာမြို့ အနောက်ဘက်ကမ်းမှာရှိတဲ့ တရုတ်ကြေးနီစီမံကိန်းနေရာတွေကို လုံခြုံရေးပေးနိုင်ဖို့ စစ်ကောင်စီက လုံခြုံရေးတွေ ထပ်စေလွှတ်နိုင်တယ်လို့ တွက်နေကြပါတယ်။

    “လုံခြုံရေးကတော့ တိုးမှာ၊ ဟိုတခါတုန်းက လက်ပံတောင်းကိုပို့မဲ့ အက်ဆစ်ကားတွေ ကျနော်တို့ ဖြတ်တိုက်ထားတယ်၊ တိုးမှာ။ ကျနော်တို့ လက်ပံတောင်းနဲ့ ပက်သက်ပြီး နှစ်လအတွင်းမှာကို အထိအတွေ့ကများတယ်၊ သူတို့ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ပေါ့။ (စစ်ကား) ငါးစီးကို ဖြတ်တိုက်လိုက်တဲ့ စစ်ကြောင်းက အခုထိ ပြန်မဆုတ်သေးတာ။ အခုဒီနေ့ သူတို့ ထနောင်းဝင်းမှာ မွှေနေတယ်။ အခုတိုက်ပွဲဖြစ်တော့မှာမို့။”

    ကြေးနီစီမံကိန်းဆီပို့မယ့် အက်ဆစ်ကားတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မုံရွာအရှေ့ဘက်ကမ်းကို ဖိပြီး တိုက်ခိုက်လာတယ်လို့ ယင်းမာပင်မြို့က မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။ မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနားမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ခုလိုပြောပြပါတယ်။

    “သူတို့ဘက်က အင်အားဖြည့်မယ်ဆိုရင်တော့ ထိတွေ့တိုက်ပွဲကတော့ ဖြစ်မှာပဲ။ ဆိုတော့ အင်အားမဖြည့်တောင်မှ ကျနော်တို့နဲ့ မကြာမကြာ တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့။ တရုတ်စီမံကိန်းတွေကို ကာကွယ်မယ်၊ တရုတ်စီမံကိန်းတွေကို လုံခြုံရေး တိုးမြှင့်ပေးမယ်ဆိုရင် တိုက်ပွဲက အကြီးအကျယ် ဆက်ပြီး ဖြစ်လာနိုင်တဲ့အလားအလာ ရှိတာပေါ့။ လွန်ခဲ့တဲ့ ၃-၄-၅ ရက်ကနေ အခုအချိန်အထိက နမခဌာနချုပ်အနီးမှာ (ကျနော်တို့) စစ်ကြောင်းပတ်ချာလည် ထိုးနေတဲ့အနေအထားရှိတယ်။ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အက်ဆစ်ကားတွေပေါ်မှာ ပါလာတာပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲ စစ်ကောင်စီက ချေမှုန်းရေးတွေ လုပ်နေတာတော့ ရှိတယ်။”

    လက်ပံတောင်းနဲ့ စံပယ်တောင် ကြေးနီစီမံကိန်းတွေမှာ အလုပ်ဝင်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ထွက်ကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံ ကြေညာထားပါတယ်။ Myanmar Wanbao ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စေလွှတ်မယ်ဆိုပြီး ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းမှာ ဝန်ကြီးဌာနရုံးတွေ ဖွင့်မယ်လို့ မကြာသေးခင်က ပြောထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တခုကို တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် စစ်ရေး ကျယ်ပြန့်လာနိုင်ခြေနေနဲ့ လုံခြုံရေးတိုးပြီး ချထားလာနိုင်ခြေတွေကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တွက်ဆထားကြတာ ဖြစ်ပါတယ်။

  • ဟာသများနှင့် မင်းမှောင်လှိုင်

    ဟာသများနှင့် မင်းမှောင်လှိုင်

    အားကိုးအားထားပြုစရာ ကာကွယ်ရေးဦးစီးချုပ် ဆိုသူကလည်း တော်လှန်ရေးတပ်ဖွဲ့များ နေပြည်တော် တံခါးဝ ရောက်လာသည်နှင့် လေယာဉ်ပေါ် တက်ပြေးရန် အဆင်သင့် ပြင်ဆင်နေချိန်တွင် ရင်ဆိုင်တိုက်ပွဲများတွင် ၎င်း၏ သစ္စာခံများကတော့ အသေခံ တိုက်ခိုက်ပေးနေကြဆဲပင် ဖြစ်သည်။

    မင်းအောင်လှိုင်သည် တရုတ်မှ ၎င်းတို့ ပြုတ်ကျသွားသည်အထိ အဖြစ်မခံဟု စိတ်ထဲတွင် စွဲမှတ် ယုံကြည်နေသူ ဖြစ်သည်။ ထို့အတွက်လည်း ကျိုးနွံစွာ ၎င်းတို့ပြောသမျှ လိုက်လုပ်ပြီး နိုင်ငံတဝက်ကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိသည်ကို ကမ္ဘာသိ ဖြစ်ပါလျက် သန်းခေါင်စာရင်း ကောက် လူဦးရေ ဘယ်ရွေ့ဘယ်မျှ ရှိ‌နေပါသည်ဟု လိမ်ညာရဲသူ ဖြစ်သည်။

    ပြီးခဲ့သည့်နှစ် မတ်လ ၁၈ ရက်နေ့ ရုရှားမီဒီယာနှင့် အင်တာဗျူးတွင် မင်းအောင်လှိုင် ပြောခဲ့သည် တခုက ရယ်စရာအကောင်းဆုံး ဟာသအဖြစ် တင်ကျန်သွားခဲ့သည်။ ၎င်းအား သားသမီးများအား မည်သို့ ဆုံးမသွန်သင်ခဲ့ပါသလဲ ဟူသော အမေးကို ဖြေရာတွင် အလုပ်ကြိုးစားလုပ်ကိုင်ပြီး ရိုးသားမှုရှိရန် သင်ကြားပေးခဲ့သည် ပြောသွားခဲ့ခြင်းပင် ဖြစ်သည်။

    သားသမီးများကတော့ ၎င်းတို့အား ရိုးသားမှုရှိရန် ပြောဆို ဆုံးမနေသည့် ဖခင်သည် ရရှိနေသည့် အစိုးရဝန်ထမ်းလစာနှင့် ရန်ကုန်၊ နေပြည်တော်နှင့် ပြင်ဦးလွင် တို့တွင် နန်းတော်တမျှ ခမ်းနားသော အိမ်ကြီးအိမ်ကောင်းများ အဘယ်ကြောင့် ပိုင်ဆိုင်နေရသနည်းဟု အတွေးများ ဝင်လာကြပြီး အ‌ကြောင်းရင်းကို သဘောပေါက်လာသည်နှင့်အမျှ တိုင်းပြည်အား ဖခင်ပေးသည့် အမွေအနှစ် ဆိုကာ ထင်တိုင်းကြဲလာခဲ့ကြသည်။

    နောက်ထပ် ပြက်လုံးတခုကား စက်တင်ဘာ ၂၇ ရက် ကမ္ဘာ့ခရီးသွား‌လာရေးနေ့တွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် နိုင်ငံတဝန်း လုံခြုံစိတ်ချစွာ သွားလာနိုင်စွမ်း ရှိကြောင်း သတင်းမှန်များ ထုတ်ပြန်ပေးရန် ဝန်ကြီး၊ ဝန်ကလေးများကို ညွှန်ကြားခဲ့ခြင်းပင် ဖြစ်သည်။

    ၎င်း ထိုသို့မပြောမီ နှစ်လအလို ဇူလိုင်လအတွင်း ကမ္ဘာကျော် ငပလီကမ်းခြေအား အာရက္ခတပ်တော်မှ အပြီးအပိုင် သိမ်းပိုက်ခဲ့ပြီး ဖြစ်နေသည်။

    မင်းအောင်လှိုင်သည် ထိုသို့ ပြက်လုံးဆန်ဆန် ဟာဒယရွှင်ဆေးများဖြင့် တိုင်းပြည်သည် ပုံမှန် ဖြစ်နေပါသည်ဟု ကမ္ဘာကို လှည့်ဖြားရန် မရမက ပြောဆိုလာခြင်း ဖြစ်သည်။

    နိုင်ငံခြားသားများ မဆိုထားဘိ ပြည်တွင်းနေသူများပင် တနေရာမှ တနေရာသို့ ဘုရားစာရွတ်၍ သွားနေရသည့် အ‌နေအထားမျိုး ဖြစ်နေသည်။

    ၎င်းကဲ့သို့ပင် ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးအဖြစ် ချောင်ထိုးခံထားရသော မြထွန်းဦး သည်လည်း ထူးမခြားနားပင် နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားများ အကြိုက်နေရာများသည် လုံခြုံစိတ်ချရကြောင်း သတင်းမှန်များ ဖြန့်ဖြူးပြီး ဆွဲဆောင်ကြရန် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သော ခရီးသွားလာရေး ဗဟိုလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြောဆိုသွားပြန်သည်။

    ၎င်းတို့အားလုံး စိတ်ထဲ ဖြစ်စေချင်သည် မှန်သမျှ အပြင်တွင်လည်း တကယ်ဖြစ်နေသည်ဟု စွဲထင်နေသော စိတ္တဇဝေဒနာရှင်များဟု မဆိုက အခြားမည်သို့များ ပြော၍ ရနိုင်ပေဦးမည်နည်း။ ထိုသို့သော လူမျိုးများက တိုင်းပြည်ကို သားစဉ်မြေးဆက် အုပ်ချုပ်သွားရန် လုံးပန်းနေခြင်းကပင် ၅၄ သန်းသော ပြည်သူများ၏ အနာဂတ်အတွက် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကြီး ကျရောက်လာ‌နေခြင်းပင် ဖြစ်သည်။

    ၎င်းတို့ကဲ့သို့ ရူးသွပ်ခြင်း မရှိရှာသည့် အမေရိကန်အစိုးရသည် နောက်တနေ့မှာပင် ၎င်းတို့၏ နိုင်ငံသားများအား မြန်မာပြည်သို့ ခရီးမသွားရန် အလန့်တကြား သတိပေးလာခဲ့သည်။

    ထို့အပြင် အမေရိကန်မှ ၎င်း၏သား ပါဝင်ပတ်သက်နေသော Mytel တယ်လီကွန်း ကုမ္ပဏီအား နာမည်ပျက်စာရင်းသွင်းကာ ဒဏ်ခတ် ပိတ်ဆို့လိုက်ပြန်သည်။

    ပြီးခဲ့သည် မတ်လ တော်လှန်ရေးနေ့တွင် ရခိုင်၊ ကချင်နှင့် ရှမ်းမြောက်‌ဒေသများရှိ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းယူရန် ထိုးစစ်များ ဆင်နွှဲတော့မည်ဟု ကြိမ်းဝါးခဲ့သော်ငြားလည်း ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် လားရှိုးနှင့်အတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုပါ လက်လွှတ်ခဲ့ရသည်။

    ၎င်းပြောသည့် ထိုးစစ်များက မည်ကာမတ္တမျှသာ ထွက်ပေါ်လာခဲ့သည်။ တိုင်းပြည် ပုံမှန်ဖြစ်ရန် ကြိုးပမ်းမှုမှန်သမျှကို အခိုင်အမာ ထောက်ခံကြောင်း တရုတ်ထံမှ ကတိကဝတ်များ ရခဲ့ပြီး‌နောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လာ‌သော်လည်း ရှုံးပြီးရင်းသာ ရှုံးလာနေပြီး အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုပါ ထပ်မံလက်လွှတ်ခဲ့ရသည်။

    ဗျူဟာမြောက် ပြန်လည်စုစည်းနေသည် ဆိုသော်လည်း လက်တွေ့တွင် ဗုံးကြဲတိုက်ခိုက်မှုများသာ တိုး၍လာနေပြီး ဗုဒ္ဓဟူးနေ့တွင် ရမ်းဗြဲကျွန်းရှိ ကျောက်နီမော်ရွာကို လာရောက် ဗုံးကြဲခဲ့သဖြင့် ကျေးရွာသူ ကျေးရွာသား၊ အမျိုးသမီးနှင့် ကလေးများ အပါအဝင် ၄၀ ခန့် သေဆုံးခဲ့သည်ဆိုသော အေပီ သတင်းကို ကမ္ဘာတဝန်း သတင်းစာများက ကူးယူ ဖော်ပြခဲ့ကြသည်။

    ကချင်လွတ်လပ်ရေးတပ်မတော်သည်လည်း နိုင်ငံမြောက်ပိုင်းတွင် အောင်ပွဲအလီလီ ရရှိလာခဲ့ရာ ဗုဒ္ဓဟူးနေ့ နံနက်တွင် မံစီရှိ ခမရ ၃၁၉၊ ၆၀၁ နှင့် အမြောက်တပ်ရင်း ၅၂၃ တို့ကို သိမ်းယူနိုင်ခဲ့မှုနှင့် အတူ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။

    ခရိုင်မြို့တမြို့ဖြစ်သည့် ဗန်းမော်မြို့တွင်း တိုက်ပွဲများ ဖြစ်နေပြီး စစ်တပ်က လေကြောင်းမှ လက်နက်နှင့် ရိက္ခာများ ချပေးနေရသည့်အဖြစ် ရောက်လာသည်။

    ချင်းပြည်နယ်တခုလုံးအားလည်း လက်လွှတ်ရဖို့ တဲတဲလေးသာ ကျန်တော့သည်ဟု မြေပြင် သတင်းများက ဆိုသည်။

    ဤသည်က တော်လှန်ရေးနေ့တွင် ကြိမ်းဝါးခဲ့ပြီးနောက် ထွက်ပေါ်လာသော ၎င်း၏ စွမ်းဆောင်ရည်များသာ ဖြစ်သည်။

    မင်းအောင်လှိုင်ဘက်တွင် လူအင်အား၊ လက်နက်အင်အားများ အစစအရာရာ သာလွန်နေပြီး လေကြောင်းမှလည်း အသာစီးရနေသည့်ကြားမှ နေ့စဉ်ရက်ဆက်ဆိုသလို အရေးနိမ့်နေသည်ကို ကြည့်ပြီး ပုံမှန်စိတ် ရှိသူများဆိုက ကာကွယ်ရေးဦးစီးချုပ် ဆိုသူ၏ အရည်အချင်းအပေါ် မဖြစ်မနေ မေးခွန်းထုတ်လာရတော့မည်သာ ဖြစ်သည်။

    နိုင်ငံအုပ်ချုပ်‌ရေးပိုင်း ကြည့်ပြန်လျှင်လည်း အိမ်နီးချင်းတိုင်းပြည်များ မီးထိန်ထိန်လင်းနေချိန်တွင် တပြည်လုံးအား ဖယောင်းတိုင်ဖြင့် နေနိုင်ရန်အထိ စွမ်းဆောင်ရည် ထပ်မံ မြင့်တက်လာခဲ့သည်။

    နောက်ထပ်ရရှိသော သတင်းအရ ၂၀၂၄ ဖေဖော်ဝါရီလအတွင်း နယူးယောက်ရှိ ဖက်ဒရယ် တရားရုံးတွင် မြန်မာရှိ လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်ရှိ ယူရေနီယံနှင့် ပလူတိုနီယံများကို အီရန်သို့ တရားမဝင် ရောင်းချရန် စွဲဆိုခံထားရသည့် ဂျပန် ယာကူဇာဂိုဏ်းခေါင်းဆောင် တာကီရှိ အီဘီဆာဝါသည် ၎င်းတွင် အပြစ်ရှိကြောင်း တရားဝင် ဝန်ခံလိုက်ပြီ ဖြစ်သည်ဟု သိရသည်။

    ထို့အတွက် မြန်မာစစ်ခေါင်းဆောင်များအား အမေရိကန်သည် မျက်ခြည်မပြတ် စောင့်ကြည့်လာ‌တော့မည် ဖြစ်သည်။

    ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

    လှစိုးဝေ