Author: Admin-501

  • နယ်စပ်အား ထိုင်းဘက်မှ ပိတ်ဆို့ဖြတ်တောက်မှု ဖယ်ရှားပေးရန် BGF တောင်းဆို

    နယ်စပ်အား ထိုင်းဘက်မှ ပိတ်ဆို့ဖြတ်တောက်မှု ဖယ်ရှားပေးရန် BGF တောင်းဆို

    ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီမြို့အား ထိုင်းအစိုးရမှ လျှပ်စစ်မီး၊ လောင်စာဆီနှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းများကို ဖယ်ရှားပေးရန် ကရင်နယ်ခြားစောင့်တပ် (BGF)က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုလိုက်သည်။

    BGFအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ မျှော်လင့်မထားသော နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များကို နှိမ်နင်းတိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက် အတိုင်း လုပ်ငန်းများကို ဝင်ရောက်စီးနင်း၍ တရားခံများ ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများ ကယ်တင်ခြင်းတို့ကို ဆောင်ရွက်၍ သက်ဆိုင်ရာ အာဏာပိုင်များသို့ လွှဲပြောင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသား ၇၀၀၀ ကျော်အား အခက်ခဲများကြားမှ ယနေ့တိုင် ကူညီစောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။

    လက်ရှိတွင် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိသော်လည်း နယ်စပ်မြို့ ဖြစ်သည့် မြဝတီမြို့အား တဖက်နိုင်ငံမှ လျှပ်စစ်မီး၊ စက်သုံးဆီ နှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းတို့ကြောင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာစွာ ကူညီစောင့်ရှောက်မှုလုပ်ငန်းများတွင် အခက်အခဲဖြစ်ပေါ်နေသည်ဟု BGF က ပြောသည်။

    ထို့ကြောင့် ကမ္ဘာအရပ်ရပ်မှ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံးလာရောက်ခေါ်ယူကြပါရန်နှင့် မြန်မာနိုင်ငံနယ်စပ်ရှိ အပြစ်မဲ့ ပြည်သူများ၏ နေ့စဉ်နေထိုင်မှုဘဝကို ထိခိုက်စေသော လူသားချင်းစာနာမှုကင်းမဲ့သော ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် BGF က တောင်းဆို ထုတ်ပြန်ထားသည်။

    ထိုင်းအစိုးရက ကျားဖြန့်နှိမ်နင်းရေးအတွက် တာချီလိတ်၊ ဘုရားသုံးဆူ၊ မြဝတီမြို့ အပါအဝင် နယ်စပ်ဒေသ ၅ နေရာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ လျှပ်စစ်မီး၊ လောင်စာဆီ အစရှိသည်တို့ကို ဖြတ်တောက်ထားသည်။

    ပုံစာ- မြဝတီသို့ တင်ပို့မည့် ဆီကားများ ထိုင်းဘက်ခြမ်းတွင် ပိတ်မိနေပုံ/ The Reporters

  • AA နှင့် တိုက်ပွဲတွင် မဘသအစွန်းရောက်မိသားစုမှ  စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး

    AA နှင့် တိုက်ပွဲတွင် မဘသအစွန်းရောက်မိသားစုမှ စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး

    ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာတွင်ဖြစ်ပွားသည့် AA နှင့် တိုက်ပွဲတွင် မဘသအစွန်းရောက်မိသားစုမှ စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုး တိုက်ပွဲတွင် AA နှင့် တိုက်ခိုက်ရင်း မဘသအစွန်းရောက်မိသားစုအသိုင်းအ၀ိုင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးသွားကြောင်း မိခင်ဖြစ်သူ A 1 သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်ခင်ညိုညို က လူမှုကွန်ရက်မှတစ်ဆင့် ကြေညာထားသည်။

    ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပဲခူးတိုင်း ၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး သန့်ဇော်ဟိန်း အပါအဝင် အကြမ်းဖက်စစ်သားအများအပြား သေဆုံးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။

    ဒုတပ်ရင်းမှူး သန့်ဇော်ဟိန်း သည် ကသာ ဇာတိဖြစ်ပြီး မိဘများမှာ လက်ရှိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်ကာ A-1 သင်္ကန်းတိုက် ဖွင့်လှစ် လုပ်ကိုင်နေကြကြောင်း၊ အကြမ်းဖက်စစ်တပ်ကို အပြည့်အဝ ထောက်ခံသူများဖြစ်ကာ ကသာမြို့တွင် စစ်အာဏာသိမ်းပြီးကာစ တပ်ထောက်ခံပွဲများ လုပ်ဆောင်ချိန်တွင် ဗိုလ်မှူး သန့်ဇော်ဟိန်း ၏မိခင်ဖြစ်သူက လူတစ်ဦးလျှင် ကျပ် နှစ်သောင်းပေး၍ တပ်ထောက်ခံပေးပွဲ တက်ပေးရန် စည်းရုံးခဲ့သူဖြစ်ကြောင်း၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက် အမာခံများဖြစ်ကြောင်း သိရှိရသည်။

    “ဒုတပ်ရင်းမှူးအဆင့်နဲ့ ညောင်ကျိုးတိုက်ပွဲမှာ ကျတာ။ သူ့မိဘတွေက အစိမ်းတွေ။ သူ့အမေက ကသာဇာတိ။ ၂၀၂၃ လောက်မှ နေပြည်တော်ကို တိမ်းရှောင်တာ။ အရင်တုန်းက တပ်ထောက်ခံပွဲတွေကို ကသာမှာ ကမက ထ လုပ်ခဲ့တဲ့ တကယ့် ဘောမ အစစ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

    ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးမှုကို မဘသအစွန်းရောက် ဘုန်းကြီးများနှင့် အမျိုးသားရေးအစွန်းရောက် နောင်တောင်လေး၏ Myanmar National Post တို့က ဝမ်းနည်းကြေကွဲရသော ကဗျာများ ပေးပို့ခဲ့ကြပြီး ယင်းကဗျာများကို မိခင်ဒေါ်ခင်ညိုညိုက လူမှုကွန်ရက်တွင် တင်ထားသည်။

    A 1 သင်္ကန်းတိုက်ပိုင်ရှင် မိခင် ဒေါ်ခင်ညိုညိုက ညောင်ကျိုးတိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်မှူး သန့်ဇော်ဟိန်း၏ အလောင်းကို နေပြည်တော်အထိ သယ်ယူ၍ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။

    ဗိုလ်မှူးသန့်ဇော်ဟိန်းသည် သေဆုံးချိန်တွင် အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၅၀ ကျောင်းဆင်းဖြစ်ကာ သားသမီး ၃ ဦး ကျန်ရစ်ခဲ့သည်။

  • ဗန်း​မော်မြို့သိမ်းတိုက်ပွဲက ရဲ​ဘော်ပွကြီး

    “ပွကြီးရှေ့တည့်တည့် ​(စစ်သား)နှစ်ကောင်ဘွားကနည်းပေါ်လာတော့ ပွကြီးကမေးလိုက်တယ်။ ဟျောင့်တွေ မင်းတို့ဘယ်တပ်စိပ်ကလဲဆိုတော့ တစ်ယောက်ကဖြေတယ် စစ်နိုင်တပ်စိပ်က တဲ့။ ပွကြီးက သိလိုက်ပီ ဒါ ငါတို့လူမဟုတ်ဘူးဆိုတာပေါ့”

    ဗန်းမော် မြိုသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့အမှတ် (၂၃၆ )​ခြေလျင်တပ်ရင်း (ခလရ ၂၃၆) သိမ်း တိုက်ပွဲမှာ ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA)ဦး​ဆောင်တဲ့ ​​တော်လှန်​ရေးတပ်တွေ နဲ့ စစ်​သား​တွေ ​ထွေးလုံးရစ်ပတ်အသည်းအသန်တိုက်ခိုက်ချိန်မှာ အသက်ရှုမှား​လောက်တဲ့ အခိုက် အတန့်တစ်ခုပါ။

    ကချင်​ဒေသက ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (KPDF )တပ်ဖွဲ့ဝင်တစ်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် ​တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ရှိတဲ့သူ့ကိုသူငယ်ချင်း​တွေကရဲ​ဘော်ပွကြီးလို့ချစ်စနိုး​​ခေါ်ကြပါတယ်။ ဗန်း​မော်မြို့မှာစစ်တပ်ရဲ့ အဓိက တပ်ရင်းဌာနချုပ်ဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ရဲ့ ​ရှေ့မှာ ကာကင်းစခန်းကြီးလို့လည်း​ခေါ်နိုင်တဲ့ ခလရ (၂၃၆)တပ်ရင်းသိမ်းတိုက်ပွဲကို စစ်ကူ​အ​နေနဲ့လိုက်လာတာပါ။

    ခလရ၂၃၆ နဲ့ အမတ ၃၆၆ ကြား သစ်ပင်ခြုံနွယ်တွေ ပေါပြီးမျက်ကွယ်နေရာမျိုးမှာ စစ်သား ၂ ဦးနဲ့ပက်ပင်းတိုးခဲ့တာပါ။​လေ​ကြောင်း အန္တရာယ်၊ဒရုန်း အန္တရာယ်​တွေ​ကြောင့် ရဲ​ဘော်​တွေ​​မြေ​ပေါ် ပြားကပ်​နေ​အောင် ဝပ်ထားချိန်မှာ တပ်စိပ်​ရှေ့ဆုံးက ရဲ​ဘော်ပွကြီး နဲ့ စစ်သား ၂ ​ယောက်တည့်တည့်တိုးတာပါ။ကံ​ကောင်းတာက ရဲ​ဘော်ပွကြီးက သူ့ယူနီ​​ဘောင်းက ဘတ်တံဆိပ်ကိုဖြုတ်ထားတာဖြစ်ပါတယ်။သူ့​နောက် ခပ်လှမ်းလှမ်းမှာ ​ကျောင်းသားတပ်လို့​ခေါ်တဲ့ ABSDF နဲ့ KPDF တပ်ဖွဲ့ဝင်တချို့ကရှိ​နေပါတယ်။ ပွကြီး​ရှေ့က ၂ ​ယောက်ဟာ စစ်သား​တွေဆိုတာသိလိုက်တာနဲ့ ၄၀ မမထည့်ပစ်ရ​ပေမယ့် အသီးကုန်​နေတဲ့ ​သေနတ်ကိုအသာချလိုက်တယ်။

    ခပ်တည်တည်ပဲပြောလိုက်တယ် မင်းတို့ လူမမြင်ပဲ ဘာလို့ရမ်းပစ်နေကြတာလဲဒီမှာ ကိုယ့်အချင်းချင်းထိကုန်ရင် ဘယ်လိုလုပ်မလဲ ပေးစမ်းမင်းတို့သေနတ်ဆိုပီး ရှေ့ထွက်ရပ်လိုက်ပါတယ်။

    “တစ်ယောက်က ကြောင်အမ်းအမ်းနဲ့သေနတ်ကို ရှေ့ထိုးပေးပါရောချက်ခြင်းဆွဲယူပီး ပစ်သတ်လိုက်တယ်။နောက်တစ်ယောက်က ပွကြီးကို သေနတ်နဲ့ပစ်ဖို့ ချိန်လိုက်တဲ့အချိန်မှာ ပွကြီးကအဲ့ကောင်သေနတ်ကို ဆွဲယူပီး လက်သီးနဲ့ထိုးထဲ့လိုက်တယ်။ခွေးကောင်လဲကျသွားတယ်ဆွဲယူလိုက်တဲ့ သေနတ်နဲ့ပဲ ပစ်သတ်လိုက်ပြန်တယ်”ကျည်အသင့်ဖြည့်ပြီးသား စစ်သား ၂ ​ယောက်နဲ့ ပက်ပင်းတိုးတာမှာ ကျည်ကုန်​နေ​ပေမယ့် ​ကြောင်မသွားပဲ ဖြတ်ထိုးဥာဏ်သုံးပြီး လက်ချည်ဗလာတိုက်ခိုက်သွားတဲ့ ပွကြီးရဲ့ လုပ်ရပ်ကို KPDF ကတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ရဲ​ဘော်​သီဟ က စာနဲ့​ရေးပြပြီး ဂုဏ်ပြုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

    ပွကြီးနောက်ကကြည့်နေတဲ့ ရဲဘော်တွေသေနတ်တွေနဲ့ ချိန်ထားကြ​ပေမယ့်ကိုယ့်လူ ကွယ်နေတော့ ပစ်မရကြပါဘူး။ အက်ရှင်ရုပ်ရှင် ဇာတ်လမ်းဆန်ဆန် တိုက်ခိုက်ခဲ့တာမှာ ပွကြီးလက်မှာလည်း စစ်သားရဲ့သေနတ်လုယူလိုက်တဲ့အချိန်မှာပြောင်းတံကို ဆွဲမိသွားမို့ လက်အပူလောင်သွားပီး အရေပြား ကွာသွားခဲ့ပါ​သေးတယ်။

    ​ရှေ့တန်းမှာ အခုလိုအနီးကပ် ရန်သူနဲ့ကြုံရင်အတိုနဲ့ရှင်းရတာမျိုးပါ။ဒါ​ပေမယ့် အတိုက တစ်ပွင့်ဗိုလ်အထက်ပဲကိုင်ရတာမို့ ပွကြီးမှာ အတိုလည်းမရှိသလို ဓားမြှောင်လည်း မဆောင်ထားပါဘူး။ ဒါ​ကြောင့် လက်ဗလာနဲ့ နှစ်ယောက်တစ်ယောက်ကို စစ်သားဆီက သေနတ်ကိုလုပီး ပြန်ပစ်ခဲ့ရတာပါ။

    သေနတ်ကိုလုရင်းတိုက်ခိုက်ခဲ့တာမှာ ​​သေနတ်ပြောင်းကိုကိုင်းမိပြီး အပူ​လောင်ခဲ့တာ​ကြောင့်ရဲ​ဘော်ပွကြီးလက်အပူ​လောင်သွားပုံ။ ဓါတ်ပုံ- CJ

    “တကယ်တမ်းကြတော့သူ(ပွကြီး)က ပျော်ပျော်နေပီးအမြဲတမ်း တက်တက်ကြွကြွရှိတဲ့သူမျိုးပေါ့။ဒါပေမယ့်ဒီလိုဖြစ်ရပ်မျိုးကြတော့သူက ဉာဏ်ကောင်းသွားတာရယ်။ရန်သူကို နှစ်ယောက်တစ်ယောက်လက်ချည်ဗလာနဲ့ ဝင်လုံးရတာကတကယ်ကို ကျနော်တို့အတွက်က အံ့သြမှင်တက်စရာပါပဲ”လို့.ရဲ​ဘော်​သီဟက ​ပြောပါတယ်။

    ရဲ​​ဘော်ပွကြီးကသာ စစ်သား ၂ ​ယောက်ကိုအဲလို မရှင်းနိုင်ခဲ့ဘူးဆိုရင် စစ်သား ၂ ​ယောက်ကလည်း ကျည်အသင့်ဖြည့်ပြီးသားမို့ ပစ်ခတ်မယ်ဆိုရင် ပွကြီး​နောက်မှာ ရှိနေတဲ့ တပ်စိပ်ဖြစ်တဲ့ KPDF နဲ့ ABSDF က ရဲ​ဘော်​တွေ အနည်းနဲ့အများထိခိုက်မှု​တွေရှိနိုင်ပါတယ် ။ဒါ​ကြောင့် ရဲ​ဘော်ပွကြီးကို အဲ့မှာရှိနေခဲ့တဲ့ တစ်စိပ်လုံးကကျေးဇူးတင်နေကြတယ်။

    “ဒီအဖြစ်ကိုမျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ကျောင်းသားတပ်က ညီလေးက ဒရုန်းမိုင်းထိလို့ဆေးရုံရောက်လာတော့ ပြောပြလို့ကို မပီးနိုင်။ဒါမျိုးကို ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးတာအပြင်မှာချက်ခြင်းတုန့်ပြန်နိုင်စွမ်းရှိဖို့ကတော်တန်ယုံလူ မလွယ်ဘူးမဟုတ်လား” လို့ ရဲ​ဘော်သီဟက ဖွင့်ဟပါတယ်။

    KIA နဲ့ KPDF ၊ABSDF စတဲ့မဟာမိတ်တပ်​တွေရဲ့ပြောင်​မြောက်တဲ့ရဲစွမ်းသတ္တိ နဲ့ တိုက်စွမ်းရည်​တွေ​ကြောင့် စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေ ဗုံးမိုး​တွေရွာ ၊ ပြည်ပကဝယ်ယူထားတဲ့စွမ်းရည်မြင့်ဒရုန်း​တွေသုံး၊လက်နက်ကြီး​တွေ အများအပြားပစ် ​ပေမယ့် စစ်တပ်ရဲ့ ခလရ (၂၃၆) ကို​ရော ၊အမတ ၃၆၆ ကို​ရော​ ဖေ​ဖော်ဝါရီ တတိယပါတ်မှာ ​အောင်မြင်စွာသိမ်းပိုက်လိုက်ပါတယ် ။ စကခ (၂၁) ကို ကာ​ပေး​နေတဲ့ တပ်ရင်း​တွေကျသွားတာမို့ စစ်တပ်အတွက် ရှုံးချက်နာလှပါတယ်။

    အခုဆိုရင် KIA နဲ့ ပူး​ပေါင်းတပ်​တွေရဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှာစတင်တဲ့ ကချင်ပြည်နယ် ဒုတိယမြို့​တော်ကိုသိမ်းတဲ့ စစ်ဆင်​ရေးဟာ နှစ်လ​ကျော်အတွင်း အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း ၊ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်း ၊ အမှတ် (၃၆၆) အမြောက်တပ်ရင်း၊ အမှတ် (၂၃၆)​ခြေလျင်တပ်ရင်း၊ ဗန်း​မော်​လေယာဥ်ကွင်း ၊စရဖရုံး နဲဲ ဗန်း​မော်မြို့အတွင်းစစ်တပ်တပ်စွဲရာ​နေရာအများအပြားကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ် ။

    ဗန်း​မော်မြို့မှာ စစ်​ကောင်စီရဲ့ အဓိကတပ်ရင်းဌာနချုပ်ဖြစ်တဲ့ စကခ ၂၁ ကိုလည်းထိုးစစ်ဆင်​နေပြီဖြစ်ပြီး သိမ်းပိုက်ဖို့နီးကပ်လာတာပါ။ ဗန်း​မော်မြို့ဟာ ကချင်ပြည်နယ်မှာ စစ်​ရေးအရ ဗျူဟာ​မြောက်လှတာမို့ စစ်တပ်ကလည်း ​လေ​ကြောင်းတိုက်ခိုက်မှု​တွေနဲ့ အပြင်းအထန်ခုခံခဲ့ပါတယ်။ ဗန်း​မော်မှာ အရင်ရှိ​နေတဲ့ တပ်​တွေရယ် ၊စစ်ရှုံးပြီး စွန့်လွတ်ရတဲ့မြို့​တွေက ​ပြေးလာတဲ့စစ်တပ်​တွေရယ် အင်အား​ထောင်ချီ ရှိသလို ခံစစ်အခိုင်အမာတည်​ဆောက်ထားတာ​ကြောင့်တိုက်ပွဲ​တွေဟာပြင်းထန်လှပါတယ်။

    မြို့သိမ်းတိုက်ပွဲ တ​လျှောက် ​​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေဟာ ရဲဝံ့စွန့်စားကြသလို ၊ပြင်းထန်လှတဲ့တိုက်ပွဲမို့ နှစ်ဖက် ထိခိုက်ကျဆုံးမှု​တွေလည်းများတယ်လို့ရဲ​ဘော်​တွေက​ပြောပါတယ်။ ဒီလို ပြင်းထန်တဲ့ ​ရှေ့တန်းမှာ ရဲ​ဘော်ပွကြီးလို တပ်ဖွဲ့ဝင်​တွေရဲ့ စွမ်းရည်​တွေ​ကြောင့် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့​တော်မှာ KIA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်နိုင်နီးကပ်လာပြီဖြစ်ပါတယ်။

    အခု​တော့ ရဲ​ဘော်ပွကြီးရဲ့ အပူ​လောင်တဲလက်ကလည်း​ဆေးထည့်ပြီး​ကောင်းသွားပါပြီ။သမိုင်းဝင်ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာ ရဲ​ဘော်သီဟ အတွက် ရဲ​ဘော်ပွကြီးရဲ့ စွမ်း​ဆောင်မှုကို အမြဲအ မှတ်ရနေမှာဖြစ်ပြီး မှတ်တမ်းတင်ထားပြီဖြစ်ပါတယ်။

    “သတ္တိကောင်းခဲ့တာလားဆိုတော့တကယ်တမ်းပြောရရင်ရဲဘော်တိုင်း သတ္တိကောင်းကြတယ်။ဒါပေမယ့်ဒီလိုနဖူးတွေ့ ဒူးတွေ့ အသက်လုရမယ့် အချိန်ရောက်တော့ သတ္တိရှိတယ်ဆိုတာထက် လုပ်သင့်တာကို သူမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်တာက ကျနော်တို့ သူ့ကို ပိုလေးစားစရာ ဖြစ်ရတာပေါ့”လို့ ရဲ​ဘော်ပွကြီးရဲ့ စွမ်း​ဆောင်ရည်အ​ပေါ် ရဲ​ဘော်သီဟက မှတ်ချက်ပြုလိုက်ပါတယ်။

  • ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို  စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့်  ထောင်ချမည်

    ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်

    ပုသိမ်တွင် စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်ဟု ဗိုလ်မှူးဇော်နိုင် ခြိမ်းခြောက်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို စစ်မှုစာရင်းသွင်းရန် လက်မှတ်ရေးထိုးခိုင်းပြီး စစ်မှုထမ်းရမည့်အချိန်တွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် မြန်မာနိုင်ငံသို့ ပြန်မလာခြင်းများ ဖြစ်ပေါ်ပါက မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင် ၁ နှစ်ချမှတ်မည်ဟု ဗိုလ်မှူးဇော်နိုင်က ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ထိုသို့ ခြိမ်းခြောက်သူ ဗိုလ်မှူးဇော်နိုင်မှာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဖြစ်ပြီး ပုသိမ်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ တာဝန်ခံတစ်ဦးလည်းဖြစ်သည်။

    ပုသိမ်မြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ စစ်မှုထမ်းမည့် အသက် အရွယ်ပြည့်ပြီးသော လူငယ်များကို မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရုံးများသို့ ဆင့်ခေါ်ပြီး စစ်မှုထမ်းရန် သဘောတူပါသည်ဆိုသော လက်မှတ်များ ထိုးခိုင်းနေကြောင်း ၊ စစ်မှုထမ်းစာရင်းသွင်း မှတ်ပုံတင်ထားသည့် လူငယ်များ ပြည်ပရောက်နေပါကလည်း မိဘဆွေမျိုးများက ပြန်လည်ခေါ်ယူထားရန်၊ စစ်မှုထမ်းချိန် လူငယ်များ မရှိပါက မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ဖမ်းဆီးအရေးယူ၍ ထောင် ၃ နှစ်ချမှတ်သွားမည်ဟု ၎င်းက ဆိုသည်။

    “စစ်မှုထမ်း အသက်အရွယ်ရောက်သူတွေကို စာရင်းသွင်းဖို့ဆိုပြီး မြို့နယ် ထွေ/အုပ် ရုံးကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းနေတာ အဲလိုလက်မှတ်ထိုးတဲ့ လူငယ်တွေကို ဗိုလ်မှူး ဇော်နိုင်က ခြိမ်းခြောက်ပြောဆိုတာ ထိုင်း‌တို့ အခြားနေရာတို့မှာ အလုပ်သွားလုပ်နေရင် ပြန်ခေါ်ထားဖို့နဲ့ စစ်မှုထမ်း မဲပေါက်လို့ လူမရှိရင် မိသားစုဝင်တစ်ဦး ကိုယ်စားလိုက်ရမယ်။ လူစားလိုက်မယ့်သူ မရှိရင် မိဘကို ဖမ်းဆီးအရေးယူပြီး ထောင် ချမယ်။ မိဘကို ထိရင် သားသမီးက ပြန်လာမှာပဲ။ အဲ့ဒီတော့မှ စစ်မှုထမ်းဖို့ ပြန်လာရင်လည်း ပြန်လာမယ့်လူငယ်ကို ထောင် ၂ နှစ်ချမယ်။ ပြီးရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက် ပြောဆိုနေတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ တွင် မည်သူမဆို ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့နယ်၊ စမ်းကျေးရွာမှ လူငယ် ၃ ဦးနှင့် စိမ့်ထဲကျေးရွာမှ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်ထဲထိ ဝင်ရောက်၍ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “လေးမျက်နှာမြို့နယ် စမ်းကျေးရွာမှ နေတဲ့ လူငယ် ၃ ဦးကို ဒီနေ့ မွန်းလွဲပိုင်းက စစ်ခွေးတွေ နေအိမ်ပေါ်ထိတက်ပြီး စစ်မှုထမ်းဖို့ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ စိမ့်ထဲကျေးရွာက လူငယ် ၃ ဦးကိုလည်း နေအိမ်ပေါ်ထိ တက်ပြီး စစ်မှုထမ်းဖို့ ဆိုပြီး အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အခု မိသားစုတွေ စိုးရိမ်သောကရောက်နေကြရပြီ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ဗိုလ်မှူးဇော်နိုင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း။

  • ပုလောမှာ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ သတ်ဖြတ်ခံရ

    ပုလောမှာ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ သတ်ဖြတ်ခံရ

    တနင်္သာရီတိုင်း၊ ပုလောမြို့ အမှတ် ၃ ရပ်ကွက်က စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ စာတိုက်စာရေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေက အသက် ၇၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နဲ့ သားဖြစ်သူ အသက် ၄၁ နှစ်အရွယ် စာတိုက်စာရေး ကိုဝင်းမင်းထွန်းကိုတို့ကို သူတို့နေအိမ် မှာပဲ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ ပူးပေါင်းတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

    သူတို့ဟာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းတာနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာကြောင့် ရှင်းလင်းတာလို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

    “၂၇ ရက်နေ့ ညနေ ခြောက်နာခွဲလောက်မှာ ရှင်းလင်းခဲ့တယ် ခင်ဗျ။ အဓိက အကြောင်းအရင်းကတော့ စစ်မှုထမ်း လူသစ် စုဆောင်းတာ၊ ခြိမ်းခြောက်တာ၊ ငွေညှစ်တာ၊ သတင်းပေးလုပ်တာတွေ လုပ်နေလို့ပါဗျ”

    ဦးထွန်းမြင့်ဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်သူတွေ နဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဖို့အတွက် သတင်းပေးတာ၊ အတင်းအဓ္မ စစ်သားစုဆောင်းတာ၊ လူငယ်တွေကို စစ်မှုထမ်းရမယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်တာတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    သားဖြစ်သူ ကိုဝင်းမင်းထွန်းကလည်း CDM တွေနဲ့ လက်နက်ကိုင်ဆန့်ကျင်သူတွေရဲ့နေအိမ်တွေကို လိုက်လံပြသတာ၊ စစ်ကောင်စီကိုသတင်းပေးတာ၊ စစ်မှုထမ်းအတွက် အိမ်ထောင်စုစာရင်းကောက်တာတွေ ပြုလုပ်တယ်လို့ ပြောပါတယ်။

    ပုလောမြို့နယ်က ရပ်ကွက်ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်ကောင်စီယန္တရားလည်ပတ်နိုင်အောင် ကူညီတာ၊ လူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေမလုပ်ကြဖို့ တိုက်တွန်းထားပြီး ပြုလုပ်ပါက အပြင်းထန်ဆုံး အပြစ်ပေးသွားမယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။