Author: Baby Yit Lone

  • ဖလမ်းတိုက်ပွဲ လက်နက် ၉ လက်နဲ့ စစ်သား ရုပ်အလောင်းအချို့ ချင်းပူးပေါင်းတပ်သိမ်းရ

    ဖလမ်းတိုက်ပွဲ လက်နက် ၉ လက်နဲ့ စစ်သား ရုပ်အလောင်းအချို့ ချင်းပူးပေါင်းတပ်သိမ်းရ

    ချင်းပြည်နယ်၊ဖလမ်းမြို့နယ်ထင်းရှူးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၉လက်နဲ့ စစ်သား ရုပ်အလောင်းအချို့ သိမ်းရတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

    ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF တပ်ဖွဲ့တွေနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    “လက်နက်၉လက်သိမ်းဆည်းရရှိခဲ့တယ်။ပြီးရင်ဒီမနက်မှာလည်း ဆက် လက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတုန်း စကစ ကျန်ရှိနေတဲ့သူတွေနဲ့ တိုက်ပွဲရှိတယ်။ စကစက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ စကစ နှစ်ယောက် အလောင်းတွေ့ရှိခဲ့တယ်။ နယ်မြေရှင်းလင်းရေး အပြီးမလုပ်နိုင်သေးဘူး။ အခု ပြောနေတဲ့ အချိန်မှာလည်း တိုက်ပွဲ ကရှိနေတယ်။ ချင်းတော်လှန်ရေးဘက်က ဒဏ်ရာရသူတွေရှိပါတယ်။ CDF KKG တယောက်က ကျဆုံးခဲ့တာပေါ့” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ ပြန်ရဖို့ ထိုးစစ်ဆင်လာတာကို CNA ၊ CDF တွေ ပါဝင်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်တွေ အတူပူးပေါင်း ခုခံတိုက်ခိုက်နေတာပါ။

    ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးသတင်းကို CNDF ကလည်း ဒီကနေ့ ဖေဖော်ဝါရီ ၂၂ရက်ကထုတ်ပြန်ခဲ့ရာ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦး သေဆုံးပြီး ၁ဦး အရှင်မိတယ်လို့ အသိပေးထားပါတယ်။

    “SAC တယောက် ကျနော်တို့ဆီ အလင်းဝင်ရောက်ရှိလာပါတယ်” လို့လည်း CNDFက ထုတ်ပြန်ထားပါတယ်။

    ဖလမ်းမြို့တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ တပ်ဖွဲ့ဝင်တွေ လက်နက်ချတာ။ စစ်ကြောင်းကနေ ထွက်ပြေးတာတွေ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ချင်းတော်လှန်ရေးတပ်တွေရဲ့ သတင်းထုတ်ပြန်ချက် အရ သိပါတယ်။

    စစ်ကောင်စီတပ်ဟာ ဖလမ်းအပါအဝင် ချင်းမြောက်ပိုင်း နယ်မြေတွေ ပြန်ရဖို့ စစ်အင်အား ထောင်ဂဏန်း အသုံးပြု ထိုးစစ်ဆင်နေတာ လေးလခန့်ရှိပြီဖြစ်ပြီး အထိအခိုက်များပြားလျက်ရှိပါတယ်။

    (ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထင်းရှူးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − Chinland News)

  • ရန်ကုန်ပကဖ ရဲဘော်များသည် တိုင်းစစ်ဌာနကြီး (၄) ခုနှင့်အတူ ရှေ့တန်းစစ်မျက်နှာပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိ

    ရန်ကုန်ပကဖ ရဲဘော်များသည် တိုင်းစစ်ဌာနကြီး (၄) ခုနှင့်အတူ ရှေ့တန်းစစ်မျက်နှာပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိ

    နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၏ ခရိုင်တိုက်ခိုက်ရေးတပ်ဖွဲ့အသီးသီးရှိ ရဲဘော်များသည် မြို့ပြပြောက်ကျားစစ်ဆင်ရေးများသာမက ယခုအခါ တိုင်းစစ်ဌာန (၄) ခုနှင့် ပူးပေါင်းကာ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးတွင် ကျရာတာဝန်ကို အားမာန်အပြည့်ဖြင့် ထမ်းဆောင်နေလျက်ရှိပါသည်။

    အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆင်နွှဲနေသော နွေဦးတော်လှန်ရေး အရှိန်အဟုန်သည် အဆုံးအဖြတ်ပေးမည့် ကာလများသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

    ထိုသို့သော အခြေအနေတွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) အနေဖြင့် မြို့ပြပြောက်ကျားစစ်ဆင်ရေးများသာမက ယခုအခါ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးသို့ ရောက်ရှိကာ တိုင်းစစ်ဌာန (၄) ခုဖြစ်သော: ရန်ကုန်တိုင်းစစ်ဌာန၊ အထူးတိုင်းစစ်ဌာန၊ ပဲခူးတိုင်းစစ်ဌာန နှင့် နေပြည်တော်တိုင်းစစ်ဌာန တို့မှ ရဲဘော်များနှင့်အတူ ပခုံးချင်းယှဉ်ကာ ကျရာကဏ္ဍအသီးသီးတွင် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်လျက်ရှိပါသည်။

    ရန်ကုန်ပကဖ ရဲဘော်များသည် မိမိတို့၏ ဘဝနှင့် သက်ဆိုင်ရာ အခွင့်အရေးများကို စွန့်လွှတ်ကာ တော်လှန်ရေးနယ်မြေ အသီးသီးတွင် စစ်ရေးဆိုင်ရာ တာဝန်များ၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး တာဝန်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်နေခြင်းမှာ ရန်ကုန်သားတို့၏ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် တော်လှန်ရေးစိတ်ဓာတ်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။

    ရှေ့တန်းရောက် ရဲဘော်တစ်ဦးက “ကျွန်တော်တို့ ရန်ကုန်သားတွေဟာ မြို့ထဲမှာတင် တော်လှန်နေတာမဟုတ်ဘဲ နယ်မြေဒေသအသီးသီးက တိုင်းရင်းသားညီအစ်ကိုတွေ၊ အခြား PDF ရဲဘော်တွေနဲ့အတူ ပခုံးချင်းယှဉ်ပြီး အဆုံးသတ်တိုက်ပွဲအထိ တိုက်ပွဲဝင်သွားမှာပါ” ဟု ၎င်း၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ပြောကြားခဲ့ပါသည်။

    ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ပြည်သူလူထု၏ အားကိုးယုံကြည်မှု၊ မဆုတ်မနစ်သောထောက်ပံ့မှုတို့ဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မဟာမိတ်တပ်ဖွဲ့များ၊ တိုင်းစစ်ဌာနများနှင့်အတူ လက်တွဲကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    အရေးတော်ပုံ မုချအောင်ရမည်!

    ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့

  • ဗန်းမော်က ခလရ(၂၃၆)ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်

    ဗန်းမော်က ခလရ(၂၃၆)ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ( ၂၃၆) တပ်ရင်းရဲ့ ကာကင်းစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

    ဖေဖော်ဝါရီ ၂၁ရက်မှာ ခလရ(၂၃၆)တပ်ရင်း ကာကင်းစခန်းကို သိမ်းရခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသိပေးပါတယ်။

    “လက်နက်တွေရတယ်။ တပ်ရင်းမှူး တယောက် ဒဏ်ရာရသွားတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

    ခလရ(၂၃၆)တပ်ရင်းကို KIA ပူးပေါင်းတပ်က ၂၀၂၅ ဖေဖော်ဝါရီမှာ ပထမအကြိမ် အပြီးသတ် သိမ်းပိုက်ခဲ့ပါသေးတယ်။

    နှစ်ကုန်ပိုင်းမှာတော့ စစ်ကောင်စီက ဗန်းမော်မြို့ကို စစ်အင်အားတွေ ပြန်ဖြည့်ပြီး တန်ပြန်ထိုးစစ်ဆင်ကာ KIA သိမ်းထားတဲ့နေရာအချို့ကို ပြန်နေရာယူထားတာဖြစ်ပါတယ်။ KIA အနေနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို တစ်နှစ်ကျော်ကြာတဲ့အထိ ဆက်လက်ဆင်နွှဲနေတာဖြစ်ပြီး အပြန်အလှန် ထိုးစစ်တွေ နဲ့ ကာလရှည်တိုက်ပွဲဖြစ်ပွားနေတာပါ။

    ဗန်းမော်မြို့မှာ အခုရက်ပိုင်း တိုက်ပွဲတွေ နေတိုင်းဖြစ်ပွားနေတာလို့လည်း စစ်ရေးသတင်ရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ ၀ိုင်းမော်မြို့နယ်မှာလည်း တိုက်ပွဲရှိကြောင်း အသိပေးပါတယ်။

    ကချင်ဒေသ စစ်ရေးအခြေအနေတွေကို KIO/KIA သတင်းပြန်ကြားရေး ဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

    တဖက်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ မနေ့က ဖေဖော်ဝါရီ ၂၁ရက်မှာ KIA တပ်မဟာ ၅ခုရဲ့ နယ်မြေက နေရာ ၅ခုထက်မနည်းကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

    (ဗန်းမော်မြို့က အမြောက်တပ်ရင်း သိမ်းပိုက်စဉ်က တွေ့ရတဲ့ KIAပူးပေါင်းတပ်တွေ။ ဓာတ်ပုံ − CJ)

  • ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်း

    ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်း

    ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်းယူပြီး မပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ဖမ်းဆီး

    ညောင်ရွှေတွင် လူငယ် ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်-မန္တလေး အမြန်လမ်းမ ၃၉ မိုင်ရှိ ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် စစ်တပ်က ခရီးသွားပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ အဆမတန် ငွေညှစ်မှုများ ပြုလုပ်နေသည့်အပြင် ငွေမပေးနိုင်သော လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ခရီးသည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။

    ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉ မိုင်မှ ပဲခူးမြို့၊ဘုရားကြီးဘက်သို့ ဆင်းသည့် အဝင် ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း တောင်းယူနေပြီး အထူးသဖြင့် မှတ်ပုံတင် ၅/၊ ၈/၊ ၉/၊ ၁၁/ ကိုင်ဆောင်ထားသူများကို ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၅ သောင်းကျော်အထိ ငွေညှစ်နေကြောင်း၊ ငွေမပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ချက်ချင်း ဖမ်းဆီးနေကြောင်း သိရှိရသည်။

    “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အန်ဇာတုံးကားမှာ ခရီးသည် ၁၅ ယောက်ပါတာကို တစ်ယောက် ၃ သောင်းနှုန်းနဲ့ ဂိတ်က တောင်းသွားတာ။ တောင်းပန်လို့လည်း မရဘူး။ အထက်လူကြီးက အမိန့်ထုတ်ထားတာလို့ အကြောင်းပြပြီး ပေါ်တင်ငွေညစ်နေတာ” ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

    အဆိုပါဂိတ်တွင် ငွေကြေးမပေးနိုင်သူများကို ခရီးသည်တင်ကားများပေါ်မှ ဆွဲချကာ ငွေဖြင့် လာရွေးရန် ယာယီ ဖမ်းဆီးထားကြောင်း၊ လာရွေးမည့်သူ မရှိသော လူငယ်များကို စစ်မှုထမ်းအဖြစ် စစ်ကားများဖြင့် ခေါ်ယူနေကြောင်း သိရှိရသည်။

    အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်တွင် လူငယ် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သင် တန်းကျောင်းသို့ ပို့ဆောင်ခံထားရကြောင်း ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

    ဖေဖော်ဝါရီလဆန်းပိုင်း ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်အပါအဝင် ရပ်ကွက်များအတွင်းအထိ ဝင်ရောက်ပြီး စစ်သားများက ပေါ်တာဆွဲဖမ်းဆီးခဲ့ရာ လူငယ် ၃၀ ဦးကျော်ဖမ်းဆီးခံရကြောင်း၊ အဆိုပါ လူငယ်များကို ရပ်စောက် မြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း၊ မိသားစုဝင်များက လိုက်လံရွေးယူရန်ကြိုးစား သော်လည်း ရွေးယူခံခြင်းမပြုဘဲ စစ်သင်တန်းကျောင်းသို့ ချက်ချင်းပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    “ပြီးခဲ့တဲ့ ရက်ပိုင်းက ညောင်ရွှေမြို့ပေါ်ရပ်ကွက်တွေထဲ ပေါ်တာဝင်ဆွဲတာ လူငယ် အယောက် ၃၀ ကျော် ပါသွားတယ်။ ပေါ်တာဆွဲပြီးပြီးချင်း ရပ်စောက်ဘက်ကို တန်းပို့ပစ်တာ။ နန္ဒဝန်ရပ်ကွက်က လူငယ်တွေ အများဆုံးပါတယ်။ ပြီးတော့ ညောင်ရွှေမှာ နာမည်ကြီး တို့ဟူးကြော်ဆိုင်ကလူငယ် တစ်ဦးလည်း ပါသွားတယ်၊ ညတွင်း လိုက်ညှိတာ မရခဲ့လိုက်ဘူး။ ပြီးတော့ ရန်ကုန်၊ မန္တလေးဘက် ကနေ ပေါ်တာဆွဲလာတဲ့ လူငယ်တွေကို ပင်လောင်းနဲ့ ဟိုပုံးဘက်က စစ်သင်တန်းကျောင်းတွေမှာ ပို့ထားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြော ကြားသည်။

    အကြမ်းဖက်စစ်တပ်က ယခု ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၂ ကို ဖွင့်လှစ်ပြီး လာမည့် မတ်လတွင် စစ်မှုထမ်း အပတ်စဉ် ၂၃ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

  • ဂျော်ဒန်အခြေစိုက်စခန်းတွင် အမေရိကန်လေယာဉ် ဒါဇင်များစွာ အင်အားဖြည့်တင်းထား

    ဂျော်ဒန်အခြေစိုက်စခန်းတွင် အမေရိကန်လေယာဉ် ဒါဇင်များစွာ အင်အားဖြည့်တင်းထား

    ဂျော်ဒန်အလယ်ပိုင်းရှိ အခြေစိုက်စခန်းတခုသည် အီရန်အပေါ် အမေရိကန်စစ်တပ်၏ ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စီစဉ်ရာ အဓိကဗဟိုချက်တခု ဖြစ်လာကြောင်း ဂြိုဟ်တုပုံရိပ်အသစ်များနှင့် ပျံသန်းမှုခြေရာခံဒေတာများက ပြသနေသည်။

    ဂျော်ဒန်နိုင်ငံရှိ စစ်အခြေစိုက်စခန်းတခုတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ က တိုက်လေယာဉ်များကို ဘယ်ဘက်နှင့် အပေါ်ဘက်တို့တွင် လည်းကောင်း၊ ရဟတ်ယာဉ်များကို ညာဘက်တွင် လည်းကောင်း တွေ့မြင်ရစဉ်။ (Airbus)

    သောကြာနေ့က ရိုက်ကူးထားသော ပုံရိပ်များအရ Muwaffaq Salti ခေါ် အခြေစိုက်စခန်းတွင် တိုက်ခိုက်ရေးလေယာဉ် အစင်း ၆၀ ကျော် ရပ်နားထားပြီး ပုံမှန်ရှိနေသော ဂျက်လေယာဉ်အရေအတွက်ထက် သုံးဆခန့် ပိုများသည်။ လေယာဉ်ခြေရာခံဒေတာများအရ တနင်္ဂနွေနေ့မှစ၍ ကုန်တင်လေယာဉ် ၆၈ စင်းထက်မနည်း သည် ထိုအခြေစိုက်စခန်းတွင် ဆင်းသက်ခဲ့သည်။ အမိုးအကာများအောက်တွင်လည်း အခြားသော တိုက်လေယာဉ်များ ထပ်မံရှိနေနိုင်သေးသည်။

    ဓာတ်ပုံ – ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိနေသော F-35 ကိုယ်ပျောက်တိုက်လေယာဉ်အချို့ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ က တွေ့ရစဉ်။ (Airbus)

    ဂြိုဟ်တုဓာတ်ပုံများတွင် ပုံမှန်တွေ့ရလေ့ရှိသော လေယာဉ်များနှင့်မတူဘဲ F-35 အဆင့်မြင့်ကိုယ်ပျောက်တိုက်လေယာဉ်များ အပါအဝင် ပိုမိုခေတ်မီသော လေယာဉ်များကို တွေ့ရသည်။ ဒရုန်းများနှင့် ရဟတ်ယာဉ် အမြောက်အမြားကိုလည်း တွေ့ရှိရသည်။

    စစ်သည်များသည် အီရန်နိုင်ငံမှ ပစ်ခတ်လာနိုင်သည့် ဒုံးကျည်များရန်မှ ကာကွယ်ရန်အတွက် အဆိုပါအခြေစိုက်စခန်းတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်များကိုလည်း တပ်ဆင်ထားကြသည်။

    ဓာတ်ပုံ – အမိုးအကာများအောက်၌ တိုက်လေယာဉ်ဟု ယူဆရသော လေယာဉ်အချို့ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ က တွေ့ရစဉ်။ (Airbus)

    အဆိုပါ အမေရိကန်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများသည် အမေရိကန်နှင့် ချုပ်ဆိုထားသော ကာကွယ်ရေးသဘောတူညီချက်အရ တပ်ဖြန့်ထားခြင်းဖြစ်ကြောင်း စစ်ဆင်ရေးဆိုင်ရာ အမည်မဖော်လိုသော ဂျော်ဒန်အရာရှိများက ပြောသည်။

    ဂျော်ဒန်ရှိ အခြေစိုက်စခန်း ပြောင်းလဲမှုများသည် ဒေသတလျှောက် အမေရိကန် စစ်တပ်တိုးချဲ့မှု တစိတ်တပိုင်းဖြစ်ပြီး အီရန်၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ လုပ်ဆောင်နေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ သောကြာနေ့တွင် သမ္မတထရမ့်က အီရန်နှင့် သဘောတူညီချက်ရရေး ဖိအားပေးရန်အတွက် အကန့်အသတ်ရှိသော စစ်ရေးတိုက်ခိုက်မှုတခု ပြုလုပ်ရန် စဉ်းစားနေကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဓာတ်ပုံ – ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ကတွေ့ရစဉ်။ (Airbus)

    အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများက ဒေသတွင်း စစ်ပွဲ မဖြစ်အောင် သဘောတူညီချက်တခု ရရှိလာမည်ဟု မျှော်လင့်ကြောင်ဂျော်ဒန်အရာရှိများက ပြောသည်။ ပြီးခဲ့သည့်လက ဂျော်ဒန်အရာရှိများအပြင် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ကလည်း ထိုဆွေးနွေးပွဲများကို ချီးကျူးပြောဆိုခဲ့ပြီး မိမိတို့ နယ်မြေမှ အီရန်ကို တိုက်ခိုက်ရန် ခွင့်မပြုကြောင်း အတိအလင်း ပြောထားသည်။