ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးရှိ စစ်အုပ်စု၏ အမှတ် (၃၄၄) အမြောက်တပ်ရင်း (အမတ ၃၄၄) ကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်း ဝန်းပိတ်ဆို့ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာအနီးတွင် တည်ရှိသည့် အဆိုပါ အမြောက်တပ်ရင်းကို ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ စတင်ကာ ယနေ့ (မေလ ၁၃ရက်) အထိ AAဦးဆောင်သော တော်လှန် ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုဘက်မှ အထိနာနေသည်ဟု မြေပြင်သတင်းရင်းမြစ်တဦးက ပြောသည်။
“AA ဘက်က အခုတခေါက်မှာ အင်အားအလုံးအရင်းနဲ့ ပြန်တိုက်လာတာ။ အရင်ကလို ဂွမြို့ဘက်ကို ဦးတည်လာမယ့် စစ်ကြောင်းတွေကို ဟန့်တားနေရုံတင်မဟုတ်တော့ဘဲ အမြောက်တပ်ရင်းကိုပါ သိမ်းပိုက်နိုင်ဖို့ အပြတ် အသတ် ထိုးစစ်ဆင်နေတာဖြစ်လို့ တိုက်ပွဲက တော်တော်လေး ပြင်းထန်နေတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
စစ်အုပ်စုတပ်သည် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို ခံစစ်စခန်းအဖြစ် ပြင်ဆင်ပြီး ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်တွင် အာရက္ခတပ်တော် (AA) က အဓိကကျသည့် အမတ (၃၄၄) ကို ကြိုတင်ဖြတ်တောက် ထိုးစစ်ဆင်လိုက်ခြင်းလည်း ဖြစ်သည်။
“စစ်ကောင်စီက ရခိုင်တောင်ပိုင်းကို စစ်ကူပို့ဖို့ ပြင်နေတဲ့အချိန်မှာပဲ AA က အခုလို အမြောက်တပ်ကို ဖိတိုက်လိုက်တာက သူတို့ရဲ့ ထိုးစစ်လမ်းကြောင်းကို ဖြတ်တောက်လိုက်တဲ့ သဘောပါပဲ။ အခု ကျုံပျော် ခလရ (၃၆) ကလည်း စစ်ကူတွေ ထပ်ပို့နေတယ်လို့ သိရတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
စစ်အုပ်စုတပ်ဘက်မှလည်း ဂွ-ငါးသိုင်းချောင်း လမ်းပိုင်းကို စိုးမိုးနိုင်ရန်အတွက် အမတ (၃၄၄) အတွင်းသို့ အင်အားအမြောက်အမြား ဖြည့်တင်းထားပြီး အနီးဝန်းကျင်ရှိ သီတာကုန်းပြင်နှင့် နဂါးရစ်တောင်ကြောတလျှောက် စစ်ကြောင်းများခွဲ၍ စေလွှတ်လျက်ရှိသော်လည်း အဆိုပါစစ်ကြောင်းများမှာ ပတ်လည်ဝိုင်းထားသည့် AA တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်အုပ်စု တပ်သားအချို့မှာ ထွက်ပြေးမှုများလည်း ရှိနေသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အဆိုပါအမြောက်တပ်အတွင်း၌ ပုသိမ်အခြေစိုက် အနောက် တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းများအပြင် ကျုံပျော် ခလရ (၃၆)၊ ဖျာပုံ ခလရ (၉၈)၊ ဓနုဖြူ ခလရ (၁၀၈)၊ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁၄) နှင့် ဟင်္သာတ ခလရ (၁၈) စသည့် တပ်ရင်းများမှ ထုတ်နုတ်အင်အားများကိုပါ စုပြုံထည့်သွင်းထားကြောင်း သိရသည်။
အဆိုပါ အမှတ် (၃၄၄) အမြောက်တပ်ရင်းသည် ငါးသိုင်းချောင်းမြို့ စစ်ဆေးရေးဂိတ်နှင့် နှစ်မိုင်ခန့်သာ ကွာဝေးပြီး၊ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် နယ်မြေများသို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စု၏အဆိုပါ တပ်ရင်းများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်ဟု ဒေသခံ များထံမှ သိရသည်။


Leave a Reply