Author: Baby Yit Lone

  • စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံး​​ဈေး စံချိန်တင်မြင့်တက်

    စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံး​​ဈေး စံချိန်တင်မြင့်တက်

    စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းစျေးတွေ ဒီဇယ်တစ်လီတာကို ကျပ် ၅၀၀၀နီးပါးအထိ စံချိန်တင်မြင့်တက်လာတယ်လို့ မော်တော်ယာဥ်မောင်းတွေက ပြောပါတယ်။

    အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၇၈၀ကနေ ကျပ် ၁၂၆၀အထိ စျေးတက်ခဲ့တာဖြစ်ပါတယ်။

    ဒီကနေ့(မတ်လ ၂၀ ရက်)ရန်ကုန်အထိုင် စက်သုံးဆီစျေးအရဓာတ်ဆီ 92တစ်လီတာက ၃,၆၁၀ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၃,၈၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၂၀ကျပ် ဖြစ်ပါတယ်။

    အခု စက်သုံးဆီစျေးက ပြည်တွင်းစက်သုံးဆီစျေးသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် တိုက်ရိုက်သက််ရောက်မှုတွေနဲ့အတူ အခြေခံလူထုက ကြပ်တည်းမှုတွေ ထပ်ဆင့်ပိုကြုံရလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

    “စက်သုံးဆီ အားလုံးနီးပါးက အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက်ကို စျေးတက်သွားတယ်။ဒါဟာ စျေးကွက်ကို ပါ ချက်ချင်းသက်ရောက်လိမ့်မယ်”လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီရဲ့ စက်သုံးဆီရည်ညွှန်းစျေးက သုံးပတ်ဆက် မြင့်တက်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်ကထက် ဒီကနေ့ သတ်မှတ်စျေးကြားမှာ တစ်လီတာ ကျပ် ၁၃၀၀ကနေ ၂၀၀၀ကျပ်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။

    “အခု ဆီစျေးနဲ့ရတဲ့ ဝင်ငွေနဲ့ဆို ဘီးလှိမ့်ဖို့တောင် စိတ်မကူးရဲဘူး။အရေးပေါ်ရှိမှပဲ သုံးလို့ရမှာ “လို့ မြောက်ဒဂုံမြို့နယ်က ယာဥ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    ဆီဆိုင်တွေမှာဆီဝယ်ဖို့ကား​တွေ နာရီ​ပေါင်းများစွာတန်းစီ​ပေမယ့် ည ၈ နာရီဆို ဆိုင်​တွေက ပိတ်လို့အခက်အခဲဖြစ်ရတယ်လို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

    ဒါ့အပြင် ရန်ကုန်မြို့ထက်မန္တလေးအပါအဝင် နယ်မြို့တွေမှာ စက်သုံးဆီအခက်အခဲက နေ့စဥ် ပို ဆိုးရွားလာပြီး စက်သုံးဆီစျေးတွေ အဆမတန်စျေးပေးပြီးဝယ်ယူနေရတယ်လို့ သိရပါတယ်။

    မော်တော်ယာဥ်တွေကို တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီရောင်းချဖို့ နဲ့ စုံ/မရက်အလိုက် ထွက်ခွင့်ရမယ့် စစ်တပ်က စက်သုံးဆီနဲ့ပတ်သက်လို့ ကန့်သတ်ထားတာကြောင့် မော်တော်ယာဥ် အသုံးပြုရသူတွေ အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။

    အဲဒါအပြင် လေကြောင်းလိုင်းတွေနဲ့ စီးပွားရေးအသင်းအဖွဲ့တချို့က စက်သုံးဆီရရှိမှုအတွက် လုပ်ငန်းပိုင်း လျှော့ချတာ၊ရပ်နားလိုက်တာတွေ ရှိနေပါတယ်။

    ရက်ရှည်လာတဲ့အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တစ်စည်စျေးတွေကလည်း လေးနှစ်အတွင်း အမြင့်ဆုံး စျေးဖြစ်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်က ရေနံတစ်စည် ဒေါ်လာ ၆၀ နဲ့ ၇၀ ဝန်းကျင်ကနေ အခုချိန်မှာ ဒေါ်လာ ၁၀၀ ကျော်လာပါတယ်။

    စက်သုံးဆီ ဝယ်ယူရရှိမှုခက်လာလို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ခရီးစဥ်ပြေးဆွဲဖို့ ခက်ခဲသလို လက်မှတ်စျေးတွေလည်းတက်

    စက်သုံးဆီ ရရှိမှုအခက်အခဲနဲ့ စျေးနူန်းမြင့်တက်လာတဲ့အခြေအနေတွေကြောင့် ပြည်တွင်းအပန်းဖြေခရီးစဥ် package လက်မှတ်စျေးနူန်းတွေမြင့်တက်လာပြီး ခရီးစဥ်ပြေးဆွဲဖို့ ခက်ခဲတဲ့ အခြေအတွေ ဖြစ်ပေါ်နေတယ်လို့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေဆီက သိရပါတယ်။

    စက်သုံးဆီ ဝယ်ယူရာမှာ အကန့်အသတ်နဲ့သာ ရရှိနေတဲ့အတွက် ဒီမတ်လအတွင်း ပြေးဆွဲမယ့် ပြည်တွင်းအပန်းအဖြေ ခရီးစဥ်တွေကိုပင် ပြေးဆွဲနိုင်ခြင်းရှိမရှိ အတိကျ မပြောနိုင်တဲ့ အခြေအနေ ဖြစ်​နေတယ်လို့ သိရပါတယ်။

    ” စက်သုံးဆီစျေး ဒီလောက်တက်လာမှတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘဲ တက်ရတာပါ ။ နောက်ပြီး ဆီကလည်း ခက်ခဲနေတယ် ။ ဆီရမှသာ ခရီးစဥ်က သွားလို့ရမှာလေ ။ ခရီးစဥ်က ဒီလတွေက သွားသူများကြတယ်။ ဆီက အကန့်အသတ်နဲ့ပဲရတော့ ကိုယ်သွားမယ့် ခရီးစဥ် ၊လမ်းကြောင်း အခြေအနေနဲ့တွက်ပြီး လုပ်နေရတယ်။ ဆီမလောက်ရင် စီစဥ်ထားတဲ့ ခရီးစဥ်တွေက ယာယီရပ်တာတို့ ရက်ရွှေ့တာတို့ လုပ်ရမယ့်အခြေအနေပါ ။ ခရီးစဥ်တွေကတော့ ရောင်းထားပြီးပြီ။ သတ်မှတ်ရက် ထွက်ဖြစ်မလား မထွက်နိုင်ဘူးလားဆိုတာကို ရက်ကြိုပြီး အကြောင်းကြားပေးသွားမှာပါ ။ ဆီလွယ်လွယ်ကူကူဝယ်လို့ရဖို့ လိုအပ်နေပါတယ်။ ” လို့ ပြည်တွင်း ခရီးသွားလုပ်ငန်းတခုရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

    လက်ရှိမှာ ခရီးစဥ်ပက်ကေ့ချ်စျေးနူန်းတွေအနေနဲ့ ခရီးစဥ်တခုကို ၁၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်လောက်အထိ စျေးတက်လာပြီး စက်သုံးဆီ ဝယ်ယူရာမှာလည်း လိုအပ်သလောက် ဝယ်ယူလို့မရဘဲ အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ခရီးစဥ်ပြေးဆွဲနိုင်ဖို့ အခက်အခဲ ကြုံနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။

    စက်သုံးဆီစျေး အတက်အကျပေါ်မူတည်ပြီး ခရီးစဥ်ပက်ကေ့ချ်စျေးနူန်းက အပြောင်းအလဲ ဖြစ်နိုင်ကြောင်းကို ခရီးသွားလုပ်ငန်းတွေက အသိပေးထားပြီး လက်မှတ်ဝယ်ဖို့အတွက် စရံငွေပေးသွင်းထားသူတွေကိုတော့ စျေးနူန်းမြင့်တက်တောင်းခံမှာမဟုတ်ဘဲ အရင်စျေးနူန်းတွေအတိုင်းသာ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

    ” ဆီစျေးကဒီနေ့ဆို တော်တော်လေး တက်လာတယ်။ ဆီစျေးကျရင် ပက်ကေ့ချ်လက်မှတ်စျေးတွေလည်း ပြန်ချပေးမှာပါ ခင်ဗျ။ အခု စျေးတက်တာကလည်း စရံမပေးရသေးသူတွေကတော့ အတက်စျေးဝယ်ရမှာပါ ။ ကျွန်တော်တို့လည်း အဆင်မပြေလို့ တက်ရတာပါ။ ” လို့ Travel & Tour လုပ်ငန်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

    စက်သုံးဆီကို အဆင်ပြေပြေနဲ့ လိုအပ်သလောက် ဝယ်ယူလို့ မရရှိပါက ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြေးဆွဲနိုင်တဲ့ ခရီးစဥ်ဒေသတွေ လျော့သွားနိုင်မယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

    လက်ရှိကာလက နွေရာသီကျောင်းပိတ်ရက်ဖြစ်တာနဲ့အညီ ပြည်တွင်းဘုရားဖူးခရီးစဥ် ၊ အပန်းဖြေခရီးစဥ် သွားလာသူတွေများကြောင်း လာမယ့် ဧပြီလမှာဆိုရင်လည်း သင်္ကြန်ကာလအတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

    ” လေးလပိုင်းအတွက် ပက်ကေ့ချ်ဝယ်ထားတယ်။ ပုဂံခရီးစဥ်ပါ ။ ခရီးသွားလုပ်ငန်းဘက်က ပြောတာတော့ ခရီးစဥ် မတိုင်ခင် လေးရက်၊ငါးရက်ကြို အကြောင်းပြန်ပေးမယ်ပြောတယ်။ ဆီဝယ်ရခက်နေလို့ပြောတယ်။ ” လို့ ခရီးထွက်ဖို့ ပြင်ဆင်ထားတဲ့ ရန်ကုန် နေထိုင်သူ တယောက်က ပြောပါတယ်။

    အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် စက်သုံးဆီလိုအပ်ချက်ရှိလာပြီး ပြည်တွင်းမှာ စက်သုံးဆီ စျေးနူန်းက ဆက်တိုက်မြင့် တက်လာတာဖြစ် လို ဆီဝယ်ယူရရှိမှုကလည်း အကန့်အသတ်နဲ့သာ ရရှိတဲ့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းတွေ အခက်အခဲ ကြုံနေရတာ ဖြစ်တယ်လို့ သိရပါတယ် ။

    ပြည်တွင်းအပန်းဖြေခရီးစဥ်စျေးနူန်းတွေ မြင့်တက်လာသလို ခရီးသည်တင်အဝေးပြေးယာဥ်လိုင်း စျေးနူန်းတွေလည်း ထက်ဝက်လောက်နီးပါး မြင့်တက်လာတယ်လို့ သိရပါတယ်။

  • ကပစ(၂၁)ကို သွယ်တန်းထားတဲ့ မီးတိုင်တွေကို ပြုပြင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ

    ကပစ(၂၁)ကို သွယ်တန်းထားတဲ့ မီးတိုင်တွေကို ပြုပြင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ

    ကပစ(၂၁)ကို သွယ်တန်းထားတဲ့ မီးတိုင်တွေကို ပြုပြင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ

    မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ စီဆွဲကျေးရွာမှာ ၃ လနီပါး အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းအတွက် ရိက္ခာလာပို့တဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စလင်းမြို့နယ် တညောင် လျှပ်စစ်ဓာတ်အားခွဲရုံကနေ ကပစ(၂၁)ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေကို တော်လှန်ရေးအဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးထားရာ ပြုပြင်ဖို့အတွက် စီဆွဲကျေးရွာမှာ အင်အား ၃၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အဆိုပါစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါး အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အဆိုပါစစ်ကြောင်းကို ရိက္ခာလာပို့တဲ့ စစ်ကော်မရှင်တပ် ယာဉ်တန်းကို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားကာ မိုင်းနင်းမိပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    မတ်လ ၁၆ ရက်နေ့မှာလည်း ၃ လကြာ အထိုင်ချတပ်စွဲထားပြီး ဓာတ်တိုင်တွေကို ပြုပြင်နေတဲ့ အဆိုပါစစ်ကြောင်း ပြန်လည်ဆုတ်ခွာလာစဉ် စလင်း (ပကဖ) ဇုန် ၃ နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးမှုတွေနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တပ်စွဲခဲ့တဲ့ ကျေးရွာတွေကို တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် ခြေနင်းမိုင်း ၃၀ ခန့်ကို တူးဖော်ရရှိခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသုံးစွဲထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုရပါတယ်။

    အဆိုပါတိုက်ခိုက်မှုတွေကို စလင်းမြို့နယ်(ပကဖ)၊ စလင်းမြို့နယ်(ပကဖ) ဇုန် ၃၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ Ayar Brother LPDF နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

  • Follower တစ်သိန်းရှိသော Creator များကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ နှင့် Follower တစ်သန်းထက် ကျော်သူများကို တစ်လလျှင် ဒေါ်လာ ၃၀၀၀ အထိပေးရန် Meta စီစဉ်

    Follower တစ်သိန်းရှိသော Creator များကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ နှင့် Follower တစ်သန်းထက် ကျော်သူများကို တစ်လလျှင် ဒေါ်လာ ၃၀၀၀ အထိပေးရန် Meta စီစဉ်

    Follower တစ်သိန်းရှိသော Creator များကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ နှင့် Follower တစ်သန်းထက် ကျော်သူများကို တစ်လလျှင် ဒေါ်လာ ၃၀၀၀ အထိပေးရန် Meta စီစဉ်

    Follower တစ်သိန်းနှင့် တစ်သန်းထက်ကျော်လွန်သော Creator များအနေဖြင့် အမေရိကန် ဒေါ်လာ ထောင်ဂဏန်းအထိ ရရှိနိုင်မည့် အခွင့်အရေး တစ်ခုကို Meta ကုမ္ပဏီက Creator Fast Track အစီအစဉ်ဖြင့် မိတ်ဆက်ထားသည်။

    Meta ကုမ္ပဏီက Creator Fast Track အစီအစဉ်မှာ TikTok နှင့် YouTube မှ နာမည်ကျော် Content Creator များကို Facebook ပေါ်သို့ ဆွဲဆောင်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

    အခြားလူမှုကွန်ရက်များတွင် Follower အခိုင်အမာရရှိထားသော နာမည်ကြီး Creator များမှာ Facebook ပေါ်မှ လစဉ်ကြေးပုံမှန်ရရှိမည်နှင့် ၎င်းတို့၏ ရုပ်သံဗီဒီယိုများကို Facebook ပေါ်တွင် လူကြည့်ပိုများလာစေရန် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

    Instagram၊ TikTok နှင့် YouTube တို့တွင် Follower အနည်းဆုံး တစ်သိန်းရှိသော Creator များကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးသွားမည်ဖြစ်ပြီး Follower တစ်သန်းထက်ကျော်သူများကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ အထိ ပေးသွားမည်ဟု Meta က ဆိုသည်။

    Facebook မဟုတ်သော အခြား လူမှုကွန်ရက် ပလက်ဖောင်များတွင် အောင်မြင်နေသည့် Creator များမှာ Facebook တွင် အစကနေ ပြန်စတင်ရနိုင်ကြောင်း ထင်မြင်ချက်ကို ဖြေရှင်းခြင်းဖြစ်သည်ဟု Facebook Creators ၏ ထုတ်ကုန်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ယာအီယာ လစ်ဗ်နေးက ပြောသည်။

    “တခြားပလက်ဖောင်းတွေမှာ အောင်မြင်နေတဲ့ Creator တွေဆီကနေ ကျွန်တော်တို့ ကြားသိရတာကတော့ Facebook မှာ အသစ်ကနေ ပြန်စရမှာကို ခက်ခဲမယ်လို့ ထင်နေကြတာ ဒါမှမဟုတ် စိုးရိမ်နေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ဟာ အဲဒီလို လိုအပ်ချက်တွေကို တကယ်တမ်း ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်တာပါ” ဟု ယာအီယာ လစ်ဗ်နေးက ပြောကြားခဲ့သည်။

    Meta ၏ Creator Fast Track အစီအစဉ်မှာ ငွေပေးချေမှုကို ၃ လသာ သတ်မှတ်ထားသော်လည်း Creator များအနေဖြင့် Facebook ပေါ်တွင် နောက်ထပ် ဝင်ငွေရှာနိုင်သည့် Content Monetization အစီအစဉ်တွင် ဆက်လက်ပါဝင်ခွင့် ရရှိမည်ဟု သိရသည်။

    Creator များ၏ Content များကိုလည်း လူကြည့်များလာစေမည့် Reach Boost ကိုမူ ရာသက်ပန် ရရှိမည်ဖြစ်ကြောင်း Facebook Creators ၏ ထုတ်ကုန်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ယာအီယာ လစ်ဗ်နေးက ပြောသည်။

    ယခုအစီအစဉ်တွင် ပါဝင်ခွင့်ရရှိရန်အတွက် Creator များအနေဖြင့် ရက်ပေါင်း ၃၀ အတွင်း Facebook ပေါ်တွင် Reels ဗီဒီယို အနည်းဆုံး (၁၅) ခုကို တင်ရမည်ဖြစ်ပြီး ထိုဗီဒီယိုများကို အနည်းဆုံး ၁၀ ရက်ခွဲ၍ တင်ရမည်ဖြစ်သည်။

    တင်ထားသော Content များကိုလည်း Facebook တစ်ခုတည်းမှာပင် တင်ရမည်ဟု ကန့်သတ်မထားဘဲ TikTok နှင့် YouTube ကဲ့သို့ အခြားပလက်ဖောင်းများတွင်လည်း ပြန်တင်နိုင်ကြောင်း သိရသည်။

    ထို့ပြင် ယခု အစီအစဉ်တွင် AI ဖြင့် ဖန်တီးထားသော Content များလည်း အကျုံးဝင်ပြီး တင်ထားသည့် Content များမှာ ဖန်တီးသူ၏ ကိုယ်ပိုင်မူရင်းလက်ရာ (Original Content) ဖြစ်ရမည်ဟု ဆိုသည်။

    ၂၀၂၅ ခုနှစ်အတွင်း Creator များအတွက် ဒေါ်လာ ၃ ဘီလီယံနီးပါး ပေးချေခဲ့ကြောင်းနှင့် ယင်း ပမာဏသည် ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်း ဖြစ်ကြောင်း Meta ကုမ္ပဏီ၏ ထုတ်ပြန်ထားသည်။

    Reels ဗီဒီယိုများအတွက် စုစုပေါင်း ပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပေးခဲ့သလို ကျန်ရှိသော ပမာဏကို အခြား format များအတွက် ခွဲဝေပေးခဲ့ကြောင်းလည်း Meta ဆိုသည်။

    Facebook တွင် အသုံးပြုသူပေါင်း ၃ ဘီလီယံ ကျော်ရှိသော်လည်း TikTok နှင့် YouTube ဘက်သို့ အာရုံစိုက်သွားကြသည့် Creator များကို ဆွဲဆောင်ရန်အတွက် ကာလရှည်ကြာ ရုန်းကန်ခဲ့နေရဆဲဖြစ်သည်။

    Ref: CNBC News

  • NUG လက်အောက်ခံ ယင်းမာပင်ခရိုင် (၃၅) တပ်ရင်းစခန်း စီးနင်းခံရ

    NUG လက်အောက်ခံ ယင်းမာပင်ခရိုင် (၃၅) တပ်ရင်းစခန်း စီးနင်းခံရ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို စစ်ကော်မရှင်တပ်က စီးနင်းမီးရှို့သွား၍ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ်များ ဆုံးရှုံးသွားကြောင်း ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းက ယမန်နေ့ (မတ်လ ၁၉ ရက်) တွင် ထုတ်ပြန်သည်။

    စစ်ကော်မရှင်တပ်ဖွဲ့ သည် ၎င်းတို့ စခန်း ရှိရာနေရာကို မတ်လ ၇ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် စခန်းကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

    “စစ်တပ်ဆီ ခိုလှုံသွားတဲ့ BNRA မှ ဗိုလ်နဂါးတပ်ဖွဲ့ဝင်တချို့ရဲ့ဦးဆောင်လမ်းပြမှုနဲ့ မိမိတို့ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) က စီးနင်းခံရပေမဲ့ သတင်းလက်ဦးမှု ရခဲ့တဲ့အတွက် ရဲဘော်တွေက အထိအခိုက် မရှိဘဲ ဘေးကင်းစွာ ရွှေ့ ပြောင်းနိုင်ခဲ့ပါတယ်” ဟု တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    တပ်ဖွဲ့များအနေဖြင့် ရှေ့တန်းစစ်မျက်နှာတွင် ရင်ဆိုင်နေရချိန် ဖြစ်သည့်အတွက် ပြန်လှန်ခုခံနိုင်ခြင်းမရှိသော်လည်း နောက်ချန်အင်အားအနည်းငယ်ဖြင့် စခန်းအတွင်းရှိ အရေးကြီးပစ္စည်းတချို့ကို သယ်ယူနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) က ဆိုသည်။

    သို့သော် စခန်းအတွင်းရှိ အဆောင်များ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အသုံးပြုသည့် အသုံးအဆောင် ပစ္စည်းများ၊ ဆိုင်ကယ်ငါးစီးနှင့် ထုတ်လုပ်ရေးပစ္စည်းများ မီးရှို့ခံလိုက်ရကြောင်း ဆိုသည်။

    “အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ကျွန်တော်တို့ရဲ့စခန်းကိုသာ မီးရှို့ဖျက်ဆီးခဲ့လို့ ရနိုင်ပေမဲ့ လူထု လိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နဲ့ တရားမျှတမှုကို ပြန်လည်ရယူပေးမယ့် ကျွန်တော်တို့ရဲ့ တည်ကြည်ခိုင်မာတဲ့ စိတ်ဓာတ်ကို မီးရှို့ ဖျက်ဆီးလို့ မရကြောင်း ပြည်သူလူထုကို အသိပေးပါတယ်” ဟု ယင်မာပင်ခရိုင်တပ်ရင်း (၃၅) က ပြောဆိုထားသည်။

    ယင်းမာပင်ခရိုင်ထဲပါဝင်သော ပုလဲမြို့နယ်အခြေစိုက်သည့် BNRA အဖွဲ့ ခေါင်းဆောင်ဗိုလ်နဂါး နှင့် တပ်ဖွဲ့ ဝင် တချို့သည် စစ်ကော်မရှင်တပ်နှင့်ပူးပေါင်းသွားပြီးနောက် အခြားသော တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းတည်နေရာများပါ ပေါက်ကြားနိုင်ကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများကိုပြုလုပ်ထားရန် တော်လှန်ရေး တပ်ဖွဲ့ များက တပ်လှန့်ထားခြင်းများ ရှိခဲ့သည်။

    လက်ရှိအချိန်မှာလည်း BNRA တပ်ဖွဲ့ အခြေစိုက်ခဲ့ရာ ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာနှင့် အနီးတဝိုက်နေရာများကို စစ်ကော်မရှင်တပ်ဖွဲ့ က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် နီးပါးတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

    ဓာတ်ပုံ -ယင်းမာပင်ခရိုင် (၃၅) တပ်ရင်းစခန်း မတ် ၇ ရက်နေ့တွင် စီးနင်းမီးရှို့ခံရပြီးနောက်မြင်ကွင်း

  • ဓနုဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ

    ဓနုဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ

    🚌 ဓနုဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ

    ​ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအနီးတွင် မတ်လ ၁၉ ရက် နံနက် ၉ နာရီခန့်က ခရီးသည်တင်မှန်လုံယာဉ် နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ​ဖြစ်စဉ်အသေးစိတ်

    ​တိုက်မိသည့်ယာဉ်များ – ကျုံပျော်မှ ရန်ကုန်သို့မောင်းနှင်လာသော “သူရထွန်း” ခရီးသည်တင်ယာဉ်နှင့် ရန်ကုန်မှ ကြံခင်းသို့မောင်းနှင်လာသည့် “ရတနာ” ခရီးသည်တင်ယာဉ်တို့ ဖြစ်သည်။

    ​ဖြစ်ပွားသည့်နေရာ – ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအနီး။

    ​ထိခိုက်မှုအခြေအနေ – ယာဉ်နှစ်စီးစလုံး လမ်းဘေးသို့ ထိုးကျသွားခဲ့ပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သည်။

    ​ကူညီကယ်ဆယ်ရေး

    အဆိုပါဖြစ်စဉ်နေရာသို့ လပြည့်ဝန်းပရဟိတအသင်း၊ ဓနုဖြူမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီခဲ့ကြသည်။

    ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးထားကြောင်း သိရသည်။

    ​”ကျွန်တော်တို့အသင်းက ကလေးတွေ သွားရောက်ကူညီပေးခဲ့တယ်။ ဒဏ်ရာရလူနာတွေရှိပါတယ်။ ကျွန်တော်တို့အသင်းက ဒဏ်ရာရတဲ့သူတစ်ဦးကို ဆေးရုံပို့ပေးခဲ့တယ်” ဟု လပြည့်ဝန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ​ခရီးသွားမိဘပြည်သူများအနေဖြင့်လည်း လမ်းခရီးတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။