Author: Baby Yit Lone

  • လယ်ကွင်းများထဲ ရွှေတူးဖော်တဲ့ ညီနောင်တပ်ဖွဲ့များ

    လယ်ကွင်းများထဲ ရွှေတူးဖော်တဲ့ ညီနောင်တပ်ဖွဲ့များ

    သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

    မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ) က ပြောသည်။

    လက်ရှိ ရွှေတူးဖော်သည့်နေရာမှာ မိုင်းငေါ့မြို့နယ် ကွန်ကောက်ရွာနှင့် မန်ပင့်ရွာကြားရှိ လယ်မြေများဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီးနေကြောင်း နန်းခမ်းက ဆိုသည်။

    “သူတို့မြေစာပုံကြီးက လွိုင်ဆမ်ဆစ်တောင်နဲ့ တော်တော်တူတယ်။ ချောင်းဘေးတစ်လျှောက် လယ်ကွက်တွေ မမြင်ရတော့ဘူး။ ကျမတို့လယ်တွေလည်း ပါပါတယ်။ ကျမတို့ မိုင်းငေါ့ကတော့ ရှေ့ဆက်ပြီး ဘယ်လိုခံစားရဦးမလဲ မသိတော့ပါဘူး” ဟု နန်းခမ်းက ပြောသည်။

    အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းများကို နေ့ဘက်တွင်သာမက ညဉ့်နက်သန်းခေါင် ၁ နာရီခန့်အထိ တူးဖော်နေကြခြင်း ဖြစ်သည်။

    “အခု ဘယ်ဘက်ကိုပဲလှည့်လှည့် ဘက်ဟိုးကားတွေပဲ တွေ့ရတယ်။ ညဆိုရင်လည်း တဒုတ်ဒုတ်နဲ့ တူးနေတဲ့အသံတွေ ကြားနေရတယ်” ဟု နန်းခမ်းက ဆိုသည်။

    အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်သော်လည်း “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီးနောက် ပိုမိုတူးဖော်လာခြင်းဖြစ်ကြောင်း သိရသည်။

    ဒေသခံများ၏အဆိုအရ ကိုးကန့်တပ် (MNDAA) နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက တိုက်ရိုက်တူးဖော်နေပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က တူးဖော်ခွင့်ပြုပေးကာ အခွန်ကောက်ခံနေခြင်းဖြစ်ကြောင်း ဆိုသည်။

    TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့သည် ကျောက်မဲမြို့နှင့် (၃၂) မိုင်ခန့် ကွာဝေးပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်း၌ သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။
    “လက်နက်ကိုင်ထားတဲ့သူတွေ အားလုံးက ဘုရင်ပဲ။ သူတို့ ဒါလုပ်ဆိုရင် ပြည်သူက ဘာမှပြန်မပြောနိုင်ဘူး” ဟု မိုင်းငေါ့မြို့နယ်အတွင်း နေထိုင်သည့် စိုင်းလှကျော် (အမည်လွဲ) ကလည်း ပြောသည်။

    ရွှေတူးဖော်သူများက လယ်များကို ပြန်လည်ပြင်ဆင်ပေးမည်ဟု ပြောဆိုကာ မြေယာများကို ကျပ်ငွေ သိန်းဆယ်နှင့်ချီပေး၍ ဝယ်ယူခဲ့ကြသော်လည်း လက်တွေ့တွင်မူ မြေအောက်ခြေမှ သဲနှင့်ကျောက်များကို အပေါ်သို့ လှန်တင်ထားသဖြင့် မည်သည့်အခါမျှ လယ်ပြန်စိုက်၍ ရတော့မည်မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

    “သဲကျောက်တွေက အပေါ်မှာ ရောက်နေမှတော့ ၅ နှစ်လည်း လယ်ပြန်ဖြစ်မှာမဟုတ်ဘူး။ ၁၀ နှစ်လည်း လယ်ပြန်ဖြစ်မှာမဟုတ်ဘူး” ဟု နန်းခမ်းက ထပ်လောင်းပြောသည်။

    ထို့အပြင် ချောင်းအထက်ပိုင်းရှိ လယ်ရှင်များက အတင်းအကြပ် မြေရောင်းလိုက်လျှင် ရေလမ်းကြောင်း ပျက်စီးသွားသဖြင့် အောက်ပိုင်းရှိ လယ်သမားများမှာလည်း မရောင်းမနေရ အခြေအနေသို့ ရောက်ရှိသွားကြကြောင်း သိရသည်။

    “ချောင်းအဖျားပိုင်းက တစ်ယောက်က မြေရောင်းလိုက်ပြီဆိုရင် အောက်ကလူလည်း မရောင်းမနေရ ဖြစ်သွားပြီ။ သူများက ရွှေတူးပြီး ထွက်သွားပေမယ့် ကျမတို့မှာတော့ ဘယ်ကရေနဲ့ လယ်ပြန်လုပ်ရမှာလဲ” ဟု ၎င်းက ဆိုသည်။

    လက်ရှိတွင် မိုင်းငေါ့ဒေသခံ လူငယ်အများစုမှာ စစ်ဘေးနှင့် အလုပ်အကိုင် အခွင့်အလမ်းမရှိမှုကြောင့် နေရပ်စွန့်ခွာကုန်ကြပြီဖြစ်သည်။ ရွာများတွင် အဘိုးအဘွားများသာ ကျန်ရစ်ခဲ့ပြီး လယ်ယာမြေများပါ ပျက်စီးသွားပါက ဒေသခံတို့၏ ရေရှည်ရှင်သန်ရေးမှာ စိုးရိမ်စရာဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

    “နောက် ၅ နှစ်၊ ၁၀ နှစ်ဆိုရင် သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးမယ်။ ဒေသခံတွေလည်း လုပ်စားမရတော့လို့ နေရပ်စွန့်ပြီး နိုင်ငံခြားထွက်သွားကြမှာပဲ။ ဒေသခံတွေ တဖြည်းဖြည်းနဲ့ ပျောက်သွားမှာပေါ့” ဟု စိုင်းလှကျော်က ပြောသည်။

    ထို့အပြင် ဒေသခံများ စိုးရိမ်နေသည်မှာ မိမိတို့၏နေရပ်တွင် အခြားသော လူမျိုးစုများနှင့် ရင်းနှီးမြှုပ်နှံသူများက အစားထိုးနေရာယူလာပြီး မူလသျှမ်းရွာလေးများ ပျောက်ကွယ်သွားမည့်အရေးပင် ဖြစ်သည်။

    ပြည်သူကို ကာကွယ်မည်ဟု ကြွေးကြော်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ကိုယ်ကျိုးစီးပွားနှင့် လက်နက်ခဲယမ်းဝယ်ယူရေးအတွက်သာ ရှေးရှုပြီး ဒေသခံတို့၏ ဘိုးဘွားပိုင်မြေများကို ဖျက်ဆီးခွင့်ပြုနေမည်ဆိုပါက နောင်တစ်ချိန်တွင် မိုင်းငေါ့ဒေသ၌ ရွှေတွင်းဟောင်းများနှင့် မြေစာပုံကြီးများသာ ကျန်ရစ်တော့မည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    “လက်နက်ကိုင်တိုင်းက ကိုယ်ကျိုးစီးပွားနဲ့ ငွေကြေးအတွက်ဆိုရင် အရာရာကို မျက်စိမှိတ် ခွင့်ပြုလိုက်ကြတာပဲ။ သူတို့အတွက်ကတော့ ပြည်သူကို ကာကွယ်ဖို့ထက် လက်နက်ခဲယမ်း ဝယ်ယူနိုင်ရေးကသာ ပထမဦးစားပေး ဖြစ်နေပြီ” ဟု စိုင်းလှကျော်က ဆိုသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့သည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် MNDAA နှင့် TNLA တို့ ထိန်းချုပ်နိုင်သော နယ်မြေများတွင် ရွှေတူးဖော်မှုကို အလွန်အကျွံ ပြုလုပ်လာကြသည်။

    အလားတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်းရှိ လယ်ယာမြေပေါ် ရွှေတူးဖော်မှု ဖြစ်စဉ်တွင်လည်း မည်သူမှ တားဆီးမှုမပြုလုပ်ဘဲ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများကပါ လာဘ်စားကာ ရွှေတူးဖော်မှုပြုလုပ်နေသည်။

  • ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင်

    ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင်

    ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင်

    ယူကရိန်း၏ ကြီးမားသော ဒရုန်းတိုက်ခိုက်မှုများကြောင့် မီးခိုးများကို ဖင်လန်နိုင်ငံမှပင် လှမ်းမြင်ရအောင် ကြီးမားသော မီးလောင်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဘောလ်တစ်ပင်လယ်တွင် ရှိသော ရုရှား၏ ပရီမို့စ် နှင့် အပ်စ်လူဂါ ရေနံဆိပ်ကမ်း၂ ခုတွင် ရေနံတင်ဆောင်မှုများကို ယမန်နေ့က ဆိုင်းငံ့ထားကြောင်း သိရသည်။

    ယူကရိန်းကဘောလ်တစ် ဆိပ်ကမ်းများအား ဒရုန်းများဖြင့် တိုက်ခိုက်မှုသည် ၄ နှစ်ကြာမြင့်လာသော စစ်ပွဲတွင် ရုရှား၏ ရေနံတင်ပို့စခန်းများအပေါ် ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    အပ်စ်လူဂါ ဆိပ်ကမ်းအား ထိမှန်ခဲ့သည့် အချိန်ခန့်မှာပင် လမ်းကြောင်းလွဲသွားသော ယူကရိန်းဒရုန်း၂ စင်း လတ်ဗီယားနှင့် အက်စတိုးနီးယားနိုင်ငံတို့တွင် ကျရောက်ခဲ့ပြီး အက်စတိုးနီးယား ဓာတ်အားခွဲရုံတစ်ခုကို ထိမှန်ခဲ့သော်လည်း အပျက်အစီး မရှိပေ။

    ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် အပ်စ်လူဂါဆိပ်ကမ်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရုရှားအရာရှိများက ပြောကြားကြသည်။

    ထို့ပြင် အပ်စ်လူဂါ၏ မြောက်ဘက် ဖင်လန်ပင်လယ်ကွေ့ တစ်ဖက်ရှိ ပရီမို့စ်ဆိပ်ကမ်းမှာလည်း မကြာမီရက်များက တိုက်ခိုက်ခံခဲ့ရသည်။

    အပ်စ်လူဂါဆိပ်ကမ်း၌ လူဝင်၊ လူထွက်ပိတ်ထားပြီး ရေနံသိုလှောင်ကန်များ မီးလောင်နေသည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးက ပြောကြားပြီး လူထိခိုက်သေဆုံးမှု သတင်းမကြားရပေ။

    လွန်ခဲ့သော ၂ ရက် က စတင်လောင်ကျွမ်းနေသော ပရီမို့စ်ဆိပ်ကမ်းမီးကို အပြည့်အဝ မငြှိမ်းသတ်ရသေးကြောင်း ဖင်လန်ပင်လယ်ကွေ့ ကမ်းရိုးတန်းအစောင့်တပ် ခရိုင်ညွှန်ကြားရေးမှူး ဂျက်ကာပက်ကာလူမီလာတီ က ရိုက်တာသတင်းကို ပြောသည်။

    ယူကရိန်းတိုက်ခိုက်မှုများကြောင့် ရေနံယိုစိမ့်မှု မရှိဟု ၎င်းက ဆိုသည်။

    အင်္ဂါနေ့က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးလေဆိပ်သို့ ဆင်းသက်စဉ် ပရိမို့စ်ဆိပ်ကမ်းဘက်မှ မဲမှောင်သော မီးခိုးလုံးများ တက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ဖင်လင် ပါလီမန်အမတ်နှင့် ပါလီမန်ကာကွယ်ရေးကော်မတီဥက္ကဌ ဟိုက်ကီအပ်တိုက ပြောသည်။

    ပရီမို့စ်ဆိပ်ကမ်းသည် တစ်နေ့လျှင် ရေနံစည် တစ်သန်းခန့် တင်ပို့သော ဆိပ်ကမ်းဖြစ်ကာ အပ်စ်လူဂါဆိပ်ကမ်းကလည်း ပြီးခဲ့သည့်နှစ်က ရေနံထုတ်ကုန် တန်ပေါင်း ၃၂ ဒသမ ၉ သန်းတင်ပို့ခဲ့ကြောင်း သိရသည်။

  • နေပြည်တော်တွင် ငွေထုတ်ခဈေးနှုန်း မြင့်တက်

    နေပြည်တော်တွင် ငွေထုတ်ခဈေးနှုန်း မြင့်တက်

    စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ ပြင်ပ ငွေလွှဲငွေထုတ်ခ နှုန်းထားတွေ ရုတ်တရက် မြင့်တက်လာပြီး ငွေကျပ် တသိန်း ထုတ်ယူပါက ငွေကျပ် ၇,၀၀၀ အထိ ထုတ်ခပေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ငွေလွှဲငွေထုတ်ဆိုင်တွေမှာ မတ်လ ပထမအပတ်က ငွေကျပ်တသိန်း ထုတ်ယူပါက ငွေကျပ် ၁,၅၀၀ သာ ထုတ်ယူခပေးရပြီး စက်သုံးဆီရှားပါးတဲ့ပြဿနာနဲ့ စစ်ကောင်စီရဲ့ စုံရက်နဲ့ မ ရက် မောင်းခွင့် ကန့်သတ်ချက် ဖြစ်လာပြီးနောက် မတ်လဒုတိယအပတ်ကနေ ဒီနေ့အထိ ငွေကျပ်တသိန်း ထုတ်ခ ကျပ် ၇,၀၀၀ အထိ ပေးနေရတာလို့ ဆိုပါတယ်။

    နေပြည်တော် ပျဉ်းမနားမြို့နယ်က အရပ်သားတယောက်က “ပြီးခဲ့တဲ့ရက်တွေကပဲ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ တသိန်းကို ၁,၅၀၀ နှုန်းပဲ ပေးထုတ်ရပါတယ်။ စက်သုံးဆီအခက်အခဲ ဖြစ်လာပြီး သိပ်မကြာဘူး ၇ ရာခိုင်နှုန်း ဖြစ်သွားတယ်။ တသိန်းထုတ်ခ ၇,၀၀၀ ပေးရတယ်။ ငွေလွှဲ ငွေထုတ် ဆိုင်တွေက ငွေသားသိပ်မရှိဘူးလို့ ပြောပါတယ်။ ဘဏ်သွားထုတ်ရင် ကုန်ကျစရိတ်က ပိုများတော့ ထုတ်နေရတာပဲ” လို့ ပြောပါတယ်။

    အခုလို ငွေလွှဲငွေထုတ်ဆိုင်တွေမှာ ငွေထုတ်ယူခနှုန်းထားတွေ ဈေးထိုးတက်လာတာဟာ ဘဏ်တွေမှာ ငွေသားထုတ်ယူရမှု ကန့်သတ်ချက် ရှိနေတာနဲ့ စက်သုံးဆီအခက်အခဲကြောင့်နဲ့ စစ်ကောင်စီရဲ့ စုံရက် စုံဂဏန်းပါတဲ့ ယာဉ်မောင်း၊ မ ရက် မ ဂဏန်းပါတဲ့ ယာဉ်မောင်း သတ်မှတ်ချက်ကြောင့် ဘဏ်တွေမှာ ငွေသွားထုတ်တဲ့အခါ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    နေပြည်တော်က ငွေလွှဲ ငွေထုတ် လုပ်ငန်းရှင်တယောက်က “နေပြည်တော်မှာ နေတဲ့သူတွေ အကုန်သိပါတယ်။ ဘဏ်ကို ငွေသွားထုတ်ဖို့ဆို အချိန်ပေးရတယ်။ အခုဆို စက်သုံးဆီ အခက်အခဲအပြင် ငွေထုတ်ရတဲ့ အခက်အခဲကလည်း တော်တော်ဖြစ်လာတယ်။ တကြိမ်တည်း လိုသလောက် ထုတ်ယူမရဘူး။ အခက်အခဲကတော့ တဆိုင်နဲ့တဆိုင် မတူကြဘူးပေါ့လေ” လို့ ပြောပါတယ်။

    ဘဏ်တွေက ငွေသားကို တကြိမ်တည်း အများအပြား ထုတ်မပေးတာကြောင့် သင်္ကြန်ကာလ နီးကပ်လာပြီဖြစ်လို့ ဘဏ်တွေပိတ်တော့မှာ ဖြစ်တဲ့အတွက် ငွေထုတ်တဲ့သူတွေ အရင်ကထက် ပိုများလာပြီး ပြင်ပ ငွေလွှဲ ငွေထုတ် ဆိုင်တွေလည်း အကန့်အသတ်နဲ့သာ ထုတ်ယူနေရတယ်လို့ သိရပါတယ်။

    ဒါ့အပြင် စုံရက်၊ မ ရက် ယာဉ်မောင်းကန့်သတ်ချက်ကြောင့် ဘဏ်တွေရှိတဲ့ မြို့ပေါ်ကို ငွေသွားထုတ်ယူတာ၊ ငွေလွှဲတာတွေ လုပ်တဲ့သူ နည်းလာပြီး ရပ်ကွက်တွေထဲက ပြင်ပငွေလွှဲ ငွေထုတ် လုပ်ပေးနေတဲ့ ဆိုင်တွေမှာ ငွေထုတ်ယူတဲ့သူတွေ များပြားနေကာ ငွေသားလိုအပ်ချက်တွေလည်း များနေတယ်လို့ ငွေလွှဲ ငွေထုတ် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

  • မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး ပျက်စီးမှုရှိ

    မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး ပျက်စီးမှုရှိ

    စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်

    မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ပျက်စီးမှုရှိကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် မကွေးမြို့ပေါ်ရှိ မကွေးလေတပ်စခန်း ဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုကြောင့် လေတပ်စခန်း အတွင်း ထိခိုက်ပျက်စီးမှုရှိသော်လည်း အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    “မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်တာလို့ သိရတယ်။ အလုံးရေ ၅ လုံးမထက်မနည်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ လေတပ် စခန်းအတွင်း ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုရှိတာပဲ သိရတယ်။ အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မကွေးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၁ တပ်ရင်းနှင့် ခမရ ၃၁၇ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကား အများအပြားလည်း မကွေးလေတပ်စခန်း ဌာနချုပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုသည် ယနေ့ နံနက်အစောပိုင်းထိ ပြုလုပ်ခဲ့ပြီး မကွေးလေတပ်စခန်း အနီးကိုလည်း နံနက်အစောပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် ရှာဖွေရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

    “မနေ့က မကွေးလေတပ် ပစ်ခတ်ခံရပြီးတဲ့နောက်မှာ စစ်ခွေးတပ်ရင်းတွေဖြစ်တဲ့ ၃၀၁ နဲ့ ၃၁၇ ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်တာ နံနက်အစောပိုင်းလောက်ထိ လက်နက်ကြီးပစ်သံတွေကြားရတယ်။ မကွေးလေတပ်ထဲမှာလည်း စစ်ခွေးကားတွေရှိနေတုန်းပဲ လေတပ်အနီးက နေရာတွေကို ရှင်းလင်းရေးလုပ်နေတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စခန်းအတွင်း အားလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

    မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း အားလုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

    ယမန်နေ့ မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် မကွေးလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့ တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၁ လုံး အောင်မြင်စွာ လေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ ဆေးရုံကားများ ဝင်ထွက် သွားလာမှုရှိကြောင်း သိရသည်။

    “ မကွေးလေတပ်စခန်းက နွေဦးတော်လှန်ရေးရဲ့ အဓိကကျပြီး အားကောင်းတဲ့ အညာဒေသက တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နှိမ်နင်းရာမှာ စစ်ရှုံးကောင်စီ အဓိကအားထားသည့် လေတပ်စခန်းဖြစ်သည့်အပြင် ကပစ ၂၁ က ထုတ်တဲ့ လေယာဉ် ဗုံးသီးတွေကို အဓိက သိုလှောင်တဲ့ ခွေးလေတပ်စခန်းအသီးသီးကို အဓိကဖြန့်ဖြူးပေးနေတဲ့ အဓိကကျတဲ့ စကမရဲ့ လေတပ်စခန်းဖြစ်တဲ့ အတွက် BWM နဲ့ မဟာမိတ်တွေက ယခုမစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ ခြင်းဖြစ်ပါတယ်။ ၁ဝ၇ မမ ၁၁ လုံးနဲ့ ပစ်တာ ၁၁ လုံးစလုံး အောင်ပါတယ်။ ပစ်ခတ်ပြီး မကြာမီ အချိန်အတွင်း မကွေး လေတပ်အတွင်း ရှော့ တိုက် ဒုံးတွေကျ ရောက်ပေါက်ကွဲတယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။ မကွေးလေတပ်ထဲလည်း ဆေးရုံကား တွေ အဝင်အထွက်တွေရှိတယ်။ မကွေးလေတပ်ထဲမှာ သိုလှောင်ထားတဲ့ ဗုံးသီးတွေကို တိုက်ရိုက် ထိခိုက်မှု မရှိလို့ ပေါက်ကွဲမှု မရှိပေမယ့် stable မဖြစ် တော့ဘူးလို့ အထူးသတင်း ရရှိထားပါတယ်။ ဒါ့ကြောင့် အဲဒီဗုံးသီးတွေက အချိန်မရွေး ထပေါက်နိုင် တယ်လို့ သုံးသပ်ရပါတယ်။ လေယာဉ် တွေတွင် ချိတ်ပြီးကြဲရင် အန္တရာယ်ရှိနိုင်လို့ အထူးအဖွဲ့က ဆက်လက်စစ်ဆေးဖို့ စီစဉ်နေတယ်လို့လည်းသတင်း ရထားပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD-PDF၊ Infinity (အညာအဖွဲ့) ၊Justice Brothers Force အဖွဲ့၊ ဒေါင်းစစ်အောင်အဖွဲ့ နှင့် မြိုင်ပကဖ အဖွဲ့တို့ပူးပေါင်းကာ BWM ၏ မစ်ရှင် ၅၃ အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    မကွေးလေတပ်စခန်းသည် နွေဦးတော်လှန်ရေးအတွက် အဓိကကျပြီး အားကောင်းသော အညာ ဒေသရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နှိမ်နင်းရာတွင် စစ်ကောင်စီ၏ အဓိကအားထားရ သည့် လေတပ်စခန်းဖြစ်သည့်အပြင်၊ ကပစ ၂၁ မှ ထုတ်လုပ်သော လေယာဉ် ဗုံးသီးတို့ကို သိုလှောင် ကာ လေတပ်စခန်းအသီးသီးကို ဖြန့်ဖြူးပေးနေသည့် အဓိကကျသော လေတပ်စခန်းဖြစ်ကြောင်း သိရသည်။

    ကမ္ဘာတွင် ဆီဒုက္ခရောက်နေချိန် မြန်မာပြည်တွင်လည်း အကြီးအကျယ် ဆီ အခက်အခဲတွေ့နေချိန် တွင်ပင် အပြစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုတို့ကို ပြင်းပြင်းထန်ထန် ဆက်လက် တိုက် ခိုက်နေသော လေယာဉ်များ အဓိကရပ်နားရာ မကွေးလေတပ်စခန်းကို တိုက်ခိုက်ခြင်းဖြင့် ပြည်သူ့ ကိုယ်စား တန်ပြန်ရာရောက်သလို အညာတော်လှန်ရေးကိုလည်း အားဖြည့်ရာရောက်သည့်အတွက် BWM နှင့် မဟာမိတ်တို့က ယခုမစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

    ကမ္ဘာ့ဆီ အခက်အခဲကြောင့် အကြပ်ရိုက်နေသော စကမ၏ လေတပ်များကို ပိုမိုအင်အားချိနဲ့စေရန် အတွက် တော်လှန်ရေး အင်အားစုများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးစားကြရန်နှင့် လေတပ် အကြပ်ရိုက်ချိန်ကို အခွင့်ကောင်းယူ၍ တော်လှန်ရေး အရွေ့ကြီးကြီးမားမားဖြစ်ရန် BWM နှင့် မဟာ မိတ်အဖွဲ့ တို့မှလည်း တော်လှန်ရေးဘက်တော်သားများနှင့်အတူ ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း၊ ထို မကွေးလေတပ်ကို တိုက်ခိုက်မှုသည် BWM ၏ ပထမဆုံး အကြိမ်ဖြစ်ပြီး ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရခြင်းကြောင့် ဝိုင်းဝန်းကူညီပေးသော နယ်မြေခံ အဖွဲ့များ ကို အထူးကျေးဇူးတင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • ထိုင်းတွင် စီးပွားရေးကျပ်တည်းမှုကြောင့် စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်း

    ထိုင်းတွင် စီးပွားရေးကျပ်တည်းမှုကြောင့် စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်း

    မြန်မာလုပ်သားများ အလုပ်ထုတ်ခံရမှု မြင့်တက်နေ

    ထိုင်းနိုင်ငံအတွင်း စီးပွားရေးကျဆင်းမှုနှင့် စက်သုံးဆီပြဿနာများကြောင့် ယခုမတ်လအတွင်း မြန်မာ အလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်းခြင်းနှင့် လူဦးရေ လျော့ချခြင်းများ ပြုလုပ်နေသဖြင့် မြန်မာလုပ်သားများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

    လက်ရှိတွင် အလုပ်သမားဦးရေ လျော့ချခြင်းနှင့် စက်ရုံပိတ်သိမ်းခြင်းများကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူ မြန်မာလုပ်သား အရေအတွက်မှာ ယခုရက်ပိုင်းအတွင်း၌ပင် ၂၀၀ နီးပါး ရှိလာကြောင်း မဟာမိတ်အဖွဲ့ (MHAC) ထံမှ သိရသည်။

    အချို့စက်ရုံများမှာ လုပ်သားများကို လုပ်အားခမပေးဘဲ ပိတ်သိမ်းသွားမှုများလည်း ရှိနေသည်။

    “လက်ရှိထိုင်းနိုင်ငံထဲမှာ စက်သုံးဆီဂယက်ပဲပြောရမလား ထိုင်းစီးပွားရေးကျတယ်ပဲပြောရမလား ။ ထိုင်းစီးပွားရေးကျတာအပြင် နောက်တစ်ချက်က ထိုင်းလူမျိုးတွေကို နာမည်ခံခိုင်းထားပြီး အပြင်က လာလုပ်တဲ့ တရုတ်လုပ်ငန်းရှင်တွေ များလာတယ်။ အဲ့ဒီစက်ရုံတွေကို ဧပြီလ ၁ ရက်နေ့ကစပြီး ထိုင်းအာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးတော့မယ်။ အဲ့ဒီအခြေအနေတွေနဲ့လည်း အခုစက်ရုံပိတ်တာတွေက ဆက်စပ်မယ်”ဟု အေအေစီရဲမင်းက ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စက်ရုံတစ်ခုမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၇၂ ဦးအတွက် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့များဖြစ်သည့် MHAC၊ AAC နှင့် LPN တို့က ကူညီဆောင်ရွက်ပေးခဲ့ရာ နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

    ထိုင်းနိုင်ငံတွင် စီးပွားရေးကျဆင်းမှုအပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စက်သုံးဆီ ရရှိမှု အခက် အခဲများ ရှိလာသဖြင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများ တွင်လည်း ရိုက်ခတ်မှုများ ရှိနေကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။

    ယခုကဲ့သို့ စက်ရုံများ ပိတ်သိမ်းမှု မြင့်တက်လာနိုင်သည့် အခြေအနေကြောင့် ထိုင်းရောက် မြန်မာ အလုပ်သမားများအနေဖြင့် ရရှိထားသည့် အလုပ်အကိုင်များ မပြုတ်စေရန် ဂရုတစိုက် နေထိုင်ကြရန်နှင့် ငွေကြေးများကို စနစ်တကျ စုဆောင်းထားကြရန် အလုပ်သမား အကူအညီပေးရေး အဖွဲ့များက သတိပေး တိုက်တွန်းထားသည်။

    ဓာတ်ပုံ – လူမှုကွန်ရက်