တီးတိန်မှာ စစ်တပ်က ဗုံးကြဲလို့ PDF ZOLAND ရဲဘော် ၇ ဦး ကျဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်တပ်က ဗုံးကြဲလို့ PDF Zoland ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မေလ ၆ ရက်၊ ညနေ ၄ နာရီခန့်မှာ တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာမှာရှိတဲ့ AG ဘုရားကျောင်း အနီးကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီဘုရားကျောင်းအနားမှာရှိနေတဲ့ PDF Zoland မှ အမျိုးသမီးရဲဘော် ၅ ဦးနဲ့ အမျိုးသားရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ရှေ့တန်းအတွက် ထမင်းဟင်းချက်ပို့ဖို့ ပြင်ဆင်နေကြတာပါ။ အလစ်အငိုက်လည်း ဖြစ်သွားတယ်။ ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲတာ။ တလုံးကွဲတယ်။ နောက် နှစ်လုံးက မကွဲဘူး။ နေရာသိသွားလို့ ဒရုန်းနဲ့ ဗုံးလာကြဲတယ်လို့ ယူဆရပါတယ်” လို့ PDF Zoland မှ ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထမင်းဟင်းချက်တဲ့နေရာမှာ ရှိနေတဲ့ ဖူနွမ်းကျေးရွာမှာ ရှိနေတဲ့ ပြည်သူ ၃ ဦးလည်း သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သူက‌ ဆက်ပြောပါတယ်။

“ညနေ ၅ နာရီလောက်မှာ ဒရုန်းနဲ့ နောက်တကြိမ် လာချပါတယ်။ ဒီတခါမှာတော့ ဘုရားကျောင်းတခုလုံး ဗုံးကြောင့် မီးလောင်ပျက်စီးခဲ့တယ်” လို့ PDF Zoland မှ ရဲဘော်တစ်ဦးက ပြောပါတယ်။

အဲဒီဗုံးကြဲခံရမှုမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များအတွက် ချင်းပြည်မြောက်ပိုင်း၊ တွန်းဇံမြို့မှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF Tonzang နဲ့ CDF Tonzang Supporter များက ဝမ်းနည်းကြေကွဲကြောင်း ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့ကို ချင်းပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာ မေလ ၂ ရက်နေ့ကစပြီး ကလေးမြို့ကနေ တီးတိန်မြို့ကို စစ်တပ်က စစ်‌အင်အားဖြည့်တင်းဖို့ စစ်ကြောင်းတက်လာနေပြီး ချင်းပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေလျက် ရှိပါတယ်။

မေလ ၅ ရက်နေ့ကလည်း ဒေသတွင်း စစ်ရေးစိုးမိုးမှုနဲ့ ဆက်သွယ်ရေးတွေအတွက် အချက်အချာကြတဲ့ အသံလွှင့်တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစခန်းတွေ အခြေစိုက်တဲ့ နေရာဖြစ်တဲ့ တီးတိန်မြို့နယ်ထဲကနေ ဒီတောင်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ထားပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *