လေတပ်က ပြည်သူ့ဘဝအေးချမ်းတိုးတက်ရေး ဘက်ပေါင်းစုံက များစွာ အထောက် အကူ ပြုနေလို့ လေတပ်ချုပ်ပြော

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ယမန်နေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တက်ရောက်လာတာတွေ့ရပါတယ်။

လေကြောင်းအာကာသနယ်ပယ်မှာ လေကြောင်းစွမ်းအားစုတွေအနေနဲ့ စစ်ပွဲအောင်နိုင်ရေးအတွက်သာမက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူနေမှုဘဝ အေးချမ်းတိုးတက်ပြည့်စုံရေးအတွက်ပါ ဘက်ပေါင်းစုံက အထောက်အကူ များစွာပြုနေတယ်လို့ နိုင်ငံတဝန်း အရပ်သားပစ်မှတ်တွေကို ဗုံးပတ်ကြဲနေတဲ့ လေတပ်ခေါင်းဆောင်က ပြောပါတယ်။

တဖန် လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမယ့် သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမယ်လို့ လေတပ်ချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက်/ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ကျင့်တည်ဆောက်သွားကြဖို့လည်း ဗိုလ်ချုပ်ကြီးက မှာကြားသွားပါသေးတယ်။

တပ်မတော်(လေ)ရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အစဉ်အလာတွေကို နောင်တော်လေတပ်သားတွေနဲ့အတူ ကိုယ်ကျိုးစွန်အနစ်နာခံပြီး စောင့်ထိန်းဖို့ အလေးအနက်ထား မှာကြားလိုတယ်လို့ စစ်ကောင်စီတပ် ထိပ်ပိုင်းအကြီးအကဲက ပြောသွားပါတယ်။

စစ်ကောင်စီလေတပ်ဟာ ဒီနှစ် ၂၀၂၅ နှစ်စ နှစ်ပတ်ကျော်မှာတင် စစ်ရှုံးဒေသက မြို့တွေအပါအဝင် မြို့ ၂၀ နဲ့အထက်ကို လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူ ၁၀၀ နီးပါးအထိ သေဆုံးခဲ့ရပြီဖြစ်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *